DVB Logo
Home
Lead Story
ကိုဗစ်ကာလအတွင်း သူမတူအောင် လက်စွမ်းပြနိုင်ခဲ့တဲ့ နယူးဇီလန်ဝန်ကြီးချုပ်
DVB
·
July 2, 2020
ကိုဗစ်ကာလအတွင်း သူမတူအောင် လက်စွမ်းပြနိုင်ခဲ့တဲ့ နယူးဇီလန်ဝန်ကြီးချုပ်
Donate to DVB

လက်ရှိ ကမ္ဘာတဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရခေါင်းဆောင်တွေဟာ နည်းဗျူဟာအမျိုးမျိုးနဲ့ ကြိုးစားတုံ့ပြန် ကိုင်တွယ်ဖြေရှင်းနေကြပါတယ်။

ဒီကမ္ဘာ့ကပ်ရောဂါဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအကြား သူတို့ရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို စစ်ဆေးနေတဲ့ အကြီးမားဆုံးသော စမ်းသပ်မှုတစ်ခုကြီးလို့ ဆိုနိုင်သလို ခေါင်းဆောင်အသီးသီးရဲ့ မတူညီတဲ့ တုန့်ပြန်မှုတွေကနေ ထွက်ရှိလာမယ့် အကျိုးရလဒ်တွေကပဲ ခေါင်းဆောင်တွေရဲ့ အရည်အချင်းကို အဆုံးအဖြတ်ပေးသွားနိုင်တယ်လို့ ဧပြီလ ၁၉ ရက်နေ့က The Atalantic ရဲ့ ဆောင်းပါးတပုဒ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီလိုလုပ်ဆောင်တဲ့နေရာမှာ နယူးဇီလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် Jacinda Ardern ဟာ ကမ္ဘာပေါ်မှာ ထိရောက်မှုအရှိဆုံး ခေါင်းဆောင်တစ်ယောက်ဖြစ်လိမ့်မယ်ဆိုပြီး သူမရဲ့ လုပ်ဆောင်ချက်၊ တုံ့ပြန်ချက်တွေအပေါ် နိုင်ငံတကာသတင်းစာအတော်များများမှာ ချီးမွှမ်းရေးသား ဖော်ပြနေကြပါတယ်။

ခန့်မှန်းချက်တွေဟာ မှန်ကန်နေပြီလို့ ဆိုရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက် တနင်္လာနေ့မှာ နိုင်ငံအတွင်း COVID-19 ရောဂါ ကင်းရှင်းသွားပြီလို့ ဝန်ကြီးချုပ်က တရားဝင် ကြေညာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ရောဂါကင်းရှင်းကြောင်း ကြေညာချက်လို့လည်း ဆိုနိုင်ပါတယ်။

အသက် ၃၉ နှစ်အရွယ်သာရှိသေးတဲ့ သူမဟာ COVID-19 တိုက်ဖျက်ရေးမှာ သိသိသာသာ အောင်မြင်မှုရအောင် အမှန်တကယ် လုပ်ဆောင်ပြနိုင်ခဲ့သူဖြစ်ပြီး လူဦးရေ ၅ သန်းခန့်ရှိတဲ့ နယူးဇီလန်နိုင်ငံဟာ သူမရဲ့ ကိုင်တွယ်ထိန်းချုပ်မှုအောက်မှာ ကူးစက်သူ ၁၁၅၃ ဦးသာရှိခဲ့ပြီး ၂၂ ဦးသာ သေဆုံးခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအဆင့် တုံ့ပြန်မှု

သူမဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နယူးဇီလန်နိုင်ငံအတွင်း ပိတ်ဆို့မှုကို အခြားကူးစက်ခံရတဲ့နိုင်ငံတွေထက် စောလျင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ရောဂါကာကွယ်တားဆီးရေးအတွက် လျင်မြန်တဲ့ ဆုံးဖြတ်ချက်၊ တုံ့ပြန်မှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အီရန်ကိုလည်ပတ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဘာလီကတဆင့် ပြန်လည်ဝင်ရောက်ခဲ့သူ နယူးဇီလန်နိုင်ငံသူ အမျိုးသမီးကို COVID-19 ပထမဆုံး အတည်ပြုလူနာအဖြစ် တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံအတွင်းမှာ ကူးစက်မှုမရှိခင် ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ၎င်းနိုင်ငံသားနဲ့ နိုင်ငံတွင်း အမြဲတမ်းနေထိုင်သူ၊ မိသားစုဝင်တွေကလွဲပြီး တရုတ်နိုင်ငံက ပြန်လာတဲ့ နိုင်ငံခြားသားခရီးသွားအားလုံးကို နိုင်ငံတွင်းဝင်ရောက်ခွင့်မပြုကြောင်း ကြေညာပြီးသားဖြစ်သည်။ ပထမဆုံး အီရန်ပြန်ကနေ ရောဂါစတင်တွေ့ရှိချိန်မှာလည်း ချက်ချင်းဆိုသလို အီရန်က လာရောက်တဲ့ ခရီးသွားတွေကိုပါ ပိတ်ပင်တဲ့စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

မတ်လ ၁၄ ရက်မှာ နိုင်ငံသားအားလုံးကို မိမိနေအိမ်အတွင်းသာ နေထိုင်စေခဲ့ပြီး မတ်လ ၁၅ ရက်နေ့မှာ ကူးစက်သူ အတည်ပြုလူနာ ၁၀၀ ထိ တက်လာခဲ့တာကြောင့် သေဆုံးသူ ၁ ဦးမျှမရှိသေးပေမယ့် နိုင်ငံရဲ့ နယ်စပ်အားလုံးကို ပိတ်ပစ်ခဲ့ပြီး နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာသူ နယူးဇီလန်နိုင်ငံသားတွေကိုလည်း နေအိမ်တွင်း ၁၄ ရက်စောင့်ကြည့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

သတိပေးအဆင့် သတ်မှတ်ခြင်းစနစ်ကို အသုံးပြုပြီး လျှင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ခြင်း

ဝန်ကြီးချုပ် Jacinda Ardern ဟာ မီးဘေးလွတ်မြောက်ဖို့ သတိပေးစနစ်နဲ့ အလားသဏ္ဍာန်တူတဲ့ အဆင့် ၄ ဆင့်ပါ သတိပေးစနစ်ကို မတ်လ ၂၁ ရက်နေ့မှာ သူမရဲ့ ပြည်သူတွေကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဆင့် ၁ ဟာ အန္တရာယ်အနည်းဆုံးအဆင့်ကို ရည်ညွှန်းပြီး အဆင့် ၄ ကတော့ အမြင့်ဆုံးကို ရည်ညွှန်းပါတယ်။ ဒီလိုမိတ်ဆက်ပေးတဲ့အချိန်မှာ နယူးဇီလန်ဟာ အဆင့် ၂ အနေအထားမှာသာ ရှိနေဆဲဖြစ်ပါတယ်။

အစိုးရရဲ့ အဆင့်သတ်မှတ်ချက်အရ အဆင့် ၁ ဟာ ရောဂါထိန်းချုပ်ရေးအတွက် ပြင်ဆင်တဲ့အဆင့်ဖြစ်ပြီး မိမိကိုယ်ကိုယ် နေမကောင်းဘူးလို့ ခံစားရပါက လုပ်ဆောင့်ရမယ့် သတင်းအချက်အလက်တွေပေးခြင်း၊ ရောဂါကာကွယ်ရေး ပြုမူနေထိုင်မှုတွေကို မိတ်ဆက်ပေးခြင်း၊ ကန့်သတ်နေထိုင်မှု (သို့) စောင့်ကြည့်မှုလုပ်ခြင်း၊ တဦးနဲ့တဦး ခပ်ခွာခွာနေခြင်း စတဲ့ ရှောင်ရန်၊ ဆောင်ရန်အချက်တွေနဲ့ အသင့်ပြင်အနေအထားလုပ်ရမယ့်ကာလဖြစ်ပါတယ်။

