DVB Logo
Home
မြန်မာသတင်း
တောင်သူလယ်သမားများကို ကိုဗစ်-၁၉  အထူးချေးငွေ ၁ ဧက ကျပ် ၅၀၀၀၀ ထုတ်ချေးမည်
DVB
·
June 16, 2020
တောင်သူလယ်သမားများကို ကိုဗစ်-၁၉  အထူးချေးငွေ ၁ ဧက ကျပ် ၅၀၀၀၀ ထုတ်ချေးမည်
Donate to DVB

မြန်မာနိုင်ငံတဝန်းက တောင်သူလယ်သမားတွေအတွက် ကိုဗစ်-၁၉  အထူးချေးငွေအဖြစ် လယ်တစ်ဧကကို ငွေကျပ် ၅၀၀၀၀ နှုန်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က  ထုတ်ချေးပေးသွားဖို့ ရှိနေပါတယ်။ 

ကိုဗစ်-၁၉ ရောဂါဟာ မြန်မာလယ်ယာကဏ္ဍဖွံ့ဖြိုးရေး အပေါ်မှာလည်း ထိခိုက်မှုတွေ ရှိနေတာကြောင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ကုစားဖို့အတွက် တောင်သူလယ်သမားတွေကို အစိုးရက အထူးချေးငွေ ထုတ်ချေးပေးဖို့ စီစဉ်ခဲ့တာပါ။

ကိုဗစ်-၁၉  အထူးချေးငွေအဖြစ်  လယ်တစ်ဧကကို ငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ လယ် ၁၀ ဧကအထိ ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မွန်ပြည်နယ် မန်နေဂျာ ပြောပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မွန်ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင် က “အခု ထုတ်ချေးပေးမယ့် ကိုဗစ်-၁၉ အထူးချေးငွေဟာ နှစ်စဉ် ထုတ်ချေးပေးနေတဲ့ လယ် တစ် ဧက ၁ သိန်းခွဲနှုန်း မဟုတ်ဘဲ ကိုဗစ်-၁၉ ကပ်ဘေး ကာလမှာ သီးသန့်ထုတ်ချေးပေးတဲ့ ချေးငွေ အမျိုးအစား ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအတွက် ကိုဗစ်-၁၉ အထူးချေးငွေကိုတော့ ဇွန်လအတွင်း စတင် ထုတ်ချေးပေးနိုင်အောင် စီစဉ်နေတာပြီး အတိုးနှုန်းဟာ ၅ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

ချေးငွေ စည်းကမ်းချက်တွေမှာတော့ ပုံစံ ၇ မူရင်း ရှိသူနဲ့ အကြွေးကျေထားတဲ့ တောင်သူလယ်သမားကို ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။

ဒီကိုဗစ်-၁၉  အထူးချေးငွေကိုတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပြန်လည် ပေးဆပ်ရာမှာ ဖြစ်တယ်လို့ မန်နေဂျာ ဦးကျော်စွာလှိုင်ကပြောပါတယ်။

ကိုဗစ်-၁၉ အထူးချေးငွေ ထုတ်ပေးမယ်ဆိုရင် တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ် ပိုရပြီး အဆင်ပြေလာကြမယ်လို့ သထုံမြို့နယ် ဒုံဝင်းကျေးရွာ လယ်သမား ကိုအောင်ဝင်းက ပြောပါတယ်။ 

မွန်ပြည်နယ်မှာတော့  အထူးချေးငွေကို  လယ်ဧကပေါင်း ၂၈၀၀၀၀ ကျော်အတွက် ငွေကျပ်သန်းပေါင်း ၁၀၀၀၀ ကျော် ထုတ်ချေးပေးသွားဖို့ လျာထားပါတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။

သတင်း- ဇော်လွင်ထွဋ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013