DVB Logo
Home
မြန်မာသတင်း
တေးသံရှင်မနော ပြန်လည်တောင်းပန်ရန် ရတနာပုံတက္ကသိုလ်ကျောင်းသားအချို့ တောင်းဆို
DVB
·
July 1, 2020
တေးသံရှင်မနော ပြန်လည်တောင်းပန်ရန် ရတနာပုံတက္ကသိုလ်ကျောင်းသားအချို့ တောင်းဆို
Donate to DVB

တေးသံရှင်မနောရဲ့ လူပျို MTV ဟာ ရတနာပုံတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တစ်ပတ်အတွင်းပြန်လည်တောင်းပန်ဖို့ တက္ကသိုလ် ကျောင်းသားတချို့က တောင်းဆိုလိုက်ပါတယ်။

တေးသံရှင် မနောပါဝင်သီဆိုသရုပ်ဆောင်ထားပြီး ဒါရိုက်တာ သူကျော်သူ ရိုက်ကူးထားတဲ့ လူပျိုတေးသီချင်းရုပ်သံဟာ ရတနာပုံတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိပဲ တက္ကသိုလ်ဝန်းအတွင်းမှာ ရိုက်ကူးထားတာ၊ ရုပ်သံမှာ သရုပ်ဆောင်ထားမှုတွေဟာ ရတနာပုံ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေရဲ့ ဂုဏ်သိက္ခာကိုကျဆင်းတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ ရတနာပုံ တက္ကသိုလ် ကျောင်းသား ကျောင်းသူ တစ်ချို့က ပြောပါတယ်။

ဒီ MTV ရုပ်သံဟာ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာထိခိုက်စေတဲ့အတွက် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေထံ တစ်ပတ်အတွင်း တောင်းပန်ဖို့ကိုလည်း ဇူလိုင်လ ၁ ရက်နေ့မှာ တက္ကသိုလ် ကျောင်းသားတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရတနာပုံတက္ကသိုလ် ရှေးဟောင်းသုတေသနပညာ တက်ရောက်နေတဲ့ တတိယနှစ် ကျောင်းသား ကိုမျိုးချစ်ဇော် က "လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကဗျ၊ အဆိုတော် မနောကနေပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကနေပြီးတော့ တင်ထားတဲ့ လူပျိုဆိုတဲ့ တေးသီချင်း MTV ပေါ့။ သရုပ်ဆောင် ရိုက်ကူးပြီးတော့ တင်ထားခဲ့တယ်။ အဲ့ဒီရဲ့ MTV မှာ ပါဝင်တဲ့သရုပ်ဆောင် ရိုက်ကူးထားမှုတွေဟာ ကျနော်တို့ လက်ရှိ ရတနာပုံတက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ ဂုဏ်သိက္ခာ အသရေကို ညှိုးနွမ်းစေတဲ့အတွက် ကိုမနော သိအောင် ဆိုတာရယ်၊နောက်တစ်ချက်က ကိုမနောတို့ အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကနေပြီးတော့ ကျနော်တို့ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို တစ်ပတ်အတွင်း ပြန်လည်တောင်းပန်ဖို့အတွက် ကျနော်တို့ ဒီကနေ့ သတင်းစာရှင်းခြင်းပွဲလုပ်ရခြင်းဖြစ်ပါတယ်။" လို့ ပြောပါတယ်။

ရတနာပုံတက္ကသိုလ် ဝင်းအတွင်း ရိုက်ကူးထားတဲ့ လူပျို တေးသီချင်း MTV မှာ ပါဝင်တဲ့ သရုပ်ဆောင်အမူအရာတွေနဲ့ စာသားတွေဟာ ရတနာပုံ တက္ကသိုလ်ကျောင်းသူတွေသာမက အမျိုးသမီးထုအပေါ်မှာပါ ခန္ဓာကိုယ်ကို ကြည့်ပြီး လှောင်ပြောင် သရော်တာ မဖွယ်မရာပြုလုပ်ဖို့ အသံပြုခြင်း၊အမျိုးသမီးထုရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ကိုပါ ထိပါးနှောင့်ယှက်တဲ့ ပုံစံဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီ ရုပ်သံတေးသီချင်းဟာ ကျောင်းသူတွေရဲ့ ဂုဏ်ကျက်သရေကို ညှိုးနွမ်းစေတဲ့ ပုံရိပ်တွေ ဖြစ်နေတယ်လို့ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်၊တတိယနှစ်ကျောင်းသူ မနီနီဖြိုးအိမ့်က ဆိုပါတယ်။

"အမူအရာ လုပ်တဲ့ပုံစံ ဆိုရင်တော့ ကျမတို့ ဒီ ကိုယ်ဟန် အမူအရာ၊အမူအထားတွေအရရော ပေါ့နော်၊ သီချင်းရဲ့ စာသားတွေ တချို့ပေါ့နော်။ ကျောင်းပုံရိပ်အနေနဲ့၊ဒါကတော့ ကျမတို့ ရတနာပုံ တက္ကသိုလ်မှ မဟုတ်ပါဘူး။ ဘယ်တက္ကသိုလ် မဆို ဒီလို ပုံရိပ်မျိုးက မရှိသင့်တဲ့ ပုံရိပ်မျိုးဖြစ်ပါတယ်။" လို့ ပြောပါတယ်။

ဒီ MTV နဲ့ ပတ်သက်ပြီး တစ်ပတ်အတွင်း တောင်းပန်ပေးဖို့ကိုလည်း တေးသံရှင်မနော၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(မန္တလေး)၊ ရတနာပုံတက္ကသိုလ် တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအသင်းနဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေထံ အကြောင်းကြားစာ ပေးပို့သွားဖို့ ရှိပါတယ်။

တေးသံရှင် မနောရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ မန်နေဂျာဆိုသူက ကိုမနောကို အကြောင်းကြားပေးမှာဖြစ်ပြီး ထပ်မံဆက်သွယ်ဖို့ ပြောကြားခဲ့ကာ ထပ်မံဆက်သွယ်တဲ့အခါမှာ လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

သတင်း-ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013