DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့နယ်တွင် သေနတ်ဒဏ်ရာရ မူးယစ်တရားခံ ထွက်ပြေးလွတ်မြောက်နေ
DVB
·
June 26, 2020
ပင်လည်ဘူးမြို့နယ်တွင် သေနတ်ဒဏ်ရာရ မူးယစ်တရားခံ ထွက်ပြေးလွတ်မြောက်နေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်မှာ   ကျပ်သိန်းပေါင်း ၂၄၀၀၀ နီးပါးရှိ မူးယစ်ဆေးဝါးတွေ စံချိန်တင် ဖမ်းမိမှုမှာ  သေနတ်ဒဏ်ရာရသွားတဲ့  တရားခံတချို့ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

ပင်လည်ဘူး-ကောလင်းလမ်း၊ ကျောက်မီးသွေးလမ်းဆုံ မိုင်တိုင်အမှတ် ၈၇/၅ အနီးမှာ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ်မှာ ကျပ်သိန်းပေါင်း ၂၃၈၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ 

မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့တို့ ပူးပေါင်းကာ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် အသက် ၂၂ နှစ်အရွယ် ရှောက်ဖျင်ဆိုသူ က ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး သွားမယ့်နေရာအတိအကျ မပြောနိုင်တဲ့အတွက် ခေတ္တထိန်းသိမ်းထားစဉ်မှာ နောက်ထပ် ကြာတယ် (၂၅ နှစ်)နဲ့ ရန်လောက်နင် (၃၄ နှစ်)၊ ရန်ဆင်းလုံ (၃၆ နှစ်) တို့က ဆိုင်ကယ်ကိုယ်စီနဲ့ ထပ်မံရောက်ရှိလာပြီး စစ်ဆေးမေးမြန်းရာ လားရှိုးမြို့ကနေ အတူတူလာတာကို သိရှိရပါတယ်။

စစ်ဆေးနေစဉ် ကောလင်းမြို့ဘက်ကလာတဲ့ MYD 6E-2108 နံပါတ်တပ် SURF အမျိုးအစားယာဉ်ကို စစ်ဆေးဖို့ တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့လို့ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့ပေမဲ့ လွတ်မြောက်သွားပါတယ်။

ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးရာ ပင်လည်ဘူးမြို့ စည်ပင်အမှိုက်ကွင်းမှာ ကားကိုတွေ့ရှိရ ပြီး ကားအတွင်းက အစိမ်းရောင်ဆာလာအိတ် ၈ အိတ်တွေ့ရလို့ ဖွင့်ဖောက်စစ်ဆေးရာ ကာလ တန်ဖိုး ကျပ်သိန်းပေါင်း ၁၇၆၀၀ တန်ဖိုးရှိ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့်ထည့် ရောင်စုံဆပ်ပြာခွက် ၁၇၆၀ ခွက်၊ ၁၇ ဒသမ ၆ ကီလိုဂရမ်နဲ့  ကာတန်ဖိုး ကျပ်သိန်းပေါင်း ၆၂၇၀ တန်ဖိုးရှိ တံဆိပ်မပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅၄၀၀ ပြားတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

မိုးသောက်ကြယ် မူးယစ်တားအဖွဲ့ ခေါင်းဆောင် ဦးခင်ဇော်ဝင်းက “မူးယစ်ဆေးကတော့ ဒီနှစ်တွေအတွင်း ပင်လည်ဘူးမြို့နယ်မှာ စံချိန်တင်ဖမ်းမိတာပဲ။ အခုရက်ပိုင်း မမိတဲ့ရက် မရှိဘူး။ မိရင်လည်း အရင်နဲ့ကွာတာက ပိုင်ရှင်နဲ့တကွ လက်ကြီးသမားတွေချည်းများတယ်။ အခုမိထားတဲ့ ၄ ယောက်က ပိုင်ရှင်တွေ။ သေနတ်မှန်တဲ့တစ်ယောက်က မမိ‌သေးဘူး။ သူနဲ့အတူ နောက်တစ်ယောက်လည်း ပါဦးမယ်။ ထွက်ပြေးသူတွေက ကယ်ရီသမား တွေပေါ့။ သူတို့ကို ဖမ်းဆီးရမိရေးလည်း လိုက်လံရှာဖွေနေတာ၊ သတင်းဖြန့်ဝေထားတာတွေ လုပ်ထားတယ်။ သူတို့က ကနန်းဒေသကို ပို့ဖို့ပေါ့။ ပို့တဲ့အခါ ကားသွားမရရင် ဆိုင်ကယ်သမားတွေက ပစ္စည်းတွေကို ဆိုင်ကယ်ပေါ်တင်ပြီးသွားတယ်ပေါ့။ အရင်အမှုတွေနဲ့လည်း ဆက်စပ်မှုတွေ ရှိကောင်းရှိနိုင်တယ်။ သူတို့ပို့မယ့်ရွာ၊ လူကိုလည်း စုံစမ်းနေတယ်။"လို့ ပြောပါတယ်။

လက်ရှိမှာ ထွက်ပြေးနေသူတွေ ဖမ်းဆီးရမိရေး ပိတ်ဆို့စစ်ဆေးနေသလို ဆက်စပ်တရားခံတွေ ဖမ်းဆီးရမိရေး လုပ်ဆောင်နေပါတယ်။ ဖမ်းဆီးရမိထားသူ ၄ ဦးကိုလည်း ပင်လည်ဘူးမြို့မရဲစခန်းမှာ မူးယစ်(ပ)၉၄/၂၀၂၀၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ တို့နဲ့ အမှုဖွင့်အရေးယူနေပါတယ်။

ပင်လည်ဘူးမြို့နယ်မှာ အခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၉၄ မှုအထိရှိနေပြီး အခုလ ဇွန်လအတွင်း ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ဝန်းကျင်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013