DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များပြောင်းလဲ၊ တိုင်းရင်းသားပါတီများနစ်နာနိုင်
DVB
·
July 1, 2020
ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များပြောင်းလဲ၊ တိုင်းရင်းသားပါတီများနစ်နာနိုင်
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၉ ရက်နေ့မှာထုတ်ပြန်တဲ့ မဲဆန္ဒနယ်မြေ စာရင်းမှာ ကယားပြည်နယ်မှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်စဉ်တွေကို ပြောင်းလဲထားသလို ကျေးရွာအုပ်စု တချို့ကိုလည်း မဲဆန္ဒနယ်ပြောင်းလဲလိုက်တာကို တွေ့ရပါတယ်။

ကယားပြည်နယ်မှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာရှိပြီး အဲဒီမဲဆန္ဒနယ်တွေကို အရင် ၂၀၁၅ အတိုင်း မသတ်မှတ်တော့ဘဲ ပြောင်းထားသလို ကျေးရွာအုပ်စုတချို့ကိုလည်း မဲဆန္ဒနယ် ပြောင်းထားတာကိုတွေ့ရတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က ပြောပါတယ်။

“ကျနော်တို့ကယားပြည်နယ်မျိုးသားလွှတ်တော်အနေနဲ့ ၁၂နေရာပေါ့နော်။ ၂၀၁၅ တုန်းက လွို်ငကော်ကနေ စရေခဲ့တယ်။ လွို်ငကော်ကို ၁ နဲ့ ၂ ဆိုပြီးမှ ပိုင်းခြားခဲ့တယ်။ ရှားတောက အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၇ ဖြစ်ပြီးတော့ ဘောလခဲက ၈ ကနေပြန်စပြီးတော့ မယ်စဲသည် ၁၂ နဲ့ဆုံးပါတယ်။ အခုကျတော့ ဖားဆောင်းမြို့နယ်ကစပြီးတော့ ဖားဆောင်းမှာ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၁ နဲ့ ၂ ဆိုပြီးတော့ မယ်စဲမြို့နယ်သည် ၅ ဖြစ်ပြီးတော့ ရှားတော တမြို့နယ်လုံးကလည်း ၂၀၁၅ တုန်းက မဲဆန္ဒနယ် ၇ ကနေ အခု ၁၀ ဖြစ်သွားတယ်။ လွိုင်ကော်သည် ၁ နဲ့ ၂ ကနေ အခု အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁ နဲ့ ၁၂ ဖြစ်သွားတယ်ပေါ့။ အဲဆိုတော့ ကျနော်တို့ ၇ မြို့ပဲ ရှိတာကို ၁၂ နေရာရတဲ့အတွက်ကြောင့်မို့လို့ လူဦးရေအနည်းဆုံးဖြစ်တဲ့ မယ်စဲနဲ့ရှားတောကို တမြို့နယ်လုံး မဲဆန္ဒနယ်တခုစီပေးပြီးတော့ ကျန်တဲ့ မြို့နယ်တွေက အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ ခုစီရှိရတဲ့အတိုင်းကတော့ ပြောင်းလဲဘူး။ ဒါပေမဲ့ နံပါတ်တွေ ပြောင်းလဲသွားတယ်။ အဲဒီနံပါတ်တွေ ပြောင်းလဲရခြင်းနောက်ကွယ်မှာ ပါဝင်နဲ့ရပ်ကျေးအုပ်စုတွေကြည့်လိုက်တဲ့နေရာမှာ ကျေးရွာအုပ်စုအချို့ကို နဂိုမူလမဲဆန္ဒနယ်ကနေ နောက်ထပ်မဲဆန္ဒနယ်တခုကို ပြောင်းလဲသွားတယ်။ အသိသာဆုံးကတော့ လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာအုပ်စုက နဂိုမဲဆန္ဒနယ် ၂ ထဲမှာပါတဲ့ အချိန်မှာ အခု ၁၂ ထဲမှာမရှိတော့ဘဲနဲ့ ၁၁ ထဲရောက်သွားတယ်ပေါ့။ ဒီးမော့ဆိုမြို့နယ် အရင်က ၃ ၊၄ ဖြစ်တယ်။ အခု ၆ နဲ့  ၇ ဖြစ်သွားတယ်။”

ဒီလို မဲဆန္ဒနယ်အမှတ်အစဉ် အပြောင်းအလဲလုပ်လိုက်တာဟာ တိုင်းရင်းသားပါတီအတွက် သက်ရောက်မှုမရှိပေမယ့် ကျေးရွာအုပ်စုတချို့ကို မဲဆန္ဒယ်ပြောင်းလဲလိုက်တာဟာ တိုင်းရင်းသားပါ တီအတွက် နစ်နာဆုံးရှုံးမှုတွေ ရှိစေနိုင်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသဲရယ်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့က မဲဆန္ဒနယ်ရဲ့အမှတ်စဉ်ကို ပြောင်းတယ်ဆိုတာကတော့ သိပ်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ မဲဆန္ဒနယ်တခုကနေ တခုမှာ ကျေးရွာအုပ်စုတွေကို ပြောင်းလိုက်တဲ့ ကိစ္စတွေကတော့ တချို့နေရာတွေက နည်းနည်းလေး အခက်အခဲဖြစ်လာနိုင်တယ်။ ဘာလို့လဲ ဆိုလို့ ရှိရင် ကျနော်တို့က လူမျိုးစုအလိုက် စုစည်းပြီတော့ ညီညွှတ်နေတဲ့ အခြေအနေ တခုက မဲကွဲအောင် တမင်ကြ့ရွယ်ပြီးတော့မှ ပြောင်းလိုက်တယ်လို့ပဲ ကျနော်တို့ နားလည်တာပေါ့။ ကျနော်တို့ တိုင်းရင်းသားပါတီဆိုတာက အဓိက တိုင်းရင်းသားလူမျိုးစုတွေကို အခြေခံထားတဲ့ ပါတီဖြစ်တယ်။ မဲဆိုရင်လည်းသူတို့အပေါ်မှာပဲ အခြေခံထားတယ်ဆိုတောလေ။ တချို့ဟာတွေ တစုတစည်းထဲ ရှိနေတဲ့ မဲဆန္ဒနယ်က တိုင်းရင်းသားလူမျိုးစုတခုကိုသွားပြီးတော့မှ နေရာပြောင်းရွေ့လိုက်တဲ့ အခါမှာ အနည်းနဲ့အများတော့ ရှိတာပေါ့လေ။ ဆိုတော့ ကျနော်တို့တိုင်းရင်းသားပါတီတွေက ပြန်ပြီး တော့မှ တည်ဆောက်ရမယ့်အခြေအနေမျိုးမှာ ရှိနေတယ်။”

ဒီလိုမဲဆန္ဒနယ်အပြောင်းအလဲလုပ်လိုက်တာနဲ့ပတ်သက်ပြီး ဒါဟာ မေးခွန်းထုတ်စရာတွေ အများကြီးရှိနေတယ်လို့ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

