DVB Logo
Home
မြန်မာသတင်း
ရော့ခ်စတားဇော်ဝင်းထွဋ်၏ မာကျူရီညတေးအယ်လ်ဘမ် ကျပ် ၆ ထောင်ဖြင့် ရောင်းချ
DVB
·
June 26, 2020
ရော့ခ်စတားဇော်ဝင်းထွဋ်၏ မာကျူရီညတေးအယ်လ်ဘမ် ကျပ် ၆ ထောင်ဖြင့် ရောင်းချ
Donate to DVB

ရော့ခ်စတား အဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့ “မာကျူရီည” တေးဂီတဖျော်ဖြေပွဲ အယ်လ်ဘမ်ကို အော်ဒီယိုစီဒီနဲ့ ဒီဗွီဒီ ၂ ချပ်တွဲအနေနဲ့ ဖြန့်ချိလိုက်ပါတယ်။

အယ်လ်ဘမ် ၂ ချပ်တွဲ ဈေးနှုန်းကိုတော့ ကျပ် ၆ ထောင် သတ်မှတ်ထားပြီး EMG-Emperor Music Group ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားဖော်ပြထားခဲ့တာပါ။

       “ချစ်ခင်လေးစားရပါသော မိတ်ဆွေများ အားလုံး မင်္ဂလာပါ!💀💀💀 မာကျူရီည Live from The Radio Album ကို Audio CD နဲ့ DVD ၂ ချပ်တွဲ အနေနဲ့ (27.06.2020) မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ ပထမဆုံး ဝယ်ယူအားပေးသူ အယောက် ၁၀၀၀ အတွက် မေတ္တာ လက်ဆောင် ပိုစတာ ရရှိနိုင်ပါမယ် ခင်ဗျာ။ တီရှပ်လည်း ထွက်တဲ့ အပြင် တီရှပ်တထည် ဝယ်ယူအားပေးတိုင်း အလယ်မှာ မိမိနှစ်သက်ရာ Filter ထည့်သုံးနိုင်စေမယ့် 2 Layer Mask တစ်ခု မေတ္တာလက်ဆောင် ရရှိနိုင်မှာ ဖြစ်ပါတယ်။”

ညီထွဋ်လို့ ပရိသတ်တွေသိကြတဲ့ တေးသံရှင် ဇော်ဝင်းထွဋ်ဟာ အသက် ၅၆ နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး မြန်မာ့ဂီတလောကမှာ ရော့ခ်တခေတ်ကို ဦးဆောင်နိုင်ခဲ့သူလို့ အသိအမှတ်ပြုကြရပါတယ်။

အင်ပါယာအမည်နဲ့ ကိုယ်ပိုင်တေးဂီတအဖွဲ့တည်ထောင်ထားနိုင်ခဲ့တဲ့ ဇော်ဝင်းထွဋ်ဟာ မာကျူရီည၊ အချစ်စွမ်းအင်၊ ကြယ်တံခွန်၊ လမ်းသစ်စတဲ့ တကိုယ်တော် တေးအယ်လ် ဘမ်တွေနဲ့ တေးဂီတလောကကို စတင်ဝင်ရောက်ခဲ့တာပါ။

အဲဒီတေးအယ်လ်ဘမ်တွေတုန်းကတော့ ပရိသတ်တွေ သိပ်မသိခဲ့ကြသေးဘဲ နောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံးတေးများအယ်လ်ဘမ်ကတော့ သူ့ကို အောင်မြင်တဲ့ ရော့ခ်စတားတဦးအဖြစ် ရောက်ရှိသွားစေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဇော်ဝင်းထွဋ်ဟာ တကိုယ်တော်အနေနဲ့ရော၊ အဖွဲ့လိုက် တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့ပါတယ်။

ဝါရင့်တေးပြုစာဆို ရွှေတိုင်ညွှန့်ရဲ့ မြေး၊ မြန်မာသံအဆိုတော် ထားရဲ့ ရင်သွေးတဦးအဖြစ် လူသိများတဲ့ သူ့ရဲ့ သီချင်းတွေထဲက အနှိုင်းမဲ့၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေကတော့ တကယ့်ကို ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

ခုထွက်ရှိလာတဲ့ အယ်လ်ဘမ်ကတော့ ရန်ကုန်မြို့၊ The Radio Bar မှာ ဖျော်ဖြေခဲ့တဲ့ သီချင်းတွေကို စုစည်းထုတ်ဝေတာဖြစ်ပြီး သူ့ရဲ့ နာမည်ကြီး သီချင်းတွေဖြစ်တဲ့ အချစ်ရဲ့မိုး(မိုးခေါင်ရေရှားနှလုံးသား)၊ ရော့ယူလိုက်၊ ရှေ့ဆက်ရန်စဉ်းစားပါ၊ လာမယ်ဆို စောင့်မယ်၊ မာကျူရီည၊ ဆန့်ကျင်ဘက်ရလဒ်၊ မဆွဲနဲ့မတားနဲ့၊ လမ်းသစ်၊ စက်ဝိုင်း၊ ရဲရဲရင်ဆိုင်၊ ချစ်သူနှစ်ယောက်နှင့်ကမ္ဘာကြီး၊ အဝေးမသွားနဲ့အချစ်ရယ်၊ ပျားရည်၊ အချစ်တစ်ခွက် အရက်တစ်ခွက်၊ အစမ်းသပ်ခံအသည်းနှလုံးစတဲ့ သီချင်းပုဒ်ရေ စုစုပေါင်း ၁၅ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။

ဝယ်ယူလိုသူတွေအနေနဲ့ EMG-Emperor Music Group ရဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်မှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013