DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် အခြေခံပညာကျောင်းများကို ၃ အုပ်စုခွဲ ဖွင့်လှစ်မည်
DVB
·
June 22, 2020
ကယားပြည်နယ်တွင် အခြေခံပညာကျောင်းများကို ၃ အုပ်စုခွဲ ဖွင့်လှစ်မည်
Donate to DVB

ကယားပြည်နယ်က အခြေခံပညာ စာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေ အပေါ် မူတည်ပြီး အုပ်စု ၃ အုပ်စုခွဲပြီး ဖွင့်လှစ်သင်ကြားပေးမယ်လို့ ကယားပြည်နယ် ပညာရေးမှူး ဦးလူစီယားနိုက ဒီဗွီဘီကို ပြောပါတယ်။

ကယားပြည်နယ်တစ်ခုလုံးမှာ   ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဖွင့်လှစ်မယ့် အခြေခံပညာ ကျောင်းပေါင်း ၄၅၃ ကျောင်းရှိပြီး  ကျောင်းသား ဦးရေအပေါ် မူတည်ကာ ပုံမှန်ကျောင်းတက်နိုင်တဲ့အုပ်စု၊  နှစ်သုတ်တက်နိုင်တဲ့အုပ်စုနဲ့  နှစ်သုတ်တက် တစ်ပတ်ခြား ကျောင်းတက်နိုင်တဲ့အုပ်စုဆိုပြီး ၃ မျိုးခွဲမှာဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူး ဦးလူစီယားနိုက ပြောပါတယ်။

“ကျနော်တို့ကယားပြည်နယ်မှာဆိုရင် ပုံမှန်တက်နိုင်တဲ့ကျောင်းက ၃၀၄ ကျောင်းရှိမယ်။ နှစ်သုတ်တက်ကျောင်းက ၁၂၀ ၊ နှစ်သုတ်တက် တစ်ပတ်ခြားကတော့ ၂၉ ကျောင်း၊ ဒီအမျိုးအစား သုံးမျိုးပဲ ရှိပါတယ်။”

ပညာရေးဝန်ကြီးဌာနကတော့ အခြေခံပညာကျောင်းတွေမှာ  ကျောင်းသားဦးရေအပေါ် မူတည်ပြီးတော့မှ ပုံမှန်တက်နိုင်တဲ့ ကျောင်းအုပ်စု၊  နှစ်သုပ်ခွဲတက် ဖွင့်နိုင်တဲ့ ကျောင်းအုပ်စု၊ နှစ်သုတ်တက် တစ်ပတ်ခြားတက်ရမယ့် ကျောင်းအုပ်စုနဲ့  ကျောင်းသားဦးရေများတဲ့ကျောင်းတွေ ဆိုရင်တော့ နှစ်သုတ်တက်၊ သုံးရက်တစ်ပတ်ခြား ဆိုပြီး အုပ်စု ၄ ခုခွဲပြီး ပညာသင်စေဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကယားပြည်နယ်အနေနဲ့ကတော့ အဆင့် ၃ ဆင့်အထိသာ ခွဲထားပြီး လူဦးရေများလွန်းတဲ့ ကျောင်း မရှိဘူးလို့ ပညာရေးမှူး  ဦးလူစီယားလိုက ပြောပါတယ်။

“ကျနော်တို့ ကယားပြည်နယ်မှာဆိုရင် အမျိုးအစား သုံးမျိုးပဲ ရှိပါတယ်။ အခုန နှစ်သုတ်တက် ၃ ရက် အဲဒီအဆင့်အထိတော့ ကယားပြည်နယ်မှာ အဲဒီလောက်အထိ  ကျောင်းသားများတဲ့ ကျောင်း မရှိဘူး။”

ကိုဗစ်-၁၉ ရောဂါကြောင့်  မြန်မာနိုင်ငံတဝန်း အခြေခံပညာကျောင်းတွေကို ပုံမှန်အချိန် ဇွန်လမှာ မဖွင့်လှစ်နိုင်ဘဲ လာမယ့် ဇူလိုင်လမှ  အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အစိုးရက စီစဉ်ဆောင်ရွက်ထားပါတယ်။

ကယားပြည်နယ်မှာ ဇူလိုင်လ ၁၅ ရက်နေ့ကို အထက်တန်းကျောင်းသူကျောင်းသားတွေက အရင်ဆုံးတက်ရမှာဖြစ်ပြီး အခြေအနေပေါ် မူတည်ပြီး ကျန်တဲ့ အလယ်တန်းနဲ့ မူလတန်းတွေကို ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ကျောင်းဖွင့်ရာမှာ ကျောင်းသားတွေ  ၆ ပေခြား တစ်ဦးနဲ့တဦး ခပ်ခွာခွာထိုင်နိုင်ဖို့နဲ့ စာသင်ခန်းတစ်ခန်းကို  ကျောင်းသားဦးရေ  ၂၀ သာထားရှိဖို့ ညွန်ကြားထားပါတယ်။

ဒါ့အပြင် ရောဂါကြိုတင်ကာကွယ်နိုင်ဖို့  ကျောင်းဆရာ ဆရာမ၊ ကျောင်းသားမိဘနဲ့ ကျောင်းသူ ကျောင်းသားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်ပေးမယ်လို့  ဦးလူစီယားနိုက ပြောပါတယ်။

“ကျောင်းအပ်နှံရေး သီတင်းပတ်ရောက်တဲ့အခါမှာ အဲဒါတွေ အသေးစိတ်ညွှန်ကြားချက်တွေ ထွက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကျောင်းမလာမီ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေ၊ ကျောင်းလာစဉ် လိုက်နာဆောင်ရွက်ရမယ့်အချက်၊ စာသင်ချိန် လိုက်နာဆောင်ရွက်ရမယ့် အချက်၊ ပြီးရင် ကျောင်းပြန်ချိန် လိုက်နာဆောင်ရွက်ရမယ့်အချက် အဲဒီလိုက်နာဆောင်ရွက်ရမယ့် အချက်တွေမှာ ဆရာ၊ ဆရာမတွေ လိုက်နာရမယ့်အချက်ရှိသလို မိဘတွေနဲ့  အထူးသဖြင့် ကျောင်းကြိုပို့လုပ်မယ့် မိဘတွေ လိုက်နာရမယ့်အချက်တွေရယ်၊ ကျောင်းသူကျောင်းသားတွေ လိုက်နာရမယ့် အချက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ”

ကျောင်းပြန်ဖွင့်ချိန်မှာ ပညာရေးဌာနအနေနဲ့ ကျောင်းသူကျောင်းသားတွေကို ကျောင်းသုံး ဖတ်စာအုပ်နဲ့ ဗလာစာအုပ် တစ်ဒါဇင်ကို အခမဲ့ပံ့ပိုးပေးမှာဖြစ်သလို Mask  ၂ခုစီနဲ့ မျက်နှာအကာ တစ်ခုစီကိုလည်း  အခမဲ့ ဖြန့်ဝေပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ရေရှားပါးတဲ့နေရာကို handgel နဲ့ ရေရှိတဲ့နေရာတွေကိုလည်း ပုံမှန်လက်ဆေးနိုင်ဖို့ လက်ဆေးဘေစင်တွေနဲ့ ဆပ်ပြာတွေ ထားရှိပေးမှာဖြစ်သလို အပူချိန်တိုင်းကိရိယာတွေကိုလည်း ကျောင်းတိုင်းကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။

ကယားပြည်နယ်က မြို့နယ် ၇ မြို့နယ်မှာ အခြေခံပညာသင်ကျောင်းပေါင်း ၄၅၃ ကျောင်းရှိပြီး ကျောင်းသူ ကျောင်းသားပေါင်း ၈၀၀၀၀ နီးပါး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013