DVB Logo
Home
မေးမြန်းခန်း
ကြေးနီစီမံကိန်းနည်းတူ မြစ်ဆုံစီမံကိန်းကို စစ်ဆေးရန် တရုတ်ကုမ္ပဏီလိုလား
DVB
·
May 20, 2013
Donate to DVB

မြစ်ဆုံဆည်စီမံကိန်းကို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနည်းတူ လာရောက် စစ်ဆေးစေချင်တယ်လို့ တရုတ် စီပီအိုင်ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေရဲ့ မေ ၁၀ရက်ကနေ ၁၈ ရက်ထိ ၁၀ရက်ကြာ လေ့လာရေးခရီးစဉ်အတွင်း လေ့လာရေးအဖွဲ့နဲ့ တရုတ်ကုမ္ပဏီတို့ တွေ့ဆုံခိုက် ကုမ္ပဏီဘက်က အခုလို ပြောဆိုခဲ့တာဖြစ်ကြောင်း လေ့လာရေးအဖွဲ့မှာ လိုက်ပါသွားတဲ့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

အန်အယ်ဒီပါတီဝင်တွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ လေ့လာရေးခရီး သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒေါ်နန်းခင်ထွေးမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကျနော်တို့ကြားတာတခုက မြစ်ဆုံစီမံကိန်းလာလုပ်နေတဲ့ ကုမ္ပဏီနဲ့တွေ့တော့ အန်တီတို့ အဖွဲ့ကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပေးဖို့ စီမံကိန်းပြန်စချင်တယ်ဆိုတဲ့ အသံကြားရပါတယ်။ ဟုတ်ပါသလား။

“ကျမတို့ကို ရှင်းပြတာက ကမ္ဘာပေါ်မှာလျှပ်စစ်ဓာတ်အားကို ရေအားကထုတ်တာက ကုန်ကျစရိတ်အသက်သာဆုံးပေါ့။ ဒီဟာ သူတို့ဘယ်လောက်ကုန်ကျထားတယ်၊ ပေးထားရတယ်။ သဘာဝပတ်ဝန်းကျင်ကို သူတို့ဘယ်လိုထိန်းသိမ်းပေးတယ်ပေါ့။ သူတို့ကိုလည်း ကြေးနီတောင်စီမံကိန်းလိုပဲ လာစစ်ဆေးစေချင်တယ်ပေါ့။ သူတို့ဘယ်လို သေသေချာချာလုပ်ပေးထားတယ်ဆိုတဲ့အကြောင်း။ သူတို့ကို လာစစ်ဆေးပြီး လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ လာစစ်ပါလားပေါ့။ ကြေးနီတောင်စီမံကိန်းကို စစ်ဆေးဖို့က အစိုးရ၊ လွှတ်တော်က ဒီအဖွဲ့ကို တာဝန်ပေးလို့ သွားစစ်တာပေါ့။ အဲလိုမျိုးရှိလားလို့ မေးတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကြေးနီတောင်စီမံကိန်းသွားစစ်သလိုပဲ မြစ်ဆုံကိုလည်း စစ်ပေးဖို့ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောလိုက်တာပေါ့။ အန်တီတို့ ဘယ်လို သဘောပြန်ကြားခဲ့ပါလဲ။

“ကျမတို့က ပြောပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် သူတို့ပြောတာတွေကို ပါတီကို ပြန်တင်ပြပေးမယ်လို့ ပြောခဲ့တယ်။”

ပါတီဥက္ကဋ္ဌကို ပြန်တင်ပြပြီးပါပြီလား။

“ကျမတို့ ပါတီဥက္ကဋ္ဌနဲ့မတွေ့ရသေးဘူး။ ဥက္ကဋ္ဌက လွှတ်တော်တက်သွားလို့ ကျမတို့နဲ့ မဆုံရသေးပါဘူး။”

တရုတ်ပြည်ခရီးစဉ်အတွင်းမှာ မြစ်ဆုံဆည်စီမံကိန်းနဲ့ပတ်သက်ပြီး ကုမ္ပဏီနဲ့တွေ့ရမယ်။ ကုမ္ပဏီကလည်း အလားတူ တောင်းဆိုချက်မျိုး တောင်းဆိုလာမယ်လို့ အန်တီတို့ ကြိုသိလား။ အဲရောက်မှသိတာပါလား။

