DVB Logo
Home
မြန်မာသတင်း
ကရင်နီတောင်သူ ၂၁ ဦးအပေါ် ပြစ်ဒဏ်ထပ်တိုးပေးရန် တပ်မတော်က တရားရုံးတွင် လျှောက်ထား
DVB
·
June 25, 2020
ကရင်နီတောင်သူ ၂၁ ဦးအပေါ် ပြစ်ဒဏ်ထပ်တိုးပေးရန် တပ်မတော်က တရားရုံးတွင် လျှောက်ထား
Donate to DVB

မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ ကရင်နီတောင်သူ ၂၁ ဦးအပေါ် နောက်ထပ် ပြစ်ဒဏ်ထပ်တိုးချမှတ် ပေးဖို့  တပ်မတော်က ကယားပြည်နယ်တရားရုံးမှာ   လျှောက်ထားလိုက်ပါတယ်။

လွိုင်ကော်အခြေစိုက် အမြောက်တပ် ၃၅၆ တပ်ရင်းနဲ့ ခလရ ၂၅၀ တပ်ရင်းတို့က ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ခွန်းဘွယ်မူး၊ ခွန်းကောရီယို၊ ခွန်းမောင်လွင်နဲ့ တရားစွဲခံရတဲ့ တောင်သူ ၁၈ ဦးတို့ကို ပြစ်ဒဏ်ထပ်တိုးပေးဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ကရင်နီတောင်သူ ၁၈ ဦးတို့ကို  ပုဒ်မ ၄၄ရ၊ ပုဒ်မ ၂၉၄၊ ၃၅၃၊ ၄၂၇၊ နဲ့ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) တို့ နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အမှုတွဲသီးခြားစီ  တရားစွဲဆိုခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့က သူတို့ကို လွိုင်ကော်မြို့နယ် တရားရုံးက ပုဒ်မအလိုက် ဒဏ်ငွေကျပ် ၂၀၀၀၀ စီနဲ့  ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုတဲ့ ထောင်ဒဏ်  ၆ လ ချမှတ်ခဲ့ပါတယ်။

အဆိုပါ ပြစ်ဒဏ်တွေဟာ နည်းနေတယ်ဆိုပြီး  မူလ တရားစွဲဆိုတဲ့ တပ်မတော်အရာရှိတွေက လွိုင်ကော်ခရိုင်တရားရုံးကို လျှောက်ထားခဲ့ပါတယ်။

ခရိုင်တရားရုံးက ပလပ်ခဲ့တာကြောင့် ပြည်နယ် တရားလွှတ်တော်ကို ထပ်ပြီး လျှောက်ထားခဲ့တာဖြစ်ပြီး အဲဒီပြင်ဆင်ချက်ကို ပြည်နယ်တရားလွှတ်တော်က လက်ခံတဲ့အတွက် ဒီကနေ့ဇွန်လ ၂၅ ရက်နေ့မှာ တောင်သူတွေကို ခေါ်ယူ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့  တောင်သူတွေရဲ့ရှေ့နေ ခူးတလေပိုးရယ်က ပြောပါတယ်။

“အရင်က ဒေါမူကလား ၆ မှုရှိတာကော၊ အဲဒီ ၆ မှုကို သူတို့မကျေနပ်လို့ ပြန်တက်တာ။ ပြစ်ဒဏ်နည်းတယ်ဆိုပြီးမှ အယောက်တိုင်း၊ အမှုတိုင်းကို ပြန်တက်တာ။ ဒီရက်ကတော့ တောင်သူတွေကို အကြောင်းကြားပြီးတော့မှာ ဆင့်စာထပ်ပြီးတော့မှ ရရှိကြောင်းပေါ့ လက်မှတ်ထိုးခိုင်းတယ်။ နောက်ကျနော် ရှေ့နေပါဝါတင်တယ်။”

ဒီကနေ့မှာတော့ ရှေ့နေပါဝါတင်ပြီး နောက်ထပ်ရုံးချိန်းမှာ အမှုကို လျှောက်လဲချက်ကြား နာဖို့နေကာ  လျှောက်လဲကြားမှာပြီးရင်တော့  အမိန့်ချမှာဖြစ်ပါတယ်။  

လာမယ့်ရုံးချိန်းရက်တွေကိုတော့  တရားလွှတ်တော်က ဖေ့စ်ဘွတ်စာမျက်မှာကနေ  ကြေညာပေးမှာ ဖြစ်ပါတယ်။

