ပုလဲမြို့နယ် မြကုန်းကျေးရွာအနီး စစ်ဆေးရေးဂိတ်ဆောက်မည့်အပေါ် ဒေသခံများ ကန့်ကွက်
DVB
·
June 21, 2020

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် စေတီယျုံကျေးရွာအုပ်စု မြကုန်းကျေးရွာအနီးမှာ တည်ဆောက်မဲ့ စစ်ဆေးရေးဂိတ်ကို ကျေးရွာနေပြည်သူတွေက လက်မခံဘဲ ကန့်ကွက်နေကြပါတယ်။
အဲဒီကျေးရွာဟာ မီးဘေးသင့်ရာကနေ နေရာသစ်ကို ပြောင်းရွှေ့တည်ဆောက်ထားတဲ့ကျေးရွာဖြစ်ပြီး ပြောင်းရွှေ့စဉ်ကလည်း မူလမြေပိုင်ရှင်တွေ ညှိနှိုင်းသဘောတူချက်နဲ့ အစားထိုးမြေနဲ့ ငွေသားပါ ပေးဆောင်ခဲ့ပြီးမှ ပြောင်းရွှေ့တည်ဆောက်ခဲ့တဲ့ ကျေးရွာဖြစ်တယ်လို့ ဆိုပါတယ်။
ကျေးရွာနေအိမ်တွေ တည်ဆောက်ပြီး ကျန်ရှိနေတဲ့မြေကွက်လပ်ကို ကျေးရွာထင်းစိုက်ခင်းအဖြစ် အိမ်ထောင်စု ၁ စုကို သစ်ပင် ၁၅ ပင်စိုက်ခဲ့ကြပြီး စစ်ဆေးရေးဂိတ်တည်ဆောက်မှုကြောင့် သစ်ပင်တွေ ပါသွားမှာစိုးရိမ်တာကြောင့် ကန့်ကွက်ခဲ့ကြတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။
“စစ်ဆေးရေးဂိတ်ဆောက်မယ့်နေရာက ကျေးရွာမှစိုက်ပျိုးထားတဲ့သစ်ပင်တွေ နေရာပါ။ သစ်ပင်တွေခုတ်လှဲမှာကို မလိုလားကြသလို ကျေးရွာပိုင်မြေကိုလည်း မပေးချင်ကြတာပါ။ စစ်ဆေးရေးကို အဲဒီနေရာမှာပါပဲ ဆက်လက်လုပ်ဆောင်ဖို့ရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒေသခံတွေကတော့ ကျေးရွာစိုက်ကွင်းသစ်ပင်တွေထဲမှာ ဆက်လက်မလုပ်ဆောင်ဖို့ ထပ်မံကန့်ကွက်စာနဲ့ လက်မှတ်ပေါင်း ၄၀၀ ကျော်ကောက်ခံပြီးပြီ။”
တိုင်းဒေသကြီးအစိုးရစီမံချက်နဲ့ အိန္ဒိယဘက်ကနေ ဝင်လာမယ့် ကုန်စည်တွေကို တရားဝင်/မဝင် စစ်ဆေးဖို့ ဂိတ်တည်ဆောက်မယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အကြောင်းကြားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ရွာကိုပြောဖို့ရာက လူစုလူဝေးနဲ့ မလုပ်ရတဲ့ကာလဖြစ်နေတော့ ဆယ်အိမ်ခေါင်းတွေကိုပဲခေါ်ပြီး အကျိုးအကြောင်း ပြောပြလိုက်တယ်။ သဘောတူသူရှိသလို ကြားနေတဲ့သူ၊ ကန့်ကွက်တဲ့သူတွေလည်း ရှိခဲ့တယ်။ ဒီနေရာက အစိုးရပိုင်ဖြစ်တယ်လို့ ထွေအုပ်ဦးစီးနဲ့သက်ဆိုင်ရာဌာနဆိုင်ရာတွေ ကပြောတယ်။ ကျနော်တို့အနေနဲ့က ရွာပိုင်မြေပါလို့ ပြစရာအထောက်အထား ဘာမှမရှိဘူးဖြစ်နေတယ်။ ရွာထဲကလူတွေကတော့ ရွာပိုင်မြေလို့ပြောနေကြတာရှိတယ်- လုပ်ငန်းပိုင်းကတော့ လောလောဆယ်ကြား ရသလောက်ကတော့ ရှေ့ဆက်ဆောင်ရွက်ဖို့ရာပဲ ရှိတယ်၊ ရပ်နားဖို့ရာ မရှိဘူး” လို့ ပြောပါတယ်။