DVB Logo
Home
မြန်မာသတင်း
သာယာဝတီတိုးဂိတ်တွင် လူနာမပါသည့် လူနာတင်ယာဉ်များကို ညဘက်ဖြတ်သန်းခွင့်ပြုစေလို
DVB
·
June 30, 2020
သာယာဝတီတိုးဂိတ်တွင် လူနာမပါသည့် လူနာတင်ယာဉ်များကို ညဘက်ဖြတ်သန်းခွင့်ပြုစေလို
Donate to DVB

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်ထားတာ ကြောင့် လူနာမပါတဲ့ လူနာတင်ယာဉ်တွေကို  သာယာဝတီတိုးဂိတ်က ဖြတ်သန်းခွင့် မပြုတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့  ပရဟိတအဖွဲ့တွေက ပြောပါတယ်။

သာယာဝတီမြို့နယ်အတွင်းမှာရှိတဲ့ လမ်းကြေးကောက်ခံနေတဲ့ဂိတ်ကနေ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း လူနာမပါတဲ့ လူနာတင်ကားတွေကို ဖြတ်သန်းသွားလာခွင့် မပြုဘဲ တားမြစ်ထားတာ ဖြစ်ပါတယ်။

ပြည်မြို့၊ ဂရုဏာသိဒ္ဓိလူမှုကယ်ဆယ်ရေးအသင်းမှ ကိုကောင်းခန့်ကျော်က "မနေ့ညက ကျနော်တို့အသင်းက ကားနှစ်စီးရှေ့ဆင့်နောက်ဆင့်ထွက်ပြီး ရန်ကုန်ကို လူနာကြိုဖို့သွားပါတယ်။ သာယာဝတီ toll ဂိတ်ကို ရောက်တော့ ၁ နာရီခွဲ လောက်ရှိပြီပေါ့။ ကျနော်တို့ ဂိတ်ကို သွားပြောတယ်။ လူနာသွားကြိုမှာပါ ဆိုတာကို မလွှတ်ပေးဘူးဗျ၊ လူနာမပါတဲ့ အတွက်ကြောင့် မလွှတ်ပေးနိုင်ဘူးလို့ ပြောပါတယ်၊ သွားခွင့်မပြုဘူးဆိုပြီး ကျနော်တို့ကို ရဲက ပိတ်ထားပါတယ်။ မနက် ၁ နာရီခွဲကနေ မနက် ၄ နာရီအထိ သာယာဝတီတိုးဂိတ်မှာပဲ စောင့်ခဲ့ရပါတယ်။ ဘာကြောင့်ပိတ်ရတယ်ဆိုတာလည်း မပြောပါဘူး။"လို့ ပြောပါတယ်။

ပြည်ကနေ ရန်ကုန်အထိ ကျန်တဲ့ဂိတ်တွေတော့ ဖွင့်ထားပြီး သာယာဝတီတိုးဂိတ်တစ်ခုပဲ ပိတ်ထားတဲ့အတွက် လူမှုရေးအဖွဲ့အစည်းကားတွေမှာ ဘယ်လိုမှ အဆင်မပြေပါကြောင်း ကိုကောင်းခန့်ကျော်က ပြောပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး သာယာဝတီမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ကို ဆက်သွယ် မေးမြန်းရာမှာ"ကျနော်တို့ အခု ကိုဗစ်-၁၉  ကာလအတွင်းမှာ မနက်တစ်ဆိုင်း ညတစ်ဆိုင်း လှည့်လည်ပြီး၊ လုံခြုံရေးတိုးမြှင့်ထားပါတယ်။ အရင်ကထက်လည်း အင်အားတိုးထားပါတယ်။ သာယာဝတီတိုးဂိတ်မှာက ၁ + ၇ နဲ့ တိုးမြှင့်ထားပါတယ်။ လူနာတင်ယာဉ်တွေနဲ့ ပက်သက်လို့ ကတော့ စစ်ဆေးခဲပါတယ်။ လူနာပါလာရင်တော့ အချိန်မရွေးဖြတ်သန်းခွင့်ပေးပါတယ်။ လူနာ မပါလာရင်တော့ ဖြတ်သန်းခွင့်မပေးပါဘူး။ " လို့ ပြောပါတယ်။

