DVB Logo
Home
မြန်မာသတင်း
သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုတွင် မြန်မာအနိမ့်ဆုံး
DVB
·
May 16, 2013
သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုတွင် မြန်မာအနိမ့်ဆုံး
1 / 2
Donate to DVB

သဘာဝအရင်းအမြစ်တွေကို စီမံခန့်ခွဲမှုမှာ မြန်မာနိုင်ငံဟာ အနိမ့်ဆုံး အဆင့်ရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ အချိန်စောသေးတယ်လို့ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု အညွှန်းကိန်းများ သုံးသပ်လေ့လာချက်အသစ်မှာ သဘာဝအရင်းအမြစ်ကြွယ်ဝတဲ့ နိုင်ငံပေါင်း ၅၈ နိုင်ငံအနက် မြန်မာနိုင်ငံဟာ အနိမ့်ဆုံးအဆင့်ရှိနေတယ်လို့ မြန်မာနိုင်ငံ- သယံဇာတ အခွန်ဘဏ္ဍာစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

သယံဇာတအခွန်ဘဏ္ဍာ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အရင်းအမြစ် စီမံခန့်ခွဲမှု အညွှန်းကိန်းကို လောင်စာဆီ၊ သဘာဝဓာတ်ငွေ့နှင့် အခြားသတ္တု တူးဖော်ရေးလုပ်ငန်း စီမံခန့်ခွဲမှုတွေကို တိုင်းတာပြီး - ဖွဲ့စည်းမှုဆိုင်ရာနှင့်ဥပဒေဆိုင်ရာတည်ဆောက်မှု၊  အစီရင်ခံမှုအလေ့အထ၊  လုံခြုံမှုနှင့် အရည်အသွေးထိန်းချုပ်မှု၊  ပတ်ဝန်းကျင်မြှင့်တင်မှု အစရှိတဲ့ သတ်မှတ်ချက်တွေနဲ့  တိုင်တာရာမှာ မြန်မာနိုင်ငံဟာ အနိမ့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကြီးမားများပြားတဲ့ ငွေကြေးတွေကို ပွင့်လင်းမြင်သာစွာနှင့် ရေရှည် တည်တံ့ခိုင်မြဲမှုကို ဦးတည်စီမံခန့်ခွဲနိုင်မှု မရှိသေးတဲ့ကာလတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ အချိန်စောသေးတယ်လို့ မြန်မာနိုင်ငံရဲ့ သဘာဝယံဇာတ အခွန်ဘဏ္ဍာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဝင် ဦးဝင်းအောင်က ပြောပါတယ်။

ဦးဝင်းအောင် (ဓာတ်ပုံ - ဒီဗွီဘီ)“ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ပွင့်လင်းမြင်သာမှုတွေ၊ တွင်းထွက်သယံဇာတဆိုင်ရာ စီမံကွပ်ကဲနိုင်မှုတွေကို အစိုးရကတစုံတခုအထိ ကတိပေးပြီး လုပ်ဆောင်ပါမယ်ဆိုတာ တွေ့ရပေမယ့် ပြည့်ပြည့်စုံစုံဆောင်ရွက်ဖို့က ကျနော်တို့နိုင်ငံမှာရှိတဲ့ ကွင်းဆင်းမှုဆိုင်ရာဥပဒတွေ၊ နိုင်ငံတကာစံချိန်စံညွှန်းမီ အစီရင်ခာံ တင်ပြနိုင်တာတွေရယ်၊ သတင်းအချက်အလက်ရယူပိုင်ခွင့် ဒေသခံတွေက စီမံကိန်းတွေလုပ်တဲ့နေရာတွေမှာ ပါဝင်ပတ်သက်နိုင်ခွင့်တွေ အင်မတန်အားနည်းနေသေးတယ်။ အဲဒီ အခင်းအကျင်းတွေကို တစုံတခုအထိ ဖန်တီးပေးနိုင်ဖို့ လိုသေးတယ်။ ဒါတွေဖြစ်ဖို့ကလည်း ဥပဒေပိုင်းဆိုင်ရာ အခြေခံဥပဒေက နိုင်ငံသားတယောက်ရပိုင်ခွင့်တွေ ထိထိရောက်ရောက် ကိုင်တွယ်ပြီးတော့။ စက်ရုံအလုပ်ရုံပိုင်းဆိုင်ရာမှာလည်း စံချိန်စံညွှန်းကိုက်မှီအောင် ထိရောက်အောင် အတိုင်းအတာတခုအထိ လုပ်ဆောင်ဖို့ လိုသေးတယ်။ အဲဒီအခင်းအကျင်းမရှိသေးသမျှကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက တစုံတခုအထိ စဉ်းစားစရာ အနေအထားရှိသေးတယ်လို့ မြင်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံတွင်း လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းအများစုဟာ ဒေသခံ ပြည်သူ တွေအတွက် အကျိုးအမြတ် လုံးဝမရှိဘူးလို့လည်း ပြောပါတယ်။ လက်ရှိလုပ်ဆောင်နေတဲ့ စီမံကိန်းတွေဟာ ဖွင့်လင်းမြင်သာမှုမရှိသလို တာဝန်ယူမှု တာဝန်ခံမှုအပိုင်းတွေ လုံးဝ ပျက်ကွက်နေတယ်လို့ ဆိုပါတယ်။

“ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်ထုတ်ပြန်မှုတွေ အင်မတန်အားနည်းသေးတယ်။ လူ့အသိုင်းအ၀ိုင်းတခုလုံးကို အကျိုးအမြတ်ဖြစ်ထွန်းစေဖို့ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေ၊ ပွင့်လင်းမြင်သာမှုအပိုင်းတွေ ထိထိရောက်ရောက် လုပ်ကိုင်ဖို့ လိုတယ်လို့ ပြောချင်တယ်။ အဲဒါမှလည်း ဒေသခံတွေအပေါ် ထိခိုက်နစ်နာမှုနည်းပြီး ရင်းနှီးမြှုပ်နှံမှုကရလာတဲ့ ၀င်ငွေတွေက တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခန်းကဏ္ဍတွေမှာ တစုံတခုအထိ အကျိုးဖြစ်ထွန်းမယ်လို့ ပြောချင်တယ်။”

သမ္မတ ဦးသိန်းစိန်တက်လာပြီးနောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေတွေ၊ လယ်ယာမြေ ဥပဒေတွေကို တစုံတခုအထိ ဒေသခံတွေကို အကာအကွယ်ပေးနိုင်အောင် ကြိုးပမ်းနေပေမယ့် ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုတယ်လို့ ဦးဝင်းအောင်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013