“မနေ့က ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ မဲဆန္ဒနယ်တွေ ကြေညာလိုက်တယ်ပေါ့ နော်။ အဲဒီအပေါ်မှာ သဘောမတွေ့တဲ့အကြောင်းအရင်း ၃ ချက်တော့ရှိတာပေါ့နော်။ နံပတ် ၁ အချက်က မဲဆန္ဒနယ်အပြောင်းအလဲတချို့ပါလာတယ်။ အဲဒီမှာ အပြောင်းအလဲကို ဘယ်လို လုပ်လိုက်လဲပေါ့။ လူဦးရေအပေါ်မှာမူတည်တာလား၊ ဒါမှမဟုတ်ရင် လူမျိုးတွေအပေါ်မှာ မူတည်ပြီး လုပ်လိုက်တာလားဆိုတာ ကျနော်တို့မသိရဘူး။ အဲဒါက အရေးကြီးတဲ့အချက်တချက်ဖြစ်တယ်။ နောက်တခုက မဲစာရင်းကိုကြေညာတဲ့အချိန်မျိုးမှာ တပြိုင်နက်ထဲ မဲဆန္ဒနယ်နဲ့ မဲစာရင်း တပြိုင်နက် ဖြစ်သင့်တယ်ပေါ့နော်။ အဲဒါဖြစ်သင့်ရဲသားနဲ့ မဖြစ်လာဘူး။ ဒီအခြေအနေမျိုးမှာ အပြောင်းအလဲ တချို့လုပ်လိုက်တဲ့ဟာတွေက မေးခွန်းထုတ်စရာအများကြီးဖြစ်တယ်ပေါ့နော်။ ဥပမာ ကျနော်တို့က တိုင်းရင်းသားလူမျိုးအလိုက် မဲအရွေ့အပြောင်းတွေဖြစ်သွားတဲ့အတွက် ကျနော်တို့ အတွက်အခက်အခဲတွေ အများကြီးရှိတယ်။”

ဒီလိုမဲဆန္ဒနယ်အမှတ်စဉ်ပြောင်းလဲပြီး ကျေးရွာအုပ်စုလိုက် မဲဆန္ဒနယ်ပြောင်းသွားတဲ့အပြင် ကယားပြည်နယ်မှာ ကျေးရွာကနေ မြို့အဆင့်တိုးမြင့်ထားတဲ့နေရာတွေရှိပြီး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းက တရားဝင်ထုတ်ပြန်ထားခြင်းမရှိဘဲ  ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတွေ ရှိနေတယ်လို့လည်း ဦးကျော်ထင်အောင်က ပြောပါတယ်။

“ဒါကိုအထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ သူတို့ သတ်မှတ်ချင်တဲ့ ပုံစံနဲ့ သတ်မှတ်လိုက်တယ်လို့ပဲ ကျနော်တို့အနေနဲ့ ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့လွိုင်ကော်မြို့နယ်ထဲမှာကိုပဲ လွိုင်လင်လေးမြို့ဆိုတာ ဒီအစိုးရလက်ထဲမှာမှ သတ်မှတ်ပေးလိုက်တယ်။ နောက်ထပ်ဒီလွို်ငကော်မြို့နယ်ထဲမှာပဲ လောပိတမြို့ကို သတ်မှတ်ပေးဖို့ ကြိုးစားနေတယ်ဆိုတာပဲသိပြီးတော့ အရင်တုန်းကတော့ ပြည်ထဲရေးအမည်ပေါက် ထုတ်ပြန် ကြေညာရမယ်ပေါ့။ အခုဆိုရင်တော့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးဌာနရဲ့အောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ တရားဝင်ထုတ်ပြန်ချက်တွေကို ကျနော်တို့မတွေ့ရသေးဘဲနဲ့ ဒီဇွန်လ နောက်ဆုံးပတ်ထဲမှာတင်ကို ကယားပြည်နယ်အစိုးရအဖွဲက လောပိတကျေးရွာအုပ်စုနဲ့သက်ဆိုင်တဲ့ စကားလုံးတွေကိုပဲသုံးထားပြီးတော့မှ အခုလို ပြည်ထောင်စုကော်မရှင်က ထုတ်ပြန်တဲ့အထဲမှာ လောပိတကိုမြို့အဖြစ်သတ်မှတ်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေ ဆိုတဲ့ပုံစံတွေနဲ့ ထုတ်ပြန်လာတာ ဟာ လက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်မှုထက်စောနေသလားလို့ ကျနော်တို့ သံသယရှိပါတယ်။ ”

ကယားပြည်နယ်တစ်ခုလုံးမှာ  လွှတ်တော် မဲဆန္ဒနယ် အားလုံးပေါင်း ၃၄ နေရာရှိပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အသက် ၁၈  နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ၁၇၈၃၁၆ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013