DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ မန္တလေးမြို့က ရွှေ့ပြောင်းမသန်စွမ်းလုပ်သားအချို့ စားဝတ်နေရေး အခက်တွေ့
DVB
·
June 23, 2020
ကိုဗစ်ကာလ မန္တလေးမြို့က ရွှေ့ပြောင်းမသန်စွမ်းလုပ်သားအချို့ စားဝတ်နေရေး အခက်တွေ့
1 / 3
Donate to DVB

အခြားအရပ်ဒေသတွေကနေ မန္တလေးကို လာရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မသန်စွမ်းလုပ်သားတွေ၊ ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ကာလအတွင်း အလုပ်တွေ ရပ်နားလိုက်ရတာကြောင့် နေရပ်ပြန်သူတွေလည်း ရှိခဲ့ပြီး လတ်တလောမှာတော့ အလုပ်လုပ်ခွင့်ရဖို့ မန္တလေးကို ပြန်ရောက်နေကြသူတွေ ရှိနေပါတယ်။

မသန်စွမ်းတွေအတွက် နိုင်ငံတော်က သီးခြားထောက်ပံ့တာတွေ မရှိတဲ့အပြင် အခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်‌က ပံ့ပိုးပေးတဲ့ စားသောက်ကုန်တွေကိုလည်း မရရှိဘူးလို့ ဆိုကြပါတယ်။ လတ်တလောမှာတော့ မန္တလေးမြို့က အလုပ်ရှင်ထံမှာပဲ နေထိုင်နေပြီး အလုပ်ရှင်က စားဖို့ နေဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

တမူးမြို့ကနေ မန္တလေးကို လာရောက်ပြီး အကြောပြင်(အနှိပ်) အလုပ်လုပ်ကိုင်နေတဲ့ ကိုမောင်မောင်ဦးက "ပထမဆုံး ကိုဗစ်မှာ ဘယ်မှလည်း မလာဘူး ကျနော်တို့ဆီ။ ကြားတာတော့ ရပ်ကွက်အုပ်ချုပ်ရေးဆီ အစတုန်းကတော့ အိမ်ထောင်စုဇယားနဲ့ တင်လို့ ဘာတို့တော့ အဲ့ဒါတော့ ကြားဖူးတယ်။ ဒါပေမဲ့ ကျနော်တို့ တယောက်မှ မတင်ကြဘူး။ ကျနော်တို့ အကုန်လုံးက ခက်ခဲမှုရှိကြတယ်ဗျာ။ ဘာလို့ဆို အိမ်ထောင်စုဇယားဆိုတာ ကိုယ့်ဒေသမှာပဲ ရှိကြတာကိုး။ ဒီမှာ တယောက်မှ မယူထားတဲ့ဟာတွေရော၊ နောက်ပြီး သွားစလည်း မရှိတဲ့ဟာကြောင့်ရော ဘယ်သူမှ မသွားကြဘူး အကုန်လုံးက။ ကျနော်တို ဒီနှစ်ပတ်လည်လုပ်ထားတဲ့ အလုပ်ထဲကနေ စုဆောင်းထားတဲ့ ဟာလေးတွေ ပြန်ပြီးသုံးစွဲရတာပေါ့။ အလုပ်ကတော့ ဘာမှမဖြစ်တဲ့ခါကျတော့ ချွေတာပြီးစားနေတယ်" လို့ ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ တာရှည်နေဦးမယ်ဆိုပါက မသန်စွမ်းသူတွေ ပိုမိုအခက်တွေ့နိုင်တာကြောင့် နိုင်ငံတော် အနေနဲ့ ကြည့်ရှုထောက်ပံ့ပေးသင့်တယ်လို့ မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မထီရမ်က ပြောပါတယ်။

"ဖြစ်စေချင်တာကတော့ နိုင်ငံတော်က ကြည့်စေချင်တယ်၊ ဘာလို့လဲဆိုတော့ ကိုယ်တွေကလည်း တကယ့်တကယ် အခက်အခဲကြုံနေတဲ့လူတွေပေါ့နော်။ ကျမတို့က ဘာပဲလုပ်လုပ် သူများတွေထက် နှစ်ဆတော့ ကုန်တဲ့ဟာလေ ပိုက်ဆံဆိုတာက။ အပြင်သွား ဘာသွား၊ အဲ့လိုမျိုး ကိုယ်လိုချင်တဲ့ပစ္စည်းတွေ ဝယ်တယ်ဆိုလည်း နှစ်ဆကုန်တယ်။ အဲ့ဒီခါကျတော့ ပိုက်ဆံအဆင်ပြေမှ ကိုယ်တွေက အဆင်ပြေတာဗျ" လို့ ပြောပါတယ်။

လတ်တလောမှာ မန္တလေးခရိုင်အတွင်းက မသန်စွမ်းသူ အချို့ကိုလည်း စေတနာရှင်တချို့က အလှူငွေ နဲ့ နှာခေါင်းစည်းနဲ့ ခေါက်ဆွဲခြောက်တွေ ပေးလှူခဲ့ကြပါတယ်။ အခုလို လှူဒါန်းမှုတွေကို Save Mandalay from COVID-19 ကော်မတီက ရွှေမင်းသားဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး ‌အိမ်အရောက် လိုက်လံ အကျိုးဆောင်ကူညီ လှူဒါန်းပေးတယ်လို့ သိရပါတယ်။

Save Mandalay from Covid 19 ကော်မတီဝင် ဒေါက်တာခွန်ကျော်ဦးက "ဆွံ့အ နားမကြားတဲ့သူတွေနဲ့နောက် အခြားခန္ဓာကိုယ်မှာ physically ဒုက္ခရောက်နေတဲ့ အဲဒီလူတွေကို ကျနော်တို့ စနစ်တကျ ရွေးချယ်ပြီးတော့ လိုက် ဝေတာပေါ့နော်။ မန္တလေး တစ်ခရိုင်လုံးမှာ မသန်စွမ်းတဲ့သူတွေက နှစ်ထောင်လောက်ရှိပါတယ်။ တကယ်တမ်း ကျနော်တို့ ခုနစ်ရာပဲ ရည်မှန်းထားတာပေါ့နော်၊ ကျန်တဲ့အပိုင်းလေးတော့ ကျန်တာပေါ့။ ရွှေမင်းသားဖောင်ဒေးရှင်းက စနစ်တကျ တကယ်ကို ပေးသင့်တဲ့လူတွေ ရွေးထုတ်လိုက်တာ၊ အဲ့ဒီဟာပေါ်မူတည်ပြီး ကျနော်တို့ လိုက်ပြီးတော့ ဝေငှခြင်းဖြစ်ပါတယ်" လို့ ပြောပါတယ်။

မသန်စွမ်းလုပ်သားတွေရဲ့ နောက်မှာ သူတို့ကို မှီခိုနေတဲ့ မိသားစု‌ဝင်တွေလည်း ရှိနေတယ်လို့ မသန်စွမ်းလုပ်သားတွေက ဆိုပါတယ်။ မသန်စွမ်း လုပ်သားတချို့မှာလည်း တရားဝင် အလုပ်သမားကတ် မရှိဘဲ အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013