DVB Logo
Home
Lead Story
တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ
DVB
·
July 3, 2020
တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ
Donate to DVB

သားဆက်ခြားနည်းတစ်ခုဖြစ်တဲ့ တားဆေးကပ်ခွာ အသုံးပြုတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေနဲ့ အမေးများတဲ့ မေးခွန်းတွေကို ပြောပြပေးချင်ပါတယ်။

တားဆေးကပ်ခွာသုံးပြီး သန္ဓေတားနည်းက နည်းလမ်းမှန်မှန်သုံးမယ်ဆို ၉၉% အထိ သန္ဓေတားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ တစ်ပတ်ကိုတစ်ကြိမ်ပဲ လဲလှယ်ဖို့လိုတာမို့ သုံးရတာရိုးရှင်းပြီး  ထိရောက်မှုလည်း အားကောင်းတဲ့အတွက် အတော်များများသုံးလာကြပါပြီ။ ဒါပေမဲ့ တားဆေးကပ်ခွာကို မှန်မှန်ကန်ကန်သုံးတတ်မှ ထိရောက်တာကြောင့် ဒီဆောင်းပါးလေးမှာ အသုံးပြုနည်းအသေးစိတ်နဲ့ တစ်ခုခုမှားယွင်းသွားရင် လုပ်ဆောင်ရမှာလေးတွေကို ပြောပြ ပေးပါ့မယ်။

တားဆေးကပ်ခွာကို ဘယ်နေရာမှာကပ်မလဲ


အရေပြားကသန့်ရှင်းမှုရှိမယ်၊ ဒဏ်ရာအနာတရမရှိဘူး၊ အမွှေးအမျှင်မထူတဲ့ နေရာဖြစ်မယ်ဆိုရင် ကြိုက်တဲ့နေရာ ကပ်လို့ရပါတယ်။ ဒါပေမဲ့ ရောင်ရမ်းနီရဲနေတဲ့နေရာ၊ အဝတ်အစားနဲ့ တစ်ချိန်လုံး ပွတ်တိုက်မိနေနိုင်တဲ့နေရာ၊ ရင်သား စတဲ့နေရာတွေမှာတော့ မကပ်သင့်ပါဘူး။

တားဆေးကပ်ခွာက ကပ်လိုက်တာနဲ့ အာနိသင် ချက်ချင်းပြနိုင်သလား


ရာသီစလာတဲ့ ပထမဆုံးနေ့ကစပြီး ငါးရက်မြောက်အထိ ဘယ်နေ့မှာကပ်လိုက်သည်ဖြစ်စေ ကပ်ပြီးတာနဲ့ ချက်ချင်းသန္ဓေတားနိုင်စွမ်းရှိပါတယ်။  တခြားရက်တွေမှာကပ်ရင်တော့ ကပ်ပြီးပထမတစ်ပတ်ကို လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးစွဲပေးရပါမယ် (အကယ်၍ ကိုယ်ရဲ့ဓမ္မတာစက်ဝန်းကတိုတယ်၊ ၂၃ ရက်တစ်ခါလောက် ရာသီလာတတ်တဲ့သူမျိုးဆိုရင်တော့ ရာသီစလာတဲ့ ပထမနေ့ကတည်းက ကပ်ခွာအသုံးပြုပေးပါ)

ကပ်ခွာကွာသွားရင် ဘာလုပ်ရမလဲ


တားဆေးကပ်ခွာက ပုံမှန်ဆိုရင်တော့ အတော်လေးစေးကပ်ပြီး ကွာဖို့အတော်ခက်ပါတယ်။ ရေချိုးတာ၊ ရေကူးတာတွေလုပ်ရင်တောင် မကွာပါဘူး။ တကယ်လို့ ကပ်ခွာကွာသွားတာ ၂ ရက် (၄၈နာရီ) မပြည့်သေးဘူး ဆိုရင် ဒီအချက်တွေအတိုင်း လုပ်ပါ။

