DVB Logo
Home
မြန်မာသတင်း
ဆွေမျိုးကောင်းစားရေးဝါဒ စိစစ် အရေးယူပေးရန် စစ်အာဏာရှင်လွှတ်တော်၌ တိုက်တွန်း 
DVB
·
July 15, 2026
Photo: Hluttaw
Photo: Hluttaw
Donate to DVB

အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုစာရင်း မှတ်ပုံတင်တာ၊ တဆင့်ခံကုမ္ပဏီထူထောင်တာ၊ အစ်ကိုကြီး၊ ညီလေး၊ အဘနဲ့ သား၊ အစ်မကြီးနဲ့ သမီး စတဲ့ အမျိုးအဆွေကောင်းစားရေးဝါဒနဲ့ လက်သိပ်ထိုးလုပ်ငန်းစဉ်တွေကို စိစစ်အရေးယူဖို့ စစ်အာဏာရှင်ဩဇာခံ အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက တိုက်တွန်းလိုက်ပါတယ်။ 

မိဘအမွေလည်း မရ၊ ထီလည်း မပေါက်၊ လက်ထက်ပွားလည်းမရှိပါဘဲ ရရှိတဲ့လစာနဲ့ သုံးစွဲမှု ပိုင်ဆိုင်မှု ပုံစံမညီမျှတာတွေကို ကြပ်မတ်ရပါလိမ့်မယ်။ သင်္ကာမကင်းဖြစ်ရုံ၊ နာမည်ကျော်စောရုံနဲ့ စစ်ဆေးခွင့်ရှိရင် ပိုအဆင်ပြေ ထိရောက်ပါလိမ့်မယ်လို့လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက စစ်ကိုင်းတိုင်းဒေသကြီး အမှတ် ၁၁ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက ပြောပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်တာမှာ အခွန်တွေ စနစ်တကျ ကောက်ခံရရှိရေးနဲ့ ပြည်သူတွေ၊ အစိုးရဌာနတွေနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတွေ ဆောင်ရွက်တာမှာ အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အခွန်နဲ့ အဂတိကို ထိရောက်တဲ့ အစီအမံတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စစ်အာဏာရှင်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဇူလိုင် ၁၃ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးတာမှာ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက တိုက်တွန်းလိုက်တာပါ။

အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး သတင်းပေးသူရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးပြီး အဂတိလိုက်စားမှုကော်မရှင်ကို လုပ်ပိုင်ခွင့်အပြည့်အဝပေးကာ ထိထိရောက်ရောက် ကိုင်တွယ်စေသင့်တယ်လို့ ဆို ပါတယ်။

ဒီလိုလုပ်ဖို့အတွက် အထက်ကစပြီး တပြေးညီတာဝန်ခံမှုရှိဖို့၊ Institution လွတ်လပ်မှု၊ အဂတိတိုက်ဖျက်ရေး၊ တရားစီရင်ရေးနဲ့ မီဒီယာတွေ လွတ်လပ်ဖို့၊ ဝန်ထမ်းတွေ လုံလောက်တဲ့ လစာရရှိဖို့၊ အရည်အချင်းအခြေပြု ဝန်ထမ်းခန့်အပ်မှုနဲ့ ဝန်ထမ်းကျင့်ဝတ်သင်တန်းတွေပေးဖို့၊ နည်းပညာ e-government စနစ်နဲ့ လူသားအထိအတွေ့ လျော့ချဖို့ စတဲ့အချက်တွေ ဟန်ချက်ညီညီ ထိန်းကွပ်မှသာ အဂတိမှေးမှိန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဂတိလို့ပြောရင် လာဘ်ငွေယူမှ အဂတိမြောက်တယ်လို့ ယေဘုယျနားလည်ထားကြပါတယ်။ တကယ်တော့ အဂတိဟာ လာဘ်စားတာတခုတည်း မဟုတ်ပါဘူး။ ရာထူးတာဝန်အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး မိမိကိုယ်ကျိုး၊ မိမိအသိုက်အဝန်း ကောင်းစားရေးအတွက် လုပ်ကိုင်ဆောင်ရွက်တာတွေ၊ နိုင်ငံတော်ပိုင်ဘဏ္ဍာငွေ၊ အချိန်နဲ့ ပစ္စည်းကိရိယာတွေကိုသုံးပြီး အကျိုးစီးပွားပဋိပက္ခ ဖြစ်ပေါ်စေတာတွေ အားလုံးဟာ အဂတိတရား ဖြစ်ပါတယ်လို့လည်း ဦးပြည့်ဖြိုးစံက ပြောပါတယ်။

ရှုပ်ထွေးတဲ့ ရုံးလုပ်ငန်းစဉ်တွေကို သာမန်ပြည်သူတွေ နားလည်ဖို့ မလွယ်ကူသလို နေ့စဉ်နဲ့အမျှ လူလူချင်း ထိတွေ့မှု များပြားလာတာကနေ အဂတိတရားတွေက ပေါက်ဖွားနေတာကြောင့် ပြည်သူတွေ ရုံးမလာခင် ဘယ်လိုစာရွက်စာတမ်းတွေ ယူလာရမယ်ဆိုတာကို ရုံးအပြင်နဲ့ ရုံးတွင်းမှာ သတိပေးစာကပ်တာ၊ website နဲ့ လူမှုကွန်ရက်တွေမှာ ရှင်းရှင်းလင်းလင်း ကြိုတင်အသိပေးထားရမယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အဂတိတရားကို ထိရောက်စွာ နှိမ်နင်းပြီး ဖွံ့ဖြိုးသွားတဲ့ နိုင်ငံတွေရဲ့ တူညီချက်တွေကို လေ့လာကြည့်ရင် တင်းကျပ်ပြတ်သားတဲ့ တရားဥပဒေစိုးမိုးရေးရှိတာ၊ ဝန်ထမ်းတွေကို လူမှုစီးပွားဖူလုံအောင် ထောက်ပံ့ပေးထားတာ၊ စုံစမ်းစစ်ဆေးမဲ့ အဖွဲ့အစည်းတွေကို အမှီအခိုကင်းကင်း လွတ်လပ်ခွင့်ပေးထားတာနဲ့ လုပ်ငန်းစဉ်တွေကို ဒီဂျစ်တယ်စနစ်နဲ့ ရိုးရှင်းအောင် လုပ်ဆောင်ထားခြင်းတို့ပဲ ဖြစ်တယ်လို့လည်း ဦးပြည့်ဖြိုးစံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013