DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင်  ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည့် မြန်မာလုပ်သား ၇ ဦးခန့်ရှိနေ
DVB
·
June 19, 2020
မလေးရှားတွင်  ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည့် မြန်မာလုပ်သား ၇ ဦးခန့်ရှိနေ
Donate to DVB

မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေထဲက အလုပ်အကိုင်မရှိတာနဲ့ နေရပ်ပြန်ဖို့ခက်ခဲတာတွေကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူ သီတင်းနှစ်ပတ်ကျော်ကာလ အတွင်း ၇ ယောက်လောက်ရှိနေပြီ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင်အလုပ်သမားတွေကို အစိုးရက တင်းတင်းကျပ်ကျပ် ဖမ်းဆီး နေသလို  လုပ်ငန်းရှင်တွေကလည်း တရားမဝင်လုပ်သားတွေကို အလုပ်ခိုင်းစေခြင်း မရှိတော့ တာကြောင့် မြန်မာလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးအခက်ခဲတွေ့နေတဲ့အပြင် နေရပ်ပြန်နိုင်ရေးအခက်ခဲရှိနေတာကြောင့်လည်း  စိတ်ဓာတ်ကျပြီး သေကြောင်း ကြံစည်ကြတာပါ။ 

ဒီလိုအဆုံးစီရင်သွားသူအများစုဟာ  မလေးရှားရောက်မြန်မာ overstay လုပ်သားတွေဖြစ်တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက  ဒီဗွီဘီကို ပြောပါတယ်။

"သေဆုံးသူတွေက overstayတွေပါ။ အများစုကတော့ အဖမ်းဆီးတွေ၊ စားဝတ်နေရေး အခက်ခဲတွေ၊ နေရပ်ပြန်ဖို့ကလည်း overstay ဖြစ်သွားရင် သံရုံးကပြန်ဖို့ CI အခမဲ့ ထုတ်ပေးတာတောင် မလေးရှားအစိုးရဆီမှာ ဆောင်ရမယ့် ဒဏ်ငွေက ရင်းဂစ်၃၀၀၀ရှိတယ်။ လေယာဉ်လက်မှတ်ဖိုးနဲ့ဆိုရင် ရင်းဂစ် ငါးထောင်လောက်ကုန်မှ ပြန်လို့ရမယ်။ ဒီလိုအခက်ခဲတွေကြောင့် စိတ်ဓာတ်ကျတဲ့သူတွေလည်းပါသလို၊ တချို့လည်း မိသားစုအခက်ခဲ အကြောင်းမျိုးစုံ ပါမယ်ထင်တယ်။ "

လက်ရှိမှာ မလေးရှားအစိုးရနဲ့ မြန်မာအစိုးရတို့ ချိတ်ဆက်ပြီး မလေးရောက် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပိုပေးနေတဲ့ အစီအစဉ်ရှိပါတယ်။

ဒီအစီအစဉ်မှာ ပြစ်ဒဏ်တွေကျခံပြီး နိုင်ငံခြားသားထိန်းသိမ်းရေးစခန်း (camp)တွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကိုစိစစ်ပြီး ပြန်လည်ပို့ဆောင်တာတွေနဲ့ တရားဝင်သွားရောက်ပြီး ပြန်လိုသူတွေကို ပြန်ခွင့်ပြုတာတွေ ပါဝင်ပေမဲ့ တရားမဝင်ရောက်ရှိနေတဲ့သူတွေကိုတော့ ပြန်ခေါ်ပေးတဲ့ အစီအစဉ်ကတော့   မရှိသေးပါဘူး။

လက်ရှိမလေးရှားနိုင်ငံမှာ တရားဝင်သွားရောက်တဲ့ ရွေ့ပြောင်းမြန်မာအလုပ်သမား  ၃သိန်းလောက်ရှိပြီး တရားမဝင်ရောက်ရှိနေတဲ့ over stay လုပ်သားတွေနဲ့ပါဆိုရင် စုစုပေါင်း ၅ သိန်းအထက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

မလေးရှားအစိုးရရဲ့ တရားမဝင်လုပ်သားဖမ်းဆီးရေးစီမံချက်အရ နိုင်ငံခြားသားလုပ်သား‌ တွေနေထိုင်ရာ အဆောင်တွေနဲ့ စက်ရုံတွေထဲအထိပါ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်လို့ နေရပ်မပြန်နိုင်တဲ့ မြန်မာ overstayလုပ်သားတွေ ဖမ်းဆီးခံရမှုလည်း ပိုမိုများလာနေပါတယ်။

ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013