DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည် လူဦးရေစာရင်း ကောက်ယူရာတွင် ရုန်းရင်းဆန်ခတ်မှု တရားစွဲမည်
DVB
·
May 20, 2013
ရခိုင်ပြည် လူဦးရေစာရင်း ကောက်ယူရာတွင် ရုန်းရင်းဆန်ခတ်မှု တရားစွဲမည်
Donate to DVB

ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ်မှာ စီမံချက်တရပ်ချမှတ်ပြီး လူဦးရေစာရင်း စတင်ကောက်ယူတဲ့နေ့မှာပဲ ရုန်းရင်းဆန်ခတ်ဖြစ်လို့ စီမံချက်ရပ်ထားရပြီးနောက် ဖမ်းဆီးထားတဲ့ မွတ်စလင် ၉ ဦးကို မေ ၂၆ ရက်နေ့ ရုံးတင်တော့မယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်ထောင်စုအစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနက ဦးစီးပြီး ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ ဆွဲတင်စစ် စီမံကိန်းဖြစ်တဲ့ လူဦးရေစာရင်းကို ကောက်ယူတဲ့ ဧပြီ ၂၆ နေ့မှာပဲ ပြဿနာဖြစ်ခဲ့ပြီး ဖမ်းဆီးခဲ့တာပါ။ ဆွဲ ဆိုတာက မြေပြင်အခြေအနေကို မြေပုံဆွဲ၊ တင် ဆိုတာက မှတ်တမ်းတင်၊ စစ် ဆိုတာကတော့ စစ်ဆေး ဆိုတဲ့အပိုင်းဖြစ်တယ်။

[caption id="attachment_27888" align="alignleft" width="300" caption="Photo_ Reuters"][/caption]

ဧပြီ ၂၆ ရက်မှာ စစ်တွေမြို့ သက်ကယ်ပြင်နဲ့ ဗောလုဝ ဒုက္ခသည်စခန်းတွေကို ၀င်ရောက်ပြီး လူဦးရေစာရင်းကောက်ယူရာမှာ ရိုဟင်ဂျာအဖြစ်သာ ဖြည့်သွင်းပေးဖို့ ဒုက္ခသည်တွေက တုံ့ပြန်တာကြောင့် တဖက်နဲ့တဖက် အဓိကရုန်းဆန်ဆန်ဖြစ်ခဲ့ပြီး အော်ဟစ် ခဲနဲ့ပစ်ပေါက်ခံခဲ့ရတဲ့အတွက် သေနတ်ဖောက် လူစုခွဲခဲ့ကြပါတယ်။

အဲဒီနောက် သက်ကယ်ပြင်စခန်းက ၇ ဦးနဲ့ ဗောလုဝစခန်းက ၂ ဦးကို ဖမ်းဆီး စစ်ဆေးနေတာပါ။ ဖမ်းဆီးထားသူ ၉ ဦးကို မေ ၂၆ ရက်နေ့မှာ တရားရုံးတင်မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးအရာရှိလည်းဖြစ် ပြည်နယ်ဥပဒေချုပ်လည်းဖြစ်တဲ့ ဦးလှသိန်းက ပြောပါတယ်။

“မေလ ၂၆ ရက်နေ့မှာ ရုံးတင်တရားစွဲသွားမှာဖြစ်ပါတယ်။ အရေးယူထားတဲ့ ပုဒ်မကတော့ လူစုလူဝေးနဲ့အကြမ်းဖက်တယ်ဆိုတဲ့ပုဒ်မ ၁၄၈၊ နောက် ပြည်သူ့ဝန်ထမ်းအလုပ်ကို ဥပဒေနဲ့လုပ်တာကို နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၃၃ ပါပါတယ်။ အဲမှာကြားကြမှာပါ။ တပ်မတော်သားတယောက် ခေါင်းထိခိုက်နာကျင်ပြီး ဆေးရုံတက်ရောက် ကုသရတယ်။ နောက် ဖြစ်စဉ်ဖြစ်တုန်းကလည်း ၂၆၊ ၂၇ အင်တာနက်တွေမှာ သတင်းတွေ တက်ပြီးဖြစ်တယ်။ အဲမှာတချို့ဝန်ထမ်းတွေက သက်ဆိုင်ရာကို ဖုန်းနဲ့အကြောင်းကြားတဲ့ပုံတွေမှာ ဖုန်းလုယူတာတွေ ရှိတဲ့အတွက် လုယက်မှု ၃၈၂ လည်းပါတယ်။ ဒါ့အပြင် ပြည်သူ့ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး တာဝန်မထမ်းဆောင်ရဲတော့အောင်၊ လတ်တလောအန္တရာယ်ကျအောင် မင်းတို့ကိုလုပ်မယ် ဆိုပြီး ခြိမ်းခြောက်လို့ ပြည်သူ့ဝန်ထမ်းတွေ ကြောက်ရွံ့သွားလို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၆၊ ဒါတွေနဲ့ အရေးယူထားတယ်။”

