DVB Logo
Home
မြန်မာသတင်း
ရှမ်းနီပါတီများ ၂၀၂၀ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်၊ လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးမည်
DVB
·
July 1, 2020
ရှမ်းနီပါတီများ ၂၀၂၀ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်၊ လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးမည်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်ထဲမှာရှိတဲ့ ရှမ်းနီလူမျိုးကိုယ်စားပြုပါတီဖြစ်တဲ့ တိုင်းလိုင် (ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)နဲ့ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီ တို့ဟာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 

တိုင်းလိုင် (ရှမ်းနီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)အနေနဲ့ စစ်ကိုင်းတိုင်းမှာ ၆ မြို့နယ်နဲ့ ကချင်ပြည်နယ် ၉ မြို့နယ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းအနေနဲ့တော့ လူငယ်နဲ့ အမျိုးသမီးတွေကို ဦးစားပေးရွေးချယ်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ဒီဗွီဘီကို ပြောပါတယ်။ 

“ပြင်ဆင်မှုအခြေအနေကအခု မြို့နယ်တွေကို ဇူလိုင် ၃၁ နောက်ဆုံးထားပြီး ကိုယ်စားလှယ် လောင်းတွေတင်သွင်းပေးဖို့ အဲဒါညွှန်ကြားထားတယ်။ အဲဒါပြီးရင် ကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့သင်တန်းပေးပါမယ်။ လူငယ်တွေ အမျိုးသမီးတွေဦးစားပေးပြီးမှ  နယ်လှည့်ပြီး နိုင်ငံရေး အတွေးအမြင်သင်တန်းပေးတာတွေ ပါတီကော်မတီတွေနဲ့ အဲဒါတွေ ဆောင်ရွက်နေတာ ပေါ့လေ။” 



ဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်တွေမှာ စစ်ကိုင်းတိုင်းဒေသကြီး ၆ မြို့နယ် ခန္တီး၊ ဟုမ္မလင်း၊ တမူး၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ အင်းတော်နဲ့ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူ စတဲ့ ၉ မြို့နယ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ပါတီရဲ့ နိုင်ငံရေးရည်ရွယ်ချက်မှာ ရှမ်းနီလူမျိုးအမည်မှန်ပေါ်ပေါက်ရေးကို လွှတ်တော်ထဲ တင်ပြရေး၊ မိမိလူမျိုးအမည်ပေါ်ပေါက်မှာ မိမိဒေသတွင်းမှာ ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်တွေရတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရေးတို့ ဖြစ်တယ်လို့  ဦးစိုင်းဌေးအောင်က ပြောပါတယ်။ 

ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ လက်ရှိပါတီဝင်ဦးရေ ခန့်မှန်းခြေ ၃၈၀၀၀  ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေး ကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့တာမှာ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာ ၁ နေရာနဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ နေရာ ရရှိခဲ့ပါတယ်။

အလားတူ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲ ကျရင် စစ်ကိုင်းတိုင်းမြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ဘယ်မြို့နယ်တွေမှာ ဝင်ပြိုင်မလဲဆိုတာတော့ အရွေးခံကိုယ်စားလှယ်တွေရဲ့ စာရင်းတွေပေါ်ကြည့်ပြီးမှ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအောင်ခင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“လက်ရှိပြင်ဆင်နေတဲ့အခြေအနေက သူတို့နယ်ကလူတွေက သူတို့မြို့နယ်မှာ ဘယ်သူ့က အရွေးခံမယ် ဘယ်သူ့ကိုရွေးမယ်ဆိုတာ  သူတို့ပဲရွေးလာပေးတာဗျ။ လုပ်ချင်တဲ့သူနဲ့ ရွေးတဲ့လူ ကိုက်တယ်ဆိုရင် ကျနော်တို့ဆီစာရင်းပို့မှာပေါ့။ အခုအဲဒီစာရင်းတွေမရသေးဘူး။”

ပါတီအနေနဲ့ ဒေသထဲက ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်သွားဖို့၊ ဒေသအခက်အခဲတွေတင်ပြပြီး ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆောင်ရွက်ဖို့ရည်ရွယ်ထားတယ်လို့  ဆိုပါတယ်။ 

လက်ရှိ ရှမ်းနီဒေသမှာ ရှမ်းနီစာကို စာသင်ကျောင်းပြင်ပမှာသာသင်ရတာ၊ ဆရာဆရာမ ထောက်ပံ့ ကြေးမရှိတဲ့အခက်အခဲ၊ တရားမဝင်ရွှေတူးဖော်ခြင်း၊ မူးယစ်ဆေးဝါးပြဿနာ စတာတွေ ဖြေရှင်းဖို့ များစွာလိုအပ်နေတယ်လို့ ဦးစိုင်းအောင်ခင်းက ပြောပါတယ်။ 

ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီမှာ လက်ရှိပါတီဝင်ဦးရေ ၃၀၀၀ ကျော်ရှိပြီး ၊ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် လွှတ်တော် အမတ်နေရာ တစ်နေရာမှ မရခဲ့ပါဘူး။ ထိုစဉ်က ဩဂုတ်လမှာ ပါတီတည်ထောင်ခွင့်ကျပြီး နိုဝင်ဘာမှာရွေးကောက်ပွဲဝင်ရလို့ စည်းရုံးရေးဆင်းချိန် ၊ ပြင်ဆင်ချိန်သိပ်မရဘဲ စည်းရုံးရေးအတွက် ငွေရေးကြေးရေးအင်အားလည်း တောင့်တင်းမှုမရှိလို့  ရှုံးနိမ့်ခဲ့ရတာလို့ ဆိုပါတယ်။

ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတော့  အရင် ရှမ်းနီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီထဲမှာပါဝင်ခဲ့ပြီး ပါတီခေါင်းဆောင်အကြား အမြင်မတူကွဲပြားမှုတွေ ရှိတာကြောင့် အဲဒီကနေ ခွဲထွက်ပြီး ပါတီသစ် ထူထောင်ခဲ့တာပါ။

ရှမ်းနီတိုင်းရင်းသားတွေဟာ  စစ်ကိုင်းတိုင်း ၊ ကချင်ပြည်နယ်အပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် မဘိမ်း ၊ မိုးမိတ်စတဲ့ဒေသတွေမှာလည်း နေထိုင်ပြီး လူဦးရေ စုစုပေါင်း ၂ သန်း လောက်ရှိမယ်လို့ ရှမ်းနီပါတီက ခန့်မှန်းထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013