တရားစွဲဆိုခံရတဲ့ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ခွန်းဘွယ်မူးက “ကျနော်တို့ တောက်လျှောက် ဖိနှိပ်ခံနေရတယ်ပေါ့နော်။ တောင်သူတွေဆိုရင် တရားရုံးတို့ဘာတို့ မသွားချင်ကြ ဘူး။ တော်ရုံတန်ရုံလည်း မရောက်ဖူးကြဘူး။ ရောက်ဖူးလည်းသူတို့ ကြောက်ကြတယ်ပေါ့။ မြို့နယ်တရားရုံးကစ တရားစွဲဆိုခံရတဲ့ဟာ အထူးသဖြင့် ပုဒ်မ ၆(၁) နဲ့ စွဲပြီးမှ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ဟာဆိုရင် တောင်သူအတွက် တော်တော်လေးကို အထိတ်တလန့် ဖြစ်စေတယ်ပေါ့။ ဒီအပေါ်အမိန့်ချတဲ့ဟာကို မကျေနပ်လို့ ထပ်ပြီး ပြင်ဆင်ချက်ထပ်တင်တဲ့ဟာကတော့ ကျနော်တို့ တောင်သူတွေကို နည်းပေါင်းစုံ ဖိနှိပ်တာပေါ့။ နောက်ပြီး အခုက တပ်ကနေ လာနေတဲ့မြေတွေကို တပ်မြေဧရိယာဆိုပြီးမှ သိမ်းတယ်။ အဲမှာတောင်သူတွေ တချို့ကလည်းပုံစံ ၇ ရှိတယ်ပေါ့နော်။ ပုံစံ ၇ ရှိတဲ့ဟာကို သူတို့က အသိအမှတ်မပြုဘူး။ သူတို့ဟာသူတို့ အသိအမှတ်ပြုသွားတယ်ဆိုတော့ ဥပဒေကလည်း လက်တလုံးခြား ရှိနေတာပေါ့လေ။ ဥပဒေက သူတို့အတွက်ပဲ ထုတ်ထားတာလားဆိုတဲ့ ဟာကိုလည်း ကျနော်တို့က မေးစရာရှိတာပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က တရားစွဲဆိုခံထားတဲ့ တောင်သူ ၂၁ ဦးထဲက ပုဒ်မ ၆(၁) နဲ့ တရားစွဲဆိုခံရသူ ၃ ဦးရှိပြီးသူတို့တွေဟာ ထောင်တွင်းမှာ ဖမ်းဆီးချုပ်နှောင်တရားရင်ဆိုင်ခဲ့ရပါတယ်။ 

မြို့နယ်တရားရုံးက အမိန့်ချမှတ်စဉ်မှာတော့ ပုဒ်မ ၆၁ အပါအဝင် ကျန်တဲ့အမှုတွေနဲ့ပါ တရားစွဲဆိုခံရတဲ့ ဦးဦးရယ်နဲ ဦးရှားရယ်ကိုတော့ ထောင်ဒဏ်ခြောက်လနဲ့ ငွေဒဏ်တွေ ချမှတ်ခံခဲ့ရပြီး တစ်ဦးက အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပါတယ်။

ကယားပြည်နယ်တရားလွှတ်တော်က ခူးဦးရယ်ထံ ပေးပို့ခဲ့သည့် အကြောင်းကြားစာအရ အခင်းဖြစ်တဲ့နေ့က ခူးဦးရယ်နဲ့ ခူးရှားရယ်တို့ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ခလရ (၂၅၀) မှ အုတ်တံတိုင်းတွေဟာ  ပြည်သူပိုင်ပစ္စည်းတွေဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၄၉ သိန်းခန့်ဖြစ်လို့  နိုင်ငံ့ဘဏ္ဍာဆုံးရှုံးမှုနဲ့ နှိုင်းယှဉ်ပါက ထောင်ဒဏ် ခြောက်လပြစ်ဒဏ်မှာ နည်းပါးလွန်းလှတယ်လို တရားလိုက ရေးသားထားပါတယ်။ 

ပုဒ်မ ၆(၁)မှာ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့ ပြစ်မှုဖြစ်တာကို မူလရုံး ထောင်ဒဏ် ၆ လသာချမှတ်တာဟာ နိုင်ငံဘဏ္ဍာဆုံးရှံးမှုတန်ဖိုးနဲ့ နှိုင်းယှဉ်ပါက ပြစ်ဒဏ်နည်းလွန်းတဲ့အတွက် ဦးဦးရယ်နဲ့ ဦးရှားရယ်တို့အပေါ် ချမှတ်ထားတဲ့ အမိန့်နဲ့ ခရိုင်တရားရုံးက အမှုကို ပလပ်ခဲ့တဲ့အမိန့်ကို ပယ်ဖျက်ပြီး ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို တိုးမြင့်ပေးဖို့ တရားလိုဘက်က လျှောက်ထားပါတယ်။ 

တရားစွဲဆိုခံရတဲ့ တောင်သူအများစုဟာ တရားစွဲဆိုခံရလို့ လယ်ယာမြေတွေ ပြန်လည်လုပ်ခွင့်မရတော့ဘဲ့  မိသားစု စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူပေါင်း ၄၁ ဦး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013