
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံရဲ့ အသစ်ဆုံး ဖျက်သင်္ဘောဟာ နျူကလီးယား တုံ့ပြန်မှုစနစ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်လာမှာဖြစ်ပြီး “ဖျက်ဆီးပစ်နိုင်တဲ့ လက်စားချေ တိုက်ခိုက်မှုတွေကို လုပ်နိုင်မယ်” လို့ ပြောခဲ့တဲ့အကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က စက်တင်ဘာ ၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
စက်တင်ဘာ ၆ ရက်မှာ အရှေ့ဘက်ဆိပ်ကမ်းမြို့ ဝမ်ဆန်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ကင်မ်ဂျုံအန်းက ပြောခဲ့တာပါ။
ဒါပေမဲ့ သင်္ဘောက နျူကလီးယားလက်နက်တွေကို သယ်၊ မသယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ပင်လယ်ပြင်မှာ သင်္ဘောအသစ်ကို တာဝန်ချထားတာဟာ မြောက်ကိုရီးယားရဲ့ ရန်သူတွေဆီ ရှင်းရှင်းလင်းလင်း အချက်ပြခဲ့တာလို့လည်း ကင်မ်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ လွန်ခဲ့တဲ့ သုံးလလောက်က “ချိုးဟယွန်း” ဖျက်သင်္ဘောကို ခန့်အပ်တာဝန်ချထားပြီးတဲ့နောက် တန်ချိန် ၅,၀၀၀ ရှိတဲ့ ဖျက်သင်္ဘော “Kang Kon” ဟာ ဒီအတန်းအစားမှာ စပြီး တာဝန်ထမ်းဆောင်တဲ့ ဒုတိယမြောက် စစ်သင်္ဘော ဖြစ်တယ်လို့ KCNA က ကင်မ်ဂျုံအန်းရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ရေတပ် နျူကလီးယား လက်နက်တွေဟာ တိုးတက်နေပြီး အဓိက ရေပိုင်နက်တွေမှာ သူ့ရဲ့ အစွမ်းထက်ဆုံး မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေကို ဆက်လက် တိုးချဲ့သွားမယ်လို့ ကင်မ်က ပြောပါတယ်။
ရေကြောင်းအချုပ်အခြာအာဏာနဲ့ ဒေသတွင်း လုံခြုံရေးကို ကာကွယ်ဖို့ Kang Kon ဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံတော် နျူကလီးယား တုံ့ပြန်မှုစနစ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်လာမယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
Kang Kon မှာ ဘယ်လို လက်နက်စနစ်တွေ တပ်ဆင်နိုင်မလဲဆိုတာ KCNA က တိတိကျကျ မပြောခဲ့ပါဘူး။
Source: Reuters











