DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့က လူနာအမှတ် ၂၃၄ အား တတိယအကြိမ် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့
DVB
·
June 26, 2020
မောင်တောမြို့က လူနာအမှတ် ၂၃၄ အား တတိယအကြိမ် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၂၃၄ ကို ဒုတိယအကြိမ်စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ပေမဲ့ တတိယအကြိမ်စစ်ဆေးရာမှာ ပိုးမတွေ့ရဘူးလို့ သိရှိရပါတယ်။

"သူကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးတော့ ရောဂါပိုးတွေ့ရှိနေပါသေးတယ်။ အခုတတိယအကြိမ်မှာ Negative ဖြစ်သွားပါတယ်။ နောက်ထပ်တစ်ကြိမ် စစ်ဆေးရပါဦးမယ်။" လို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။

လူနာအမှတ် ၂၃၄ နဲ့ ထိတွေ့ခဲ့သူ ၃၅ ဦးအား ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ အားလုံး ရောဂါပိုးမတွေ့ရဘဲ ဒုတိယအကြိမ်စစ်ဆေးသွားမယ်လို့ ခရိုင်ကျန်မာရေးဌာနက သိရှိရပါတယ်။

လူနာအမှတ် ၂၃၄ နဲ့ မိသားစု ၄ ဦးတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထန်ခါလီဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကြသူဖြစ်ပြီး မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည့်ကျကျေးရွာကို မေ ၃၀ နေ့က မိသားစုဝင် ၅ ဦးနဲ့အတူ နယ်မြေ (၄) လိပ်ရကျေးရွာနဲ့ ဇီးပင်ချောင်းလမ်းကြောင်း နယ်ခြားစောင့်စခန်းမှ တရားမဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

လူနာအမှတ် ၂၃၄ ရဲ့ မိသားစုဝင် ၄ ဦးကို ပထမအကြိမ် စစ်ဆေးရာမှာ ပိုးမတွေ့ရဘဲ ဒုတိယအကြိမ် စစ်ရေးရာ ဇနီးဖြစ်သူမှာ ပိုးတွေ့ရှိတာကြောင့် မောင်တောမြို့ရဲ့ ၅ ဦးမြောက် ပိုးတွေ့ အတည်ပြုလူနာအမှတ် ၂၉၁ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကလေး ၃ ဦးမှာ ပိုးမတွေ့ရှိခဲ့ပါဘူး။

ပိုးတွေ့လူနာ ဖခင်ဖြစ်သူ နဲ့ မိခင်ဖြစ်သူတို့ ၂ ဦး မောင်တောခရိုင်ပြည်သူဆေးရုံမှာ ဆေးကုသမှုခံယူနေတာကြောင့် ကလေးငယ် ၃ ဦးကို အဘွားဖြစ်သူနဲ့အတူ မောင်တောပြည်သူဆေးရုံမှာ သီးသန့်ထားရှိတယ်လို့ သိရှိရပါတယ်။

မောင်တောခရိုင်မှာ ပိုးတွေ့လူနာ ၉ ဦးရှိနေပြီး ဘူးသီးတောင်မြို့က ၄ ဦး၊ မောင်တောမြို့က ၅ ဦးဖြစ်ပြီး မောင်တောဆေးရုံမှာ ၇ ဦး၊ ဘူးသီးတောင်ဆေးရုံမှာ ၂ ဦး ဆေးကုသမှုခံယူနေပါတယ်။ 

မောင်တောမြို့ရဲ့ ဒုတိယမြောက် ကိုဗစ်-၁၉ လူနာအမှတ် ၂၄၄ မှာ တတိယအကြိမ် စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရဘဲ ဆေးရုံမှာ Quarantine ၂ ပတ်ထားရှိထားတယ်လို့ သိရှိရပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013