“မဟုတ်ဘူး။ သူတို့ ကျမတို့ကို သူတို့ရဲ့အစီအစဉ်ကို ဘေဂျင်းရောက်တော့ ချပေးတယ်။ အဲမှာ ဧရာဝတီ လျှပ်စစ်ကုမ္ပဏီပါလာတယ်။ ကျမတို့က ဒီကုမ္ပဏီကို တို့ကို ဘာလို့ပြလဲဆိုတော့ ကျမတို့က စရောက်ကတည်းက လျှပ်စစ်မီးအကြောင်း စိတ်ဝင်စားတယ်၊ မေးကြတယ်ပေါ့။ အမှန်လည်း ဟုတ်တယ်။ ကျမတို့က မီးရလား၊ မီးရလား၊ လျှပ်စစ်ဓာတ်လှေကားတွေ ဒီလောက်များတာ၊ အိမ်တွေ၊ တိုက်အထပ်တွေ ဒီလောက်အများကြီးက လျှပ်စစ်ဓာတ်လှေကားတွေသုံးတာ သုံးလို့ရလား၊ ပျက်တာတွေဘာတွေ၊ ၂၄ နာရီ မီးရလား မေးတော့ ကျမတို့က သိပ်စိတ်ဝင်စားတယ်ဆိုတာ သူတို့ သိရတယ်တဲ့။ ဒါကြောင့် သူတို့က ဒီကုမ္ပဏီနဲ့ပေးတွေ့တာပါတဲ့။ ကျမတို့ကို သူတို့ကမေးတယ်၊ ဖိတ်တယ်၊ ပေးတွေ့ချင်တယ်ဆိုတော့ ကျမတို့က တွေ့လိုက်ပါတယ်။”

တရုတ်ကုမ္ပဏီရဲ့ တင်ပြချက်အပေါ် အန်တီတဦးတည်းရဲ့အမြင် ပြောပေးပါ။

“ကျမတို့အမြင်ကတော့ ဧရာဝတီမြစ်ကြီးကို ဘာနဲ့မှ မလဲနိုင်ဘူးလေ။ သူတို့က ဘယ်လောက်ပဲ ရွှေထွက်နေတယ်ပဲ ပြောပြော ကျမတို့အတွက် ဧရာဝတီမြစ်ကို ဘယ်သူမှ မပေးနိုင်ဘူး။ ဘယ်လုပ်ငန်းရှင်ကိုမှလည်း မပေးနိုင်ဘူး။ ဧရာဝတီရဲ့ သဘာဝအလှကို ကျမတို့ လက်ခံထားတာပဲ။”

သူတို့ကလည်း လက်ပန်းတောင်းလိုပဲ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးကအစ၊ လျော်ကြေးပေးတာတွေကအစ စနစ်တကျ နိုင်ငံတကာအဆင့်မီ လုပ်ထားတယ်ဆိုတော့ အဲဒီအချက်တွေကိုရော ထည့်သွင်းစဉ်းစားဖို့ မကောင်းဘူးလား။ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် ပြန်တင်ပြသင့်တယ်လို့ မထင်ဘူးလား။

“သူတို့ဘက်က ချပြတာ ကျမတို့အတွက် လက်ခံနိုင်စရာရှိတာတွေ အများကြီးရှိပါတယ်။ အရင်ဧရာဝတီမြစ်ကြီး တိမ်ကောနေတဲ့ဟာတွေ။ သူတို့ တကယ်လို့သာ ရေကာတာ ပြန်ပြီးလုပ်ပေးမယ်ဆိုရင် အဲဒီပတ်ဝန်းကျင်က ရွာတွေ သူတို့ဘက်ကအပြောပေါ့။ အဲဒါတွေကို သူတို့ ပြန်ချပြတယ်။ ရေကာတာလုပ်ပြီးတဲ့ အခြေအနေကို သူတို့က ချပြတာ။ ဘေးပတ်ဝန်းကျင်တွေ မထိတဲ့အကြောင်း။ နောက်ပြီး မြန်မာပြည်ကို သူတို့ ပေးတယ်ဆိုတာကလည်း ထွက်တဲ့ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းပဲ ပေးရတာ။ မြန်မာနိုင်ငံက အခုသုံးနေတဲ့ပမာဏ ၁၀ ရာခိုင်နှုန်းဆို လုံလောက်တယ်လို့ သတ်မှတ်ထားလို့ ဒီလောက်ပဲ ပေးတာ။ တကယ်လို့သာ မြန်မာပြည်က ၂၀ ရာခိုင်နှုန်းလောက်မှ လုံလောက်တယ်ဆိုရင်လည်း သူတို့က ပေးမှာပဲပေါ့။ ပိုတဲ့ဟာကိုသာ သူတို့က အသုံးချမှာဆိုပြီး ပြောတယ်။ အဲလို နားထောင်လိုက်တဲ့အခါကျတော့လည်း တကယ်တမ်း ပြန်ပြီးစိစစ်ပြီးတဲ့အခါကျရင် သုံးသပ်ရင် သုံးသပ်မှာပေါ့။ ကျမတို့ကတော့ ဧရာဝတီမြစ်ကြီးကို သံဃောဇဉ်ရှိတာကိုး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013