အဆင့် ၂ မှာတော့ လူမှုရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေကို အတိုင်းတာတစ်ခုအထိ လျော့ချရမယ့် အခြေအနေလို့ သတ်မှတ်ပါတယ်။ အဆင့် ၃ အခြေအနေရောက်မယ်ဆိုရင်တော့ ကြီးမားတဲ့ ကန့်သတ်မှုတွေ ပြုလုပ်တဲ့အဆင့်ဖြစ်ပါတယ်။

အဆင့် ၄ ဆိုတဲ့ အန္တရာယ်အမြင့်ဆုံး သတ်မှတ်ချက်ကတော့ ရောဂါထိန်းချုပ်နိုင်မှု အတိုင်းအတာကို ကျော်လွန်တဲ့အနေအထားကို ဆိုလိုတာဖြစ်ပြီး အရေးတကြီးလိုအပ်တဲ့ ဆေးဆိုင်၊ စူပါမားကတ်၊ ဆေးပေးခန်းနဲ့ ဓာတ်ဆီဆိုင်ကလွဲပြီး ကျန်တဲ့ စီးပွားရေးလုပ်ငန်းအားလုံးအပါအဝင် အသွားအလာအားလုံးကိုပါ ကန့်သတ်ပိတ်ချတဲ့ အဆင့်ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ ကူးစက်မှု ၃၆ ခု ထပ်တိုးချိန်မှာ ချက်ချင်း အဆင့် ၃ ကို ထပ်တိုးသတ်မှတ်ခဲ့ပြီး ကျောင်းတွေအားလုံးကို ပိတ်ခိုင်းခဲ့ပါတယ်။ မတ်လ ၂၅ ရက်နေ့မှာ ထပ်တိုးလူတာ ၅၀၊ အတည်ပြုလူနာနဲ့ သံသယလူနာစုစုပေါင်း ၂၀၅ ဦးရှိလာချိန်မှာ နိုင်ငံရဲ့ သတိပေးအဆင့် ၄ ကို ချက်ချင်း ပြောင်းလဲသတ်မှတ်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ဆို့မှု (lockdown) ပြုလုပ်လိုက်ပါတော့တယ်။

အဲဒီနေ့ ညနေ ၆ နာရီခွဲမှာပဲ “နယူးဇီလန်နိုင်ငံသည် သတိပေးအဆင့် ၄ အခြေအနေကို သတ်မှတ်လိုက်ပြီဖြစ်သည့်တွက် မိမိတို့နေအိမ်တွင်သာ နေထိုင်ကြပါ။ သင့်ကိုယ်သင် COVID- 19 ကူးစက်ခံရသူအဖြစ် သတ်မှတ်ပြီး ပြုမူနေထိုင်ကြပါ။ ယခုည သင်ရှိနေသည့်နေရာသည် သင့်အတွက် ဆက်လက်နေထိုင်ရမည့်နေရာဖြစ်ပြီး သင်နှင့်အတူ နေထိုင်သူများဖြင့်သာ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုပြုနိုင်ပြီး ရောဂါတိုက်ဖျက်ရေးအတွက် အားလုံး စည်းလုံးညီညွှတ်ကြပါစို့” ဆိုတဲ့ အရေးပေါ်သတိပေးအကြောင်းကြားစာတွေဟာ ဖုန်းကတဆင့် နိုင်ငံသားတိုင်းအားလုံးကို ပေးဖို့ခဲ့ပါတယ်။

