DVB Logo
Home
သုံးသပျခကျြ
ဒေါ်လာဈေးမြင့်တက်မှုနှင့်ပတ်သက်ပြီး အမြင်သဘောထား
DVB
·
May 21, 2013
ဒေါ်လာဈေးမြင့်တက်မှုနှင့်ပတ်သက်ပြီး အမြင်သဘောထား
Donate to DVB

အခုရက်ပိုင်းအတွင်း ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး တရိပ်ရိပ် တက်လာတာ ဒီနေ့ဆို တဒေါ်လာ ကျပ် ၉၄၀ လောက်ထိရှိတယ်လို့ သိရပါတယ်။ ဒေါ်လာဈေးတက်လာတာဟာ ဈေးကွက်ထဲ ၀ယ်လိုအားများတာကြောင့်လို့ ဆိုသူတွေရှိသလို ကမ္ဘာမှာ ဒေါ်လာဈေးမြင့်နေတာကြောင့်လို့ ဆိုသူတွေလည်း ရှိပါတယ်။

မေလ ၂၀ ရက်နေ့က ၇ သိန်းလောက် ထိုးကျသွားတဲ့ ရွှေဈေးဟာ ဒီနေ့တော့ ၁ ကျပ်သား ကျပ် ၇ ထောင် လောက်ထိ မြင့်တက်ပြီး တကျပ်သား ကျပ်၇ သိန်း ၇ ထောင်လောက် ပေါက်ဈေး ရှိနေပါတယ်။

ပြည်တွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အမေရိကန်ဒေါ်လာဈေး တဖြည်းဖြည်း မြင့် တက်လာနေတဲ့အပေါ် လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဒေါက်တာစိုးထွန်း (တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ)

“ပထမဆုံးစတာကတော့ ကမ္ဘာမှာ အမေရိကန်ဒေါ်လာတက်လာပြီး ရွှေဈေးကျတာက စတာ။ ပြည်တွင်းမှာ ဒုတိယ တွန်းအားပေးတဲ့ အချက်တချက်က အရင်တုန်းက အက်ဖ်အီးစီသုံးတာလေ၊ အဲဒါက သန်း ၃၀ လောက်ရှိတယ်။ အဲဒါတွေကို ဖျက်သိမ်းဖို့လုပ်တော့ ဘဏ်ထဲပြန်ထည့်ပြီး မြန်မာငွေပြန်ထုတ် ဒါမှမဟုတ် ဒေါ်လာနဲ့လဲဆိုတာ ရှိတာကိုး။ အဲဒါလည်း ဒုတိယ တွန်းအားပေးတဲ့အချက်ထဲ ပါတယ်။ ဘာလို့ဆိုတော့ သန်း ၃၀ လောက် ပြတ်လပ်သွားတာကိုး။ နောက် လူတွေက ဘာယုံကြည်နေလဲဆိုတော့ လွှတ်တော်ဥက္ကဋ္ဌကြီး သူရရွှေမန်းက ဒေါ်လာဈေး ၁၀၀၀ ဖြစ်သင့်တယ်တို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ပြောထားတာရှိတော့ အဲဒါစိတ်ထဲရှိနေကြတယ်။ နောက် မြန်မာပြည်ကလည်း Exchange Rate System က နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ရတဲ့ဘဏ် ၁၇ ဘဏ်ကနေ နေ့တိုင်း လေလံပစ်ပြီး ၀ယ်နိုင်တဲ့ဈေးပေး လေလံဆွဲတဲ့ စနစ်ကျင့်သုံးတာကိုး။ အဲမှာလည်း ဒေါ်လာ ၀ယ်လိုအား တက်နေတော့ ဈေးပိုပေးကြတယ်။ အရင်တုန်းက သိပ် ၀ယ်လိုအားမရှိတဲ့အတွက် လိုအပ်ချက်မရှိတော့ အများကြီး ပြိုင်မပေးကြဘူး။ တယောက်နဲ့တယောက် ၁-၂ ကျပ်၊ ၅ မူး ဒီလောက်ပဲ။ အခုက လေလံဆွဲရင် ပိုပေးကြတာတွေ့ရတယ်။ နောက် ဘာအခက်ရှိလဲဆိုတော့ မီးမလာတော့ လောင်စာဆီလိုအပ်ချက် ပိုများတယ်။ စက်ရုံအလုပ်ရုံတွေအားလုံးက ဒီဇယ်နဲ့လည်ရတာကိုး။ အအေးခန်းစက်ရုံဆို ၂၄ နာရီ ရပ်လို့မရဘူး။ ဒီဇယ်ဝယ်လိုအား ပိုများတယ်။ အဲဒီအကြောင်းအရာတွေ အားလုံးတိုက်ဆိုင်တော့ ဒေါ်လာဈေးတက်တာ ဖြစ်လာတယ်။”

ဦးမော် (အောင်သမာဓိရွှေဆိုင်ပိုင်ရှင်)

