မွန်ပြည်သစ်ထိန်းချုပ်နယ်မြေရှိ မှတ်ပုံတင်မရသေးသူများအတွက် လုပ်ပေးရန်ညှိနှိုင်းနေ
DVB
·
July 2, 2020

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းက မှတ်ပုံတင် မရှိသေးတဲ့သူတွေအတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအမီ မှတ်ပုံတင်ရရှိရေး သက်ဆိုင်ရာနဲ့ညှိနှိုင်းထားတယ်လို့ သိရပါတယ်။
မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ''ကိုဗစ်မတိုင်ခင် ရေးလဝက နဲ့ ညှိနှိုင်းထားတယ်။ စာရင်းတွေအရတော့ ကောက်ထားပြီးပြီ၊ အကောင်အထည်ဖော်ဖို့ ကိစ္စကျတော့ ကိုဗစ်ကိစ္စကြောင့် ဆိုင်းငံ့ထားတယ်။ စာရင်းအရ လူဦးရေ ၁၅၀၀ ကျော်လောက်ကောက်ထားပြီး ပါပြီ၊ ကျန်သေးတယ်။ မှတ်ပုံတင်ရဖို့ အကောင်အထည်ဖော်ဖို့ ရှိတယ်။ ရွေးကောက်ပွဲအမီတော့ ဖြစ်နိုင်ပါတယ်။ ဒီမှတ်ပုံတင်က အပစ်အခတ်ရပ်စဲရေးပြီးကတည်းက လုပ်ထားတယ်။ ကျန်သူလည်း ကျန်တယ်၊ အရွယ်ရောက်ပြီးသူလည်းရှိတော့ ၂၀၀၀ လောက်တော့ရှိမှာပေါ့ '' လို့ ဒီဗွီဘီကို ပြောပါတယ်။
မှတ်ပုံတင်ကိစ္စ အထက်အဆင့်ဆင့်သို့ တင်ပြထားပြီး သက်ဆိုင်ရာညှိနှိုင်းထားချက်အရ အဆင်ပြေတယ်လို့လည်း နိုင်ဗညားလယ်က ပြောပါတယ်။
ရေးချောင်းဖျားဒေသနေ ဒေသခံတစ်ဦးက ''အရင်ရွေးကောက်ပွဲတုန်းကတော့ မဲထည့်ရ တယ်။ ရွာမှာကတော့ ခုနှစ်က ပါတီတွေကလည်း စုံလာတော့ ကိုယ်ထည့်ချင်တဲ့ပါတီကိုမဲထည့်ဖို့ စိတ်ဝင်စားသူတွေများလာတယ်။ မဲပေးရမယ့်လူစာရင်းကြေညာရင်တော့ ပါ မပါ သွားကြည့်ကြ ဖို့တော့ ရှိပါတယ်။ '' လို့ ဒီဗွီဘီကို ပြောပါတယ်။
ရေးမြို့နယ်အတွင်းက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ ရွာပေါင်း ၃၅ ရွာ၊ အိမ်ထောင်စု ၆၀၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀၀ ကျော်လောက်ရှိပြီး တချို့ရွာတွေအနေနဲ့ ထားဝယ်ခရိုင်အတွင်းပါဝင်ကာ တချို့ရွာတွေကတော့ ရေးချောင်းဖျားမှာ ပါဝင်ပါတယ်။
သတင်း/ဓာတ်ပုံ - ဝင်းနိုင်သက်