– ကပ်လို့ရသေးရင် ချက်ချင်းပြန်ကပ်လိုက်ပါ၊ ရက်ပြည့်တဲ့အထိ ဆက်ကပ်ထားလို့ရပါတယ်

– ပြန်ကပ်လို့မရတော့ရင် လွှင့်ပစ်လိုက်ပြီး အသစ်တစ်ခုသုံးစွဲပါ

– ကပ်ခွာမကွာခင် ၇ ရက်တိတိ တောက်လျှောက်ကပ်လာခဲ့တယ်ဆိုရင် သန္ဓေတားနိုင်စွမ်းရှိသေးတဲ့အတွက် တခြားသန္ဓေတားနည်းသုံးစရာမလိုပါဘူး

– ဒါပေမဲ့ ကပ်ခွာကပ်တာ ၆ ရက် (ဒါမှမဟုတ်) ဒီလောက်မကြာသေးဘူးဆိုရင် ကွန်ဒုံးလို သန္ဓေတားနည်းတစ်မျိုးမျိုးကို တစ်ပတ်သုံးစွဲပေးပါ (ဒါမှမဟုတ်) လိင်ဆက်ဆံတာ တစ်ပတ်ရှောင်ပေးပါ

တကယ်လို့ကပ်ခွာကွာသွားတာ ၂ရက် (၄၈နာရီ) ကျော်သွားပြီ (ဒါမှမဟုတ်) ဘယ်အချိန်ကတည်းက ကွာသွားမှန်းမသိရင် ဒီအချက်တွေကိုလိုက်နာပေးပါ

– ကပ်ခွာအသစ်တစ်ခု ချက်ချင်းကပ်ပြီး တားဆေးကပ်ခွာစသုံးတဲ့ ပထမနေ့ အဖြစ်ပြန်သတ်မှတ်လိုက်ပါ

– လိင်ဆက်ဆံတာတစ်ပတ်ရှောင်ပေးပါ (ဒါမှမဟုတ်) ဆက်ဆံတဲ့အခါ ကွန်ဒုံးလို တခြားသန္ဓေတားနည်း တစ်ခုခုသုံးပေးပါ

– ကပ်ခွာကွာနေမှန်းမသိဘဲ လိင်ဆက်ဆံမှုရှိခဲ့ရင် ဆရာဝန်နဲ့ချက်ချင်း ပြသကြည့်ပါ၊ အရေးပေါ်သန္ဓေတားဖို့ လိုအပ်နိုင်ပါတယ်

ကပ်ခွာ မခွာမိရင်ဘာဆက်လုပ်ရမလဲ


ကပ်ခွာစသုံးတဲ့ပထမပတ် (ဒါမှမဟုတ်) ဒုတိယပတ်ပြည့်တဲ့အချိန်မှာ မေ့ပြီး ဆက်ကပ်ထားမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမှာ ဘာဆက်လုပ်ရမလဲဆိုတာတော့ အချိန်ဘယ်လောက်ကြာကြာ ဆက်ကပ်ထားမိလဲ ဆိုတဲ့အချက်အပေါ် မူတည်ပါတယ်။ ၄၈နာရီ (၂ရက်) မပြည့်ခင်သတိရပြီးခွာလိုက်တယ်ဆိုရင်

– ကပ်ခွာအသစ်တစ်ခုလဲပြီး ဆက်ကပ်သွားပါ၊ ပုံမှန်အတိုင်း သားဆက်ခြားနိုင်စွမ်း ရနိုင်ဦးမှာဖြစ်တဲ့အတွက် အရေးပေါ်သားဆက်ခြားနည်း သုံးစရာမလိုပါဘူး။ တစ်ပတ်ပြည့်ရင် နောက်အသစ်တစ်ခု လဲလှယ်ပေးပါ

၄၈နာရီ (၂ရက်) ထက် ကျော်သွားပြီဆိုရင်တော့

– ကပ်ခွာအသစ်တစ်ခု ချက်ချင်းကပ်ပြီး တားဆေးကပ်ခွာစသုံးတဲ့ ပထမနေ့ အဖြစ်ပြန်သတ်မှတ်လိုက်ပါ

– လိင်ဆက်ဆံတာတစ်ပတ်ရှောင်ပေးပါ (ဒါမှမဟုတ်) ဆက်ဆံတဲ့အခါ ကွန်ဒုံးလို တခြားသန္ဓေတားနည်း တစ်ခုခုသုံးပေးပါ