“ကမ္ဘာ့ရွှေဈေးတက်ရင်လည်း တက်တယ်၊ ဒေါ်လာဈေးတက်ရင်လည်း တက်တယ်။ တမြန်နေ့လောက်က ကမ္ဘာ့ရွှေဈေးကျသွားတဲ့အချိန် ငွေဈေးကမတက်ဘဲ တင်းခံနေတော့ ရွှေဈေးက ၇ သိန်းအောက် ပြန်ကျသွားတယ်။ အခုက ဒေါ်လာဈေးရော ရွှေဈေးရော နှစ်ခုပြိုင်တက်တော့ ၇ သိန်းကျော်ထိ တက်သွားတာ။”

ပို့ကုန်လုပ်ငန်းရှင်တဦး

“အရင်အလုပ်လုပ်ခဲ့တာ ၁ ဒေါ်လာကို ၁၀၀၀ အထက်မှာ လုပ်ခဲ့တာ။ အခု ၈၀၀ ကျော်နဲ့ အလုပ်လုပ်ရတော့ တချို့အပိုင်းလေးတွေမှာ အရှူံးခံပြီး လုပ်ငန်းလည်ပတ်အောင်၊ လုပ်ငန်းမရပ်သွားအောင် ထိန်းလုပ်ရတဲ့ အပိုင်းလေးတွေရှိတယ်။ အခုလို ဒေါ်လာဈေးပြန်မြင့်တက်လာတယ်ဆိုတော့ ကျမတို့ ပို့ကုန်လုပ်ငန်းရှင်တွေအားလုံးကတော့ ၀မ်းသာတယ်၊ အဆင်ပြေသွားကြတာပေါ့နော်။ အရှုံးနည်းသွားမယ်၊ အမြတ်ပြန်ရလာတယ်။ ဒေါ်လာဈေးကတော့ ၉၀၀ ကျော်ဆို ပိုပြီး စိတ်ချမ်းသာစရာကောင်းတယ်။ ၉၀၀ အောက်ဆိုရင် တော်တော်လေး အဆင်မပြေကြဘူး။”

တယ်လီဖုန်းဟန်းဆက်အရောင်းဆိုင် ပိုင်ရှင်တဦး

“အရင်  အိုင်ဖုန်း ၅ တလုံးကို ဈေးအနိမ့်ဆုံး ၆၂-၆၃ လောက်ထိ ရောင်းဖူးတယ်လေ။ အခုဆို ၆၆ ခွဲလောက် ရောင်းနေရတယ်။ အဲဒါတောင် သိပ်အဆင်မပြေဘူး။ ငွေဈေးက ဆက်တက်တယ်။ အခုက ကျနော်တို့ကရောင်းလိုက်၊ ပြန်ဝယ်ရင် အဲဒီဈေးနဲ့မရနဲ့ တော်တော် ဒုက္ခရောက်တယ်။ ငွေဈေးတောက်လျှောက်တက်နေတော့။ တက်နေတာ ၁ လလောက် ရှိပြီ။”

အောင်ချိန်ဘွား (ဘောဂဗေဒစာရေးဆရာ)

“ပို့ကုန်ဝင်ငွေ ပိုရဖို့အတွက် ပြည်တွင်းဒေါ်လာတက်ဖို့ လိုတယ်ဆိုတဲ့ အယူအဆဟာ လွဲမှားတယ်။ ပို့ကုန်သမားတွေက ပြန်တင်သွင်းပြီး ကျပ်ငွေထွက်ပြီဆိုမှ ငွေချေတာဖြစ်လို့ ပို့ကုန်ရော၊ သွင်းကုန်မှာပါ မြတ်တဲ့အတွက် ဒေါ်လာဈေးဆိုတာ တက်စရာမလိုပါဘူး။ လူကြီးတွေ အဲဒီအချက်ကို သဘောပေါက်မယ်ဆိုရင် ဒေါ်လာဈေး ဆွဲတင်စရာအကြောင်းမရှိပါဘူး။ အခုက ပို့ကုန်သမားတချို့ရဲ့ တိုက်တွန်းမှုနဲ့ ဒေါ်လာဈေးဆွဲတင်ဖို့ စဉ်းစားနေတယ်။ နောက်တချက်က ပို့ကုန်ပရိုမိုးရှင်းလုပ်မယ်ဆိုရင် ဒေါ်လာဈေးတက်ရမယ်၊ မြန်မာကျပ်ငွေ တန်ဖိုးချရမယ် ဆိုတဲ့ စီးပွားရေးဥပဒေသကရှိနေတော့ တချို့ကလည်း ပို့ကုန်ပရိုမိုးရှင်းလုပ်ဖို့ ဒေါ်လာဈေးချရမယ်ဆိုတဲ့ သဘော။ အဲဒါတွေကလည်း ယှဉ်ပြိုင်မှုရှိမှပါ။ မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပို့ကုန် ကုန်ပစ္စည်းတွေက ပြိုင်မယ့်ဟာ ဘာမှမရှိပါဘူး။ ဒါကြောင့် ဒေါ်လာဈေးအတက်အကျမှာ ပို့ကုန်ပရိုမိုးရှင်းအတွက် ငွေတန်ဖိုးချဖို့မလိုပါဘူး။ ဒါတွေ သဘောပေါက်ရင် အဆင်ပြေသွားမှာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013