ဖမ်းဆီးခံရသူတွေကတော့ သက်ကယ်ပြင်ကျေးရွာက ရပ်မိရပ်ဖ ဦးကျော်မြင့်နဲ့ သား ကိုလှမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ခင်၊ အရန်မီးသတ်ဗိုလ် ဦးစံနှင်း၊ ရပ်မိရပ်ဖ ဦးဘသာ၊ ပြဿနာစဖြစ်တဲ့အိမ်က ဒေါ်ဆိုလီမာခါတွန်နဲ့ သား ကိုစောလင်း၊ ဗောလုဝစခန်းက ကိုဇော်မင်းနဲ့ ကိုအာမီရားမန်းတို့ ဖြစ်ပါတယ်။

သက်ကယ်ပြင်နဲ့ ဗောလုဝဒုက္ခသည်စခန်းတွေကို မေးမြန်းရာမှာ ဖမ်းဆီးခံရသူတွေအတွက် သတင်းအချက်အလက် မရကြောင်းနဲ့ ရန်ကုန်က ဆွေမျိုးတွေကတာ့ ရှေ့နေလိုက်ပါနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖြေဆိုပါတယ်။

“သက်ကယ်ပြင်ကလူတွေ ဘယ်သူမှသွားတွေ့ခွင့်မရှိဘူး။ ထမင်းပို့လို့မရဘူး။ သူတို့ဘယ်လို ထားတယ်၊ နေထိုင်နေတယ်ဆိုတာလည်း သတင်းအစအန မရှိဘူး။ ရန်ကုန်က ရှေ့နေငှားပေးမယ်တော့ ပြောတယ်၊ ရောက် မရောက် မသိရသေးပါဘူး။”

ဦးလှသိန်းကတော့ ဒီစီမံချက်ဟာ ရခိုင်ပြည်နယ်တ၀န်းမှာ လူဦးရေ စာရင်းကောက်ယူဖို့ အဖွဲ့ ၆၃ ဖွဲ့နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူတာ မဟုတ်တဲ့အကြောင်းနဲ့ ရခိုင်အစီရင်ခံစာပါအချက်တွေကို အကောင်အထည်ဖော်တာဖြစ်ကြောင်း ရှင်းပြပါတယ်။

“စီမံချက်ရဲ့ ရည်ရွယ်ချက်ကတော့ ဒီဒေသမှာ ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ တရားဝင်၊ တရားမ၀င် ဘယ်လောက်ရှိသလဲ။ နောက် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း။ ဒါဟာ ကျနော်တို့ ပြန်လည်နေရာချထားရာမှာ အထောက်အကူပြုအောင် ကောက်တဲ့စာရင်းပါ။ ဒါ သန်းခေါင်စာရင်း ကောက်တာ မဟုတ်ဘူး။ ရှေ့ပြေးသန်းခေါင်စာရင်းလည်း မဟုတ်ဘူး။ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာထုတ်ရာမှာ လူထုကို ပြန်လည်နေရာချထားဖို့ လိုတယ်။ အသက်မွေးဝမ်းကြောင်း လုပ်မယ့် လူတွေကို ထူထောင်ပေးရမယ်ဆိုတော့ ကျနော်တို့က ကြည့်ရတော့မယ်။ သူက တံငါလား တံငါဆို လှေပေးမယ်။ ပိုက်ပေးသင့်သူပေးမယ်၊ ကွန်ပေးသင့်သူပေးမယ်။ လယ်လုပ်မယ့်သူဆိုရင်လည်း ၅ ဧကရှိလား၊ ၅ ဧက ရှိသူဆို လက်တွန်းလယ်ထွန်စက်လိုသလား၊ နွားလိုသလား။ မျိုးစပါးလိုသလား၊ ဒါတွေ ရည်ရွယ်ကောက်တာပါ။ မကောက်ခင်လည်း ဒီလိုကောက်မယ်ဆိုတာကို ရှင်းလင်းပြောပြတယ်။ နောက် ဘယ်လိုဖြစ်ပြီး နားလည်မှုတွေလွဲသလဲမသိဘူး၊ သွားကောက်တဲ့နေ့မှာပဲ အဆင်မပြေဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ စီမံချက်ကို ရပ်ထားပါတယ်။”

ဆွဲတင်စစ်စီမံချက်ကိုတော့ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။

အစိုးရက ဧပြီ ၂၄ ရက်နေ့က ပြည်နယ်အစိုးရ၀န်ကြီးချုပ်တွေပါ တက်ရောက်တဲ့အစည်းအဝေးကနေ ဆွဲတင်စစ်လို့ အမည်ပေးထားတဲ့ လူဦးရေ စာရင်းကောက်ယူတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013