– ကပ်ခွာကွာနေမှန်းမသိဘဲ လိင်ဆက်ဆံမှုရှိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသကြည့်ပါ၊ အရေးပေါ်သန္ဓေတားဖို့ လိုအပ်နိုင်ပါတယ်

တားဆေးကပ်ခွာအသုံးပြုနေတဲ့ တတိယအပတ်ပြီးမှာ ကပ်ခွာ မခွာမိရင် သိပ်ပြဿနာမရှိပါဘူး။ သတိရတဲ့အချိန် ခွာလိုက်ပြီး patch-free break  (ကပ်ခွာသုံးစရာမလိုတဲ့အချိန်) ပြည့်တဲ့အခါမှ နောက်ထပ်ကပ်ခွာအသစ်တစ်ခု ထပ်ကပ်လိုက်ပါ။ ကပ်ခွာခွာဖို့ မေ့သွားတဲ့အတွက် Patch-free break တစ်ပတ်မပြည့်လည်း နောက်အသစ်တစ်ခုကပ်လို့ရပါတယ်။ ဒီအချိန်တွေမှာ သန္ဓေတားနိုင်စွမ်းရှိသေးတဲ့အတွက် အရေးပေါ်သန္ဓေတားဆေးသုံးစရာမလိုပါဘူး။

Patch-free week (ကပ်ခွာသုံးစရာမလိုတဲ့အချိန်) ဆိုတာဘာလဲ


တားဆေးကပ်ခွာက ၃ ပတ်သုံး တစ်ပတ်နား စနစ်နဲ့ အသုံးပြုရပါတယ်။ ကပ်ခွာကပ်စရာမလိုတဲ့ တစ်ပတ်ကို Patch-free week (ကပ်ခွာသုံးစရာမလိုတဲ့အချိန်) လို့ခေါ်ပြီး ဒီအချိန်အတိုင်းမှာ စိတ်ချလက်ချ အတူနေလို့ ရသလို ရာသီသွေးလည်း ဆင်းပါတယ်။

Patch-free week (ကပ်ခွာသုံးစရာမလိုတဲ့အချိန်) အပြီးမှာ ကပ်ခွာကပ်ဖို့မေ့သွားရင် ဘယ်လိုလုပ်ရမလဲ


သတိရရချင်း ကပ်ခွာအသစ်တစ်ခု ကပ်လိုက်ပါ။ Patch-free week (ကပ်ခွာသုံးစရာမလိုတဲ့အချိန်) ကို ၄၈နာရီ (၂ရက်) အထိနောက်ကျပြီး ကပ်လို့ရပါတယ်။ ၄၈နာရီ(၂ရက်)ထက် ကျော်သွားပြီးမှ ပြန်ကပ်မိရင်တော့ သန္ဓေတားနိုင်စွမ်းမရှိတော့တဲ့အတွက် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးလို တခြားသန္ဓေတားနည်းတစ်ခုခု သုံးပေးရပါမယ်။

Patch-free week (ကပ်ခွာသုံးစရာမလိုတဲ့အချိန်) မှာသွေးမဆင်းတာမျိုးရှိတတ်သလား


Patch-free week မှာ ရာသီသွေးမဆင်းတဲ့ အမျိုးသမီးတချို့လည်းရှိပါတယ်။ တားဆေးကပ်ခွာကို နည်းလမ်းမှန်မှန်အသုံးပြုတယ်၊ ဓမ္မတာအပေါ်သက်ရောက်စေတဲ့ ဆေးဝါးတစ်မျိုးမျိုး သောက်သုံးမထားခဲ့ဘူးဆိုရင် ဒါကစိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ ၂ လဆက်တိုက် သွေးမဆင်းတော့ဘူး (ဒါမှမဟုတ်) သွေးဆင်းတဲ့ ပမာဏ အရမ်းများနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

(Hellosayarwon မှ ပြန်လည်ကူးယူဖော်ပြသည်)

မူရင်းလင့် -https://hellosayarwon.com/healthy-living/sexual-health/contraception/contraceptive-patch/

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013