DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် RCSSနှင့်တပ်မတော်တိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင် 
DVB
·
June 29, 2020
ကျောက်မဲတွင် RCSSနှင့်တပ်မတော်တိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင် 
1 / 5
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအုပ်စုထဲမှာ ဇွန် ၂၈ မနက်ကနေ ဒီနေ့မနက်အထိ ရှမ်းပြည်တပ်မတော် RCSS  နဲ့  မြန်မာ့တပ်မတော်တို့ကြား ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့လို့ ရွာသား ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ၊  ၃၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ကျောက်မဲမြို့နယ်တောင်ဘက် ၈ မိုင်လောက်ကွာ ပန်လော့အုပ်စု အက်ကီး၊ နမ့်ဖတ် ပြိန်းနိမ်၊ ကျေးရွာအနီးတဝိုက်မှာ မနေ့က ပစ်ခတ်မှုတွေရှိပြီး ဒီနေ့မနက်မှာလည်း ပန်ခဲန်ရွာနားမှာ ထပ်ပြီးပစ်ခတ်ကြလို့ ရွာသား ၁ ဦးသေဆုံးပြီး ရွာသူ ၁ ဦး ဒဏ်ရာရတာကြောင့် နောင်ချို ဂုတ်ထိပ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့  ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ကနေ့မနက် ကျနော်တို့ပါတီဝင်နဲ့ ကော်တိုင်းရှမ်းလူငယ်အဖွဲ့တွေ ပန်လော့ဘုန်းကြီး ကျောင််က စစ်ပြေးရှောင်တွေဆီရောက်ခဲ့ပါတယ်။ အားလုံး အယောက် ၂၀၀ ကျော်ရှိမယ်။  သူတို့ လိုအပ်ချက်တွေ အရင်သွားကြည့်တာပါ။ အဓိကလိုတာကတော့ စားနပ်ရိက္ခာပေါ့နော်။ ဒီတသုတ်က မနေ့မနက်က တိုက်ပွဲဖြစ်လို့ ပြေးလာတာ၊ ကနေ့မနက်မှာကျတော့ ဟိုင်းကွီ၊ ပန်ကျင်ရွာဘက်မှာ ထပ်ဖြစ်တယ်။ အဲဒီမှာ လက်နက်ကြီးကျည်သင့်လို့ ပန်ကျင်ရွာသား ၁ ယောက်သေဆုံးပြီး ရွာသူ ၁ ယောက် ဒဏ်ရာရတယ်။ သူ့ကို နောင်ချိုဂုတ်ထိပ်ဆေးရုံ ပို့ထားပြီး ရွာသားပေါင်း ၁၀၀ ကျော်က တော့  နောင်ချိုဂုတ်ထိပ် အောင်ဓမ္မာရုံဘုန်းကြီးကျောင်းမှာ သွားစုနေကြပါတယ်ခင်ဗျ။”

ဒါ့အပြင် မနေ့က ဟိုင်းကွီရွာသား ၄ ယောက်နဲ့ မော်တော်ကား ၁ စီးကို မြန်မာ့တပ်မတော်ဘက်က ချောဆွဲသွားကြောင်း၊ အဲဒီကိစ္စကို လွှတ်တော်ကိုယ်စားလှယ်က  ကျောက်မဲ စကခ ဆီ ဆက်သွယ်ညှိနှိုင်းပေးခဲ့လို့ ပြန်လွတ်လာပြီလို့ ဆိုပါတယ်။ 

  ကျောက်မဲမြို၊ နမ့်ခုံးရှမ်းများပရဟိတအသင်း ဥက္ကဋ္ဌ ဦးစိုင်းကူးကလည်း  တိုက်ပွဲ ရှောင်တွေဟာ ပန်လော့ရွာအပြင် နမ့်ဖတ်ကျောင်းတိုက်မှာလည်း ၄၀ ကျော်ရှိသေးတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့မနက် ၁၁ နာရီလောက်က ပန်လော့အုပ်စု နမ့်ပဲန်ဘုန်းကြီးကျောင်းမှာ ၂၃၀ ဦး ရောက်လာပြီး နမ့်ဖတ်ကျောင်းတိုက်မှာလည်း နောက်ထပ်  ၄၀ ကျော် ၅၀ နီးပါး ရှိသေးတယ်။ အဝတ်တထည်ကိုယ်တခုနဲ့ ပြေးလာကြတာ၊ ဘာမှလည်းမပါဘူး။ ကျနော်တို့ နမ့်ခုံး သာရေးနာရေးအသင်းက မနေ့က သွားပြီး  ဆန်၊ ကြက်သွန်၊ ကုလားပဲတွေ သွားပို့ပေးခဲ့ပါတယ်။”

တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းကို မသိရကြောင်း၊ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့က RCSS တပ်က ဟိုင်းကွီရွာဘက်မှာ မူးယစ်ဆေးတွေ မီးရှို့ ဖျက်ဆီးပြီး အခမ်းအနားလုပ်ခဲ့ကြောင်း၊  နောက်နေ့မနက်မှာ တပ်မတော်ယာဉ်တန်း အစီး ၂၀ ကျော် တက်သွားတာတွေ့ပြီး နှစ်ဘက်ရင်ဆိုင် ပစ်ခတ်တာဖြစ်နိုင်တယ်လို့  ကျောက်မဲဒေသခံတွေက ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဗွီဘီက RCSS တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ရှမ်းပြည်တပ်မတော် RCSS ဟာ အစိုးရနဲ့ အန်စီအေ တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားတဲ့အဖွဲ့ဖြစ်ပြီး  အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လမ်းစဉ်အတိုင်း ဆောင်ရွက်လျက်ရှိစဉ် ခုလိုထိ တွေ့ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတာပါ။ 

ပြည်သူလူထုဟာ လတ်တလော ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်မှုအန္တရာယ်ကြောင့် အလုပ်အကိုင်ကို ပုံမှန်မလုပ်နိုင်လို့ စားဝတ်နေရေးကြပ်တည်းနေတဲ့ကြား အခုလို တိုက်ပွဲဖြစ်ရ ပြန်တော့ စစ်ရှောင်သူအတွက်ရော စစ်ရှောင်ကူညီလက်ခံထားတဲ့ ရွာတွေအတွက်ပါ ပိုပြီးအခက်အခဲ ဖြစ်စေလို့ တိုက်ပွဲဖြစ်စေမယ့်ကိစ္စမျိုးတွေ တတ်နိုင်သလောက်ရှောင်ရှားပေးဖို့ မေတ္တာရပ်ခံ လိုကြောင်း  နမ့်ခုံးရှမ်းများပရဟိတအသင်း ဥက္ကဋ္ဌ ဦးစိုင်းကူးက ပြောသွားပါတယ်။ 

ဓာတ်ပုံ - Sai Ku

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013