ဒီလို အဆင့် ၄ ကာလကို ၃ ပတ်လောက်အကြာ ဖြတ်သန်းပြီးချိန် ဧပြီလ ပထမအပတ်မှာ ပိုးတွေ့လူနာသစ်အဖြစ် ၈၉ ဦးအထိသာ အမြင့်ဆုံးရှိခဲ့ပြီး ဧပြီ ၁၁ ရက်နေ့မှာ ပိုးတွေ့လူနာသစ် ၂၉ ဦးထိ လျော့ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ပိုးတွေ့လူနာသစ် တွေ့ရှိမှုဦးရေ ဆက်တိုက်လျော့ကျခဲ့ပြီး ဧပြီ ၃၀ မှာတော့ လူနာသစ်၂ ဦး ၃ ဦးသာ တွေ့ရှိတောတဲ့အထိ သိသိသာသာလျော့ကျခဲ့ပါတယ်။

ဒါကြောင့် မေလအတွင်းမှာ သတိပေးအဆင့် ၂ ကို ပြန်လည်ဖြေလျှော့ခဲ့ပြီး ဇွန်လ ပထမအပတ်မှာပဲ အန္တရာယ်အနည်းဆုံးအဆင့် ၁ ကို ဖြေလျှော့တည်ပြုခဲ့ပြီး နိုင်ငံတွင်း ဆက်သွယ်ရေး၊ သွားလာရေး၊ စီးပွားရေးကဏ္ဍ၊ ဘာသာရေး၊ လူမှုရေးကဏ္ဍရပ်တွေကို တဖြည်းဖြည်း ပြန်လည်ခွင့်ပြခဲ့ပါတယ်။ အဆင့် ၁ ကို ပြန်ရောက်ချိန်မှာလည်း အစိုးရအနေနဲ့ ပြည်သူတွေကို ရောဂါကာကွယ်ရေးအပြုအမူ အလေ့အကျင့်ကို ဆက်လက်လုပ်ဆောင်သွားဖို့နဲ့ ကျန်းမာရေးညွှန်ကြားချက် သတင်းပေးချက်တွေအတွက် နိုးနိုးကြားကြားရှိဖို့အပြင် တဦးနဲ့တဦး ကြင်နာကြဖို့အတွက် လိုက်နာရမယ့် အခြေခံစည်းမျဉ်းစည်းကမ်းတွေကို တင်ပြထုတ်ပြန်ခဲ့ပါတယ်။

ဇွန် ၈ ရက်နေ့မှာတော့ နိုင်ငံအတွင်း ကူးစက်လူနာသစ် မတွေ့ခြင်း ၁၅ ရက်မြောက်နေ့ ဖြစ်လာချိန်နဲ့ နောက်ဆုံးကူသမှုခံယူနေသူ တစ်ဦးဟာလည်း ရောဂါကင်းရှင်းသွားချိန်မှာ ဝန်ကြီးချုပ် Ardern အနေနဲ့ အောင်နိုင်သူ ဝမ်းသာအပြုံးနဲ့အတူ နယူးဇီလန်နိုင်ငံဟာ COVID-19 ရောဂါကင်းရှင်းသွားကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

COVID-19 တိုက်ဖျက်ရေးအတွက် Jacinda Ardern ရဲ့ စံပြလုပ်ဆောင်မှုများ

ဧပြီလ ၁၅ ရက်နေ့မှာ ဝန်ကြီးချုပ် Jacinda Ardern က အစိုးရဝန်ကြီးအားလုံးအနေနဲ့ လစာကို ၂၀ ရာခိုင်နှုန်းလျှော့ယူမယ်လို့ ကြေညာခဲ့ပြီး အတိုက်အခံခေါင်းဆောင်တွေ အပါအဝင် လစာလျှော့ယူရာမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

