DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ အမှိုက်ကန်သစ် မြေကျွံအက်ကွဲသဖြင့် ဒေသခံများ စိုးရိမ်
DVB
·
June 21, 2020
ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ အမှိုက်ကန်သစ် မြေကျွံအက်ကွဲသဖြင့် ဒေသခံများ စိုးရိမ်
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် UNDP ရဲ့ မြို့နယ်အထောက်အပံ့ ရန်ပုံငွေ ၄၉၅ သိန်းနဲ့ တည်ဆောက်ခဲ့တဲ့ အမှိုက်ကန်နဲ့ ကန်အဝင် ကွန်ကရစ်လမ်းမှာ အချိန်မတန်ခင် မြေကျွံ အက်ကွဲခဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ကျေးရွာအမှိုက်ကန်နဲ့အမှိုက်ကန်အဝင်လမ်း ဖြစ်မြောက်ရေးကော်မတီဝင် ကိုအောင်လွင်က  သူတို့က လုပ်ငန်းကို မေ ၃၁ ရက်နေ့က ပြီးသွားပြီလို့ သိရတယ်။ ရွာသားတွေက အမှိုက်တောင် မပစ်ရသေးဘူး။ ကန်က မြေတွေကျွံပြီး အက်ကွဲလာတယ်ဆိုလို့ ကုမ္ပဏီဘက်ကို ခေါ်ပြီးရှင်းလင်းခဲ့ပါတယ်။ အဲဒီမှာ ကုမ္ပဏီဘက်က လုပ်ငန်းကိုပြီးစီးပေမယ့် သက်ဆိုင်ရာဌာနကို မအပ်ရသေးဘူး။ လုပ်ငန်းအပ်ပြီးလို့ တနှစ်အတွင်းမှာ ပျက်စီးခဲ့ရင်လည်း တာဝန်ယူ လုပ်ဆောင်ပေးမယ်ဆိုတာကို သိခဲ့ရတယ်။ အခုလို ဖြစ်သွားတဲ့အခြေအနေကိုလည်း ကုမ္ပဏီဘက်ကအ ကောင်းဆုံးဖြစ်အောင် ပြန်ပြီးလုပ်ဆောင်ပေးမယ်။ လက်ရှိမှာ မိုးရာသီကာလ ဖြစ်နေတာကြောင့် ပြင်ဆင်ဖို့အခက်အခဲရှိနေတယ်ဆိုပြီး ကတိပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

အဲဒီအမှိုက်ကန်နဲ့ အမှိုက်ကန်အဝင်လမ်း တည်ဆောက်ထားတဲ့ မြေနေရာမှာ ကွင်းမြေဖြစ်တဲ့အပြင် ဖို့မြေတွေဖြစ်တာကြောင့် မိုးရွာတဲ့အခါ အခုလို မြေသားကျွံကျတာတွေ ဖြစ်ပေါ်ခဲ့တာပါ။

၂၀၁၈-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ မြို့နယ်အထောက်အပံ့ရန်ပုံငွေနဲ့ ပေါင်မြို့နယ်၊ ဥတ္တံတား(အပြင်) ကျေးရွာမှာ (၁၅၀’×၉၀’×၁၀’) အမှိုက်ကန်နဲ့ ကွန်ကရစ်လမ်း (၂၈၆’×၁၂’×၆”) တည်ဆောက်တဲ့စီမံကိန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ပြည့်ဝေရံကုမ္ပဏီက ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်တည်ဆောက်ကာ မေ ၃၁ ရက်နေ့မှာ လုပ်ငန်းပြီးစီးရမယ်လို့ သိရပါတယ်။

ပြည့်ဝေရံကုမ္ပဏီရဲ့ အင်ဂျင်နီယာ ကိုသိန်းထွန်းအောင်က “ကျနော်တို့အနေနဲ့က လုပ်ငန်းကို အပ်နှံထားခြင်းမရှိသေးပါဘူး။ ပြီးစီးမှုကိုတော့ ပြထားတာပါ။ မိုးတွင်းကာလဖြစ်လို့ မြေကျွံတဲ့ကိစ္စကိုလည်း ဌာနကို အကြောင်းကြားထားပါတယ်။ ရပ်ရွာကိုတော့ မပြောမိဘူးပေါ့။ နောက်ပြီး ဒီဘက်ကိုလည်း ကျနော်တို့ မကြာခဏဆိုသလို လာကြည့်ပါတယ်။ နောက်တစ်ခုက လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့ကိစ္စပါ။ ဘာဖြစ်ဖြစ် သတင်းတစ်ခုကို တင်မယ်ဆိုရင် ဂဃနဏ သိအောင် အရင်လုပ်ပြီးမှ တင်စေချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဥတ္တံတားကျေးရွာက ထွက်ရှိတဲ့အမှိုက်တွေကို လက်ရှိမှာ မီးရှို့ဖျက်ဆီးတာတွေရှိသလို ချောင်း၊ မြောင်းတွေမှာလည်း စွန့်ပစ်တာတွေ ရှိနေပါတယ်။ 

အမှိုက်ကန် ပြီးစီးသွားပါက ဒေသခံတွေအနေနဲ့ မိမိတို့အစီအစဉ်နဲ့ အမှိုက်တွေကို လာရောက်စွန့်ပစ်ရမှာဖြစ်ပြီး ကော်မတီအနေနဲ့လည်း နောက်ပိုင်းမှာ အမှိုက်သိမ်းဆည်းစနစ်ကို ဝန်ဆောင်မှုပေးလာနိုင်တဲ့ အနေအထားတခုဖြစ်အောင် ဖန်တီးသွားမယ်လို့ ကျေးရွာ အမှိုက်ကန်နဲ့ အမှိုက်ကန်အဝင်လမ်း ဖြစ်မြောက်ရေးကော်မတီအဖွဲ့က သိရပါတယ်။

ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013