အရင်က လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ လူနာတင်ယာဉ်တွေကို အချိန်ကန့်အသတ်မရှိ ဖြတ်သန်းစေခဲ့ပေမဲ့၊ အခုရက်မှာ လူနာတင်ယာဉ်တွေနဲ့ ပက်သက်ပြီး လူနာမပါလာရင် ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ဖြတ်သန်းခွင့်မပေးရခြင်းက မြို့နယ်ထွေ/ အုပ်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရဲမှူးစခင်ဇော်ထံက ပြောပါတယ်။

မင်းလှမြို့နယ်လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ကိုသိန်းဇော်ကတော့ "ကျနော်တို့က အခကြေးငွေနဲ့ လုပ်တဲ့ လိုင်းကားတွေလည်း မဟုတ်ဖူး၊ အချိန်အကန့်အသတ်နဲ့ လုပ်ရတဲ့ အလုပ်လည်း မဟုတ်ဘူး။ အသက်အန္တရာယ်တွေစိုးရိမ်ပြီး၊ စက္ကန့်ပိုင်းတောင် အချိန်မပေး နိုင်တဲ့ အခါမျိုးမှာ ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်တယ်။ အခုလိုကန့်သတ်တာက လုံးဝ အဆင်မပြေပါဘူး။ လူနာတင်ကားတွေကို အကြောင်းပြပြီး သစ်ခိုးထုတ်တာတွေ၊ အခကြေးငွေယူပြီး ပါစင်ဂျာ​တင်တာတွေကို စုံစမ်းဖော်ထုတ်ပြီး လုပ်ဆောင်ရမှာက ဌာနဆိုင်ရာတွေရဲ့တာဝန်ပဲ။ ကျနော်တို့တာဝန်က ဘယ်သူကမှ မခိုင်းတဲ့ ပရဟိတတာဝန်မှာ အဲ့ဒီကားတွေက လူနာမပါလို့ဆိုပြီး မဖြတ်ရလို့ အဲ့ဒီဂိတ်မှာ ၂ နာရီ ၃ နာရီနေနေရတဲ့အချိန်မှာ ဒီဘက်က အရေးပေါ်အက်စီးဒင့်ဖြစ်လို့ ကားမရှိဘူးဆိုရင် ဒီက ဖြစ်နေတဲ့လူတွေရဲ့ အသက်အန္တရာယ်ကို မကယ်ဆယ်နိုင်ဘူး ဖြစ်မှာပါ။ " လို့ သုံးသပ်ပြောကြားပါတယ်။

ပရဟိတသမားတွေမှာ မိသားစုက စောင့်နေကြတာတွေ၊ သူတို့ရဲ့အိမ်ပြန်ချိန်တွေရှိတဲ့အတွက် သာယာဝတီတိုးဂိတ်ကနေ အခုလိုဆက်လက်ပိတ်ဆို့နေမယ်ဆိုရင် ပရဟိတလုပ်သူတွေ၊ ယာဉ်မောင်းပေးသူတွေ နည်းလာနိုင်ပြီး၊ အချိန်မတော်ထွက်ရမယ့်ကိစ္စတွေမှာ လုပ်မယ့်လူ မရှိတော့လို့ အခက်အခဲတွေ ဆက်လက်ဖြစ်ပေါ်လာနိုင်တာကြောင့် ဒီကိစ္စရပ်တွေကို သာယာဝတီခရိုင်က တာဝန်ရှိသူတွေကို သွားရောက်တင်ပြဆွေးနွေးပေမယ့် လည်း ပြေလည်မှု မရသေးပါဘူး။

ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေကြောင့် ကျန်းမာရေးဝန်ကြီးဌာနနဲ့ လမ်းညွှန်ချက်နဲ့ အညီ၊ ပဲခူးတိုင်းဒေသကြီးအစိုးရက ညမထွက်ရ အမိန့်ကို ဧပြီ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့ပြီး၊ ရက်တိုးထုတ်ပြန်လာခဲ့ရာ ၂၀၂၀  ဇူလိုင် ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရှိရပါတယ်။

သတင်း/ဓာတ်ပုံ - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013