“We go hard, We go early” ဆိုတဲ့ သူမရဲ့ ဆောင်ပုဒ်အတိုင်း နိုင်ငံတွင်း ရောဂါကျယ်ကျယ်ပြန့်ပြန့် မပြန့်ပွားခင်ကတည်းက ဖိဖိစီးစီးနဲ့ တုန့်ပြန်တိုက်ဖျက်ရေး လုပ်ဆောင်ခဲ့ပြီး နိုင်ငံပိတ်ဆို့မှုကို စောလျင်စွာ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံအတွင်း အကျပ်အတည်းဖြစ်နေတဲ့တချိန်တည်းမှာ အစိုးရအနေနဲ့ ပြည်သူပြည်သားအရေးကို အလေးထားအာရုံစိုက်ပြီး လုပ်ဆောင်ပေးနေတဲ့အကြောင်း ပြည်သူတွေအကြား နားလည်သဘောပေါက်လက်ခံနိုင်အောင် သူမအနေနဲ့ ပြည်သူတွေကို ပြောဆိုဆက်သွယ်မှုတွေ ရှင်းလင်းတင်ပြမှုတွေ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။

ကူးစက်မှုလျော့ချနိုင်ဖို့ social distancing လုပ်ဖို့ နိုင်ငံခေါင်းဆောင်အသီးသီးက ပြောဆိုနေကြပေမယ့် လက်တွေ့မှာ ခေါင်းဆောင်တွေကိုယ်တိုင် လိုက်နာမှုမရှိကြတဲ့အချိန်မှာ Ardern ကတော့ သူမကိုယ်တိုင် နေအိမ်မှာ လက်တွေ့နေထိုင်ပြပြီး facebook live ကတဆင့် ပြည်သူတွေနဲ့ အပြန်အလှန်စကားပြောတာကို လက်တွေ့လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။

ရောဂါကာလအတွင်းမှာလည်း ပြည်သူလူထုကို “Bubble” လို့ ဥပမာပေး တင်စားတဲ့ လုံခြုံစိတ်ချစွာ အတူနေထိုင်နိုင်မယ့် အဝန်းအဝိုင်းတခု (သို့မဟုတ်) မိသားစုအရေတွက် သီးသန့်ထားရှိမယ့် အလေ့အထကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဥပမာ- ကိုယ့်ရဲ့ သီးသန့်အဝန်းအဝိုင်းထဲမှာ ဘယ်သူနဲ့မှ အဆက်အဆံမရှိပဲ သီးသန့်နေထိုင်သူ မိမိဆွေမျိုး၊ ချစ်ခင်သူ လုပ်ဖော်ကိုင်ဘက်တွေကို သတ်မှတ်ထည့်သွင်းပြီး ရောဂါကာလအတွင်း လုံခြုံစိတ်ချစွာ ပြောဆိုဆက်ဆံနေထိုင်နိုင်မယ့် အဝန်းအဝိုင်းဖန်တီးတာမျိုးပါ။ လုပ်ငန်းခွင်ဝင်လို့ ကလေးထိန်းလိုအပ်လာရင်လည်း သီးသန့်နေထိုင်သူတွေထဲကပဲ ရှာဖွေပြီး ကိုယ်ရဲ့ Bubble အဝန်းအဝိုင်းကို တိုးချဲ့ဖို့ သူမက လမ်းညွှန်ပြပါတယ်။

ရောဂါကင်းရှင်းရေးအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်လေးတခု သီးသန့် ယာယီဖန်တီးတာမျိုးပါ။ ကိုယ့်ရဲ့ Bubble အဝိုင်းထဲမှာ မိမိကိုယ်တိုင်ရော၊ အဝိုင်းထဲပါဝင်သူတွေပါ နေကောင်းကျန်းမာဖို့ ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Bubble အဝိုင်းထဲ ပါသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ရောဂါပိုးရှိသူအဖြစ် သဘောထားနေထိုင်ပြီး အဝိုင်းပြင်ပက လူတွေကို ဘယ်လိုပြုမူဆက်ဆံရမလဲဆိုပြီး ပြုမူနေထိုင်ကြည့်ကြပါလို့လည်း သူမက နမူနာပြု ပြောဆိုခဲ့ပါတယ်။

နိုင်ငံသားများကို နားလည်စာနာတတ်ခြင်း

သူမရဲ့ ခေါင်းဆောင်မှုပုံစံဟာ အကြပ်အတည်းကာလတွင်း စာနာမှုထားတဲ့ ပုံစံတခုပါ။ အကြပ်တည်းအတွင်းမှာ လူထုအနေနဲ့ တခြားသူတွေရဲ့အကူအညီမပါပဲ သူတို့အရေးအတွက် သူတို့ဘာသာ တာဝန်ယူစောင့်ရှောက်နိုင်အောင် စည်းရုံးချဉ်းကပ်ဆွဲဆောင်တဲ့ ခေါင်းဆောင်မှုပုံစံဖြစ်ပါတယ်။

သူမပြောတဲ့ သတင်းစကားတွေဟာ တိကျတယ်၊ ရှင်းလင်းမှုရှိပါတယ်။ တချိန်တည်းမှာပဲ လူထုတွေဆီမှာ ရှိနေတဲ့ ကြောက်ရွံ့မှုနဲ့ စိတ်မသက်မသာ ဖြစ်မှုတွေ၊ နာကျင်မှုတွေကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် သူမရဲ့ ချဉ်းကပ်မှုဟာ ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို အတိုင်းအတာတခုအထိ ရောင်ပြန်ဟပ်နိုင်ရုံသာမကပါဘူး။ သိသိသာသာလည်း အလုပ်ဖြစ်ခဲ့ပါတယ်။

Ardern ရဲ့ ဆန်းသစ်တဲ့ နည်းနာတခုကတော့ မကြာခဏ ဖေ့ဘွတ်ခ်မှာ live လွှင့်ပြီး ရုံးကနားမဆန်ပဲ ရိုးရိုးနည်းလမ်း (informal နည်းလမ်း) နဲ့ ပြည့်စုံတဲ့ အရေးကြီးသတင်းအချက်အလက်တွေကို ပေးနေခြင်းပါပဲ။ နယူးဇီလန်အနေနဲ့ နိုင်ငံကို မပိတ်ချခင်ကာလ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက လွှင့်ခဲ့တဲ့ live တစ်ခုမှာဆိုရင် သူမဟာ ခေါင်းစွပ်ဆွယ်တာကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး (သူ့သမီးငယ်ကို မကြာခင်ကပဲ ချော့သိပ်ပြီးတယ်လို့ သူမ ရှင်းပြခဲ့ပါသေးတယ်) “ကျမတို့အားလုံး ဒီအခြေနေအောက်မှာ အချိန်အကြာကြီး ဖြတ်သန်းဖို့ ပြင်ဆင်ကြရမယ်ဆိုတော့” ဆိုပြီး လမ်းညွှန်မှုတွေပေးဖို့အတွက် အိမ်ကနေ live လွှင့်ခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံသားတွေ အားလုံးနေနဲ့ သူတို့သိထားတဲ့ လူနေမှုဘဝပုံစံဟာ ယာယီပြီးဆုံးသွားပြီဆိုတဲ့ အရေးပေါ်အသိပေးမက်ဆေ့ချ်ကြီး လက်ခံရရှိချိန်မှာ ဘယ်လောက်ထိ “ကျယ်လောင်တဲ့ဟွန်းသံ” ကြားရသလို ဖြစ်နေမလဲဆိုတာ သူမအနေနဲ့ ကိုယ်ချင်းစာခဲ့ပါတယ်။

လူထုတွေက Adrern ဟာ “သူတို့ကို ပြောနေတာပဲမဟုတ်ဘူး၊ သူမဟာ သူတို့နဲ့အတူ ရပ်တည်နေတယ်လို့ မြင်နေကြတယ်”လို့ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ နယူးဇီလန်ရဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ခဲ့ဖူးတဲ့ Helen Clark က Atalantic ရဲ့ ဆောင်းပါးအင်တာဗျူးမှာ ပြောပြထားပါတယ်။

သူမဟာ လူထုရဲ့ နေ့တဓူ၀ အသေးအမွှားကိစ္စတွေကအစ အရေးတယူ ထည့်သွင်းစဉ်းစားပြီး  COVID-19 ကာလမှာ လူထုနဲ့ တသားတည်းဖြစ်ကြောင်းလည်း ပြသနိုင်ခဲ့ပါတယ်။

သူမရဲ့ လူမှုကွန်ယက် Live chat တစ်ခုမှာ Lockdown ကာလအတွင်း မွေးနေ့ပွဲကျင်းပမယ့် မွေးနေ့ရှင်တွေအနေနဲ့ အင်မတန်ကွဲပြားတဲ့နည်းနဲ့ ကျင်းပရမယ်ဆိုတာကို သူမအနေနဲ့ နားလည်တဲ့အကြောင်း၊ သီးခြားဆန်တဲ့ မွေးနေ့ပွဲကိုလည်း ပျော်ရွှင်ကျေနပ်ပါစေကြောင်း သူမက ဆုတောင်းပေးခဲ့သလိုမျိုး အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ရမှာကို စိုးရိမ်ပါက ပိုမိုသတိရှိကြဖို့၊ မိဘတွေအနေနဲ့ ကစားကွင်းတွေကို ရှောင်ရှားဖို့ အင်မတန်ခက်ခဲမယ်ဆိုတာ သူမ နားလည်သိရှိပါတယ်ဆိုတဲ့အကြောင်း လူထုတွေကို ပြောကြားခဲ့ပါတယ်။

ဈေးကွက်အခြေပြု သုတေသန Colmar Brunton ရဲ့ သဘောထားစစ်တမ်းကောက်ယူမှုအရ ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း ၆၂ ရာခိုင်နှုန်းသော နယူးဇီလန်နိုင်ငံသားတွေဟာ အစိုးရရဲ့ COVID-19 ရောဂါအပေါ် တုန့်ပြန်မှုကို ကျေနပ်ထောက်ခံခဲ့ကြပြီး မေလ ၁၆ ကနေ ၂၀ ရက်အတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ၉၂ ရာခိုင်နှုန်းအထိ ကျေနပ်ထောက်ခံမှု မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

အခုလို နယူးဇီလန်နိုင်ငံရဲ့ COVID-19 ကို အချိန်တိုအတွင်း ကိုင်တွယ်တိုက်ဖျက်နိုင်ခဲ့တဲ့ အောင်မြင်မှုဟာ ဝန်ကြီးချုပ် Ardern ရဲ့ ထက်မြက်တဲ့ လုပ်ဆောင်မှုတွေကြောင့်ဆိုတာ ငြင်းချက်ထုတ်စရာမရှိသလို လူထုကျန်းမာရေး ဌာနတွေ၊ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေအပြင် နယူးဇီလန်နိုင်ငံသားတွေအားလုံးရဲ့ ချီးကျူးစရာကောင်းတဲ့ စုပေါင်းပါဝင်ကြိုးပမ်းအားထုတ်မှု၊ လိုက်နာပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဖြစ်တယ် ဆိုတာကလည်း အထင်အရှားပင် ဖြစ်ပါတယ်။

ရွှေစင်ခက် (ဘာသာပြန်သည်)

(HIBURMA)

ကိုးကား။

၁။ “New Zealand’s Prime Minister may be the most effective leader on the planet”, The Atlantic, April 19, 2020

၂။ “Covid-19 ရောဂါကင်းရှင်းကြောင်း နယူးဇီလန်ကြေညာ”, The Voices of America-Burmese Version, 8 June 2020

၃။ “Ardern says New Zealand on track to eliminate coronavirus “ahead of schedule”, The Guardian, 2 June 2020

၄။ “Covid-19 pandemic in New Zealand”, Wikipedia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013