
အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ ၁၂ နှစ်သား ပါရမီရှင် ဂစ်တာသမားလေးတယောက်ဖြစ်တဲ့ လင်းသန့်ရဲ့ Instrumental တပုဒ် ထွက်ရှိလာခဲ့ပါတယ်။
Level Up လို့ အမည်ပေးထားတဲ့ ဒီမြူးဇစ်ဗွီဒီယိုကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။
“သားရဲ့သင်ဆရာမြင်ဆရာများ ကမ္ဘာပေါ်မှာရှိတဲ့ ဂစ်တာတီးတဲ့ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ပါတယ်။ လိုအပ်ချက်တွေ ရှိရင်လည်း ဝေဖန်ပေးကြပါခင်ဗျာ။ သားလုပ်ချင်တာ မှန်သမျှလုပ်ပေးတဲ့ ဖေဖေနဲ့မေမေ အရမ်းချစ်တယ်။”
လင်းသန့်ဟာ သတ္တမတန်းကျောင်းသားတယောက်ဖြစ်ပြီး ပညာရေးနဲ့အတူ ဝါသနာပါရာ ဂစ်တာပညာကို သူ့အသက် ၈ နှစ်၊ ၉ နှစ်သား အရွယ်လောက်ကတည်းက သင်ယူရင်းကနေ တဖြည်းဖြည်း ကြီးပြင်းလာခဲ့တာပါ။
အရွယ်နဲ့မလိုက်အောင် ထူးချွန်တဲ့ သူ့ရဲ့ ဂီတအနုပညာကိုတော့ ဒီရုပ်သံထဲမှာ ပရိသတ်တွေ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
ရော့ခ်ဂီတဘက်နွယ်တဲ့ ဂစ်တာအစွမ်းပြ တီးခတ်မှုတွေနဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေကိုလည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ မျှဝေထားပါတယ်။
ခုလတ်တလော အသစ်ထွက်ရှိလာတဲ့ Level Up Instrumental ရုပ်သံကိုတော့ ဂီတအနုပညာရှင်တွေကရော၊ ပရိသတ်တွေကပါ ချီးကျူးအားပေးနေခဲ့ကြပြီး အွန်လိုင်းပေါ်မှာ ရေပန်းစားနေပါတယ်။










