DVB Logo
Home
Lead Story
အမတ် ဆိုတဲ့ ဝေါဟာရကို စိစစ်ကြည့်ခြင်း
DVB
·
June 16, 2020
အမတ် ဆိုတဲ့ ဝေါဟာရကို စိစစ်ကြည့်ခြင်း
Donate to DVB

တချို့ကတော့ ‘လွှတ်တော်ကိုယ်စားလှယ်’လို့ ခေါ်ကြတယ်။ တချို့ကျတော့ အစဉ်အလာက ခေါ်ခဲ့တဲ့အတိုင်း နှုတ်ကျိုးနေလေတော့ ‘အမတ်’လို့ ခေါ်ကြတယ်။ ဘယ်လိုပဲခေါ်ခေါ် လူထုဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ထားခြင်းခံရတဲ့ ပုဂ္ဂိုလ်ကို ခေါ်တယ်ဆိုတာ အားလုံးသိပြီးသား။ ဒါပေမဲ့ လူထုဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားခြင်း မခံရတဲ့သူတွေ ပါဝင်နေလေတော့ ဝေါဟာရ အသုံးတွေအပေါ်မှာ စိစစ်ချင်လာမိတယ်။                                      

ဦးစွာ ‘အမတ်’ဆိုတဲ့ ဝေါဟာရကိုကြည့်ရင် မြန်မာစကားစစ်စစ်တော့ မဟုတ်ပေဘူး။ ပါဠိကလာတဲ့ ပါဠိပျက် ဝေါဟာရလို့ ဆိုပါတယ်။ ပါဠိစကား ‘အမစ္စ’မှ လာတာပါ။ အဓိပ္ပာယ်က “သဗ္ဗကိစ္စေသု၊ ရညာမန္တေနအမာ၊ သဟဘဝတီတိ၊ အမစ္စော”တဲ့။ မြန်မာလိုကတော့ “အလုံးစုံသောကိစ္စတို့၌ မင်းနှင့်တိုင်ပင်ခြင်းဖြင့်တကွ ဖြစ်တတ်သောကြောင့် ‘အမတ်’ မည်၏”လို့ ဦးထွန်းမြင့်ရဲ့ ‘ပါဠိသက်ဝေါဟာရအဘိဓာန်’မှာ ဖွင့်ဆိုထားတယ်။ ဒါကြောင့် ‘အမတ်’ဆိုတာဟာ ပါဠိပျက်ဝေါဟာရတခုပါ။

‘အမတ်’ ဆိုတဲ့ အသုံးကို ပဒေသရာဇ်ခေတ်ကစသုံးခဲ့တာ။ ကိုလိုနီခေတ်တလျှောက်လုံးလည်း ‘အမတ်’ဆိုတာကိုပဲ အသုံးပြုခဲ့ကြသလို ဖဖဖဆပလ ပါလီမန် ဒီမိုကရေစီခေတ်မှာလည်း ဒီဝေါဟာရကိုပဲ အသုံးပြုခဲ့ကြတာ။ ‘ကိုယ်စားလှယ်’ဆိုတဲ့ အသုံးကတော့ မဆလခေတ်တလျှောက်လုံး တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တာကို တွေ့ရတယ်။ ‘နဝတ၊ နအဖ’ ကာလတွေမှာတော့ အာဏာသိမ်းစစ်အာဏာရှင် ဖြစ်ခဲ့တာမလို့ ‘အမတ်’ ဆိုတာ မရှိခဲ့ဘူး။ လွှတ်တော်ကိုယ်စားလှယ်နဲ့ အမတ်မရှိခဲ့တဲ့ ကာလဆိုးကြီးပေါ့။ အင်္ဂလိပ်လို Delegation လို့ ခေါ်လို့ရတာတော့ ရှိခဲ့တယ်လို့ ဆိုကောင်း ဆိုနိုင်တယ်။

အင်္ဂလိပ်ဝေါဟာရတွေထဲက ဉာဏ်မီသလောက်လေး ရှာဖွေကြည့်တော့ Representative, Delegation, Mandate  ဆိုတဲ့ စကားရပ်တွေကို ‘ကိုယ်စားလှယ်’ဆိုပြီး ပြန်ဆိုအသုံးပြုခဲ့ကြတယ်။ သူတို့အသုံးက ရှင်းတယ်။ ဗမာစကားလို မရှုပ်ထွေးဘူး။ Delegation ကို ကြည့်ရင် သူကလည်း လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ခြင်းပဲ။ ကိုယ်စားလှယ် လွှဲအပ်ခံရခြင်းပါပဲ။ ဒါပေမဲ့ လူထုမဲနဲ့ ရွေးချယ်လွှဲအပ်တာမျိုးတော့ မဟုတ်ဘူး။

Delegation ဆိုတာကို အဓိကသုံးတာက ‘ပါလီမန် ဒါမှမဟုတ် အာဏာပိုင်အဖွဲ့အစည်း တခုခုက သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အခြားလူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့တစ်ခုကို ဖြစ်စေ လုပ်ပိုင်ခွင့် လွှဲအပ်ပေးတာမျိုး’ကို အသုံးပြုလေ့ရှိတာ တွေ့ရတယ်။ နောက်တမျိုးကတော့ အဖွဲ့အစည်းတစ်ခု သို့မဟုတ် အုပ်စုတစ်စုက သူတို့ကို ကိုယ်စားပြုဖို့ ကိုယ်စားလှယ် လွှဲအပ်လိုက်ခြင်းခံရသူကိုလည်း Delegate လို့ အသုံးပြုပါတယ်။

ဥပမာ လွှတ်တော်ထဲမှာရောက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်များဟာ တပ်မတော်ကိုယ်စားပြု လွှဲအပ်ထားတာဖြစ်လို့ ‘အမတ်’လို့ ခေါ်လို့မရဘူး။ သူတို့ဟာ Delegation အဆင့်မျှသာ ဖြစ်တယ်။ Delegate ဆိုတာ အုပ်စုတစ်စုကိုသာ ကိုယ်စားပြုခွင့်ရှိတာ။ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်မရှိဘူး။ ညွှန်ကြားခိုင်းစေတဲ့အတိုင်း လုပ်ကြရတာ။

Mandate ကတော့ ရွေးကောက်ပွဲအနိုင်ရတဲ့သူတွေအတွက်လည်း သုံးပါတယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် စီမံဆောင်ရွက်ဖို့ အခွင့်အာဏာ လွှဲအပ်ခံရသူကို ဆိုလိုတာ။ အမတ်လောင်းဘဝမှာတော့ ဒီဝေါဟာရနဲ့ မအပ်စပ်သေးဘူး။ ရွေးကောက်ပွဲ အနိုင်ရချိန်မှာ ၎င်းတို့ တင်ပြခဲ့တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ လုပ်ပိုင်ခွင့်အာဏာကို လွှဲအပ်လိုက်ခြင်းပဲ ဖြစ်တယ်။ တနည်းပြောရရင် အများရဲ့(ပြည်သူ)ထောက်ခံမှုအရ ရရှိတဲ့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခံရသူတွေကို သုံးလေ့ရှိတယ်။

Representative ကတော့ ကိုယ်စားပြု ဒီမိုကရေစီစနစ်အရ လူထုဆန္ဒနဲ့ ရွေးကောက်ခံရတဲ့ အမတ်တွေအတွက် အသုံးပြုခဲ့တာပါ။ အဲဒီလိုလူထုက ဆန္ဒမဲပေးပြီး လုပ်ပိုင်ခွင့်အာဏာ ခန့်အပ်ခံရသူတွေတော့ Mandate လို့လည်း သုံးပါတယ်။ မူရင်းအဓိပ္ပာယ်ကလည်း Mandate ဆိုတာ ‘တာဝန်ပေးအပ်တာ’ပါပဲ။ အဲဒီလို တာဝန်ပေးအပ်ခံရတဲ့ ‘အမတ်’တွေကမှ အစိုးရအဖွဲ့ကို ထပ်မံရွေးချယ်တင်မြှောက်ကြရတာပါ။

အဲဒီလို တာဝန်ပေးအပ်ခံရတဲ့ ‘အမတ်’ Mandate တွေဟာ မဲပေးဆုံးဖြတ်ခွင့်ကို လွတ်လပ်စွာ ပြုလုပ်နိုင်တယ်။ တချို့‘အမတ်’တွေကတော့ မိမိကို ရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒရှင်တွေရဲ့ သဘောထားကိုယူပြီး မဲပေး ဆုံးဖြတ်တာမျိုးရှိသလို တချို့ကတော့ အမတ်ကို ရွေးချယ်ရာမှာ အမတ်ရဲ့အရည်အချင်းကိုကြည့်ပြီး ရွေးချယ်ပြီးဖြစ်တဲ့အတွက် မိမိမဲဆန္ဒနