ကျောက်ဖြူမြို့နယ်တွင် ထွေအုပ်ဝန်ထမ်း ၁ ဦး အသတ်ခံရ
DVB
·
June 18, 2020

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှာတာဝန်ကျနေတဲ့ ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်း ဦးစိုးမင်းထွန်းကို ဇွန် ၁၆ ရက် ညက အမည်မသိလူတစ်စုက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်ခဲ့တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက သိရပါတယ်။
ဇွန်လ ၁၇ ရက်မနက်မှာတော့ ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက် လေယာဉ်ကွင်းအနီးရှိ တောင်ရှည်ကျေးရွာကို သွားတဲ့ရေနုတ်မြောင်းအနီးမှာ ဦးစိုးမင်းထွန်းကို ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက ဒီဗွီဘီကို ပြောပါတယ်။
“သူကတော့ စိုင်ခြုံကျေးရွာမှာကျနေတဲ့ ရ.ယ.က စာရေးတစ်ဦးပေါ့။ ဦးစိုးမင်းထွန်းလို့ခေါ်တယ်။ ဇွန်လ ၁၆ ရက် ည ၁၂ နာရီခွဲအချိန်လောက်မှာ စိုင်ခြုံကျေးရွာမှာ ရှိတဲ့သူရဲ့ နေအိမ်ကို လူတစ်စုရောက်လာပြီးတော့ အတင်းအားဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်။ မနက်ကျတော့ တောင်ရင်းရပ်ကွက် တောင်ရှည်ကျေးရွာသွားတဲ့လမ်းမှာ ထားခဲ့တာပေါ့၊ ဒဏ်ရာတွေကတော့ ဦးခေါင်းတွေ၊ လက်တွေနဲ့ ဝမ်းဗိုက်တွေမှာ ဒဏ်ရာတွေနဲ့ အသတ်ခံရပြီး သေနေတာကိုတွေ့ရတယ်”
လူသတ်တရားခံတွေဟာ ဘယ်သူတွေလဲဆိုတာနဲ့ ဘာကြောင့်ခုလို သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဦးစိုးမင်းထွန်းဟာ ကျောက်ဖြူမြို့နယ်က အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်း တစ်ဦးဖြစ်တဲ့ အကြောင်းနဲ့ အသတ်ခံရပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်ကလည်း အတည်ပြုပြောပါတယ်။
ဦးစိုးမင်းထွန်း အသတ်ခံရတာနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူက တရားလိုပြုလုပ် တိုင်ကြားခဲ့တာကြောင့် ကျောက်ဖြူမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၄ နဲ့ အမှုဖွင့်လှစ်ကာ ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေပါတယ်။
သတင်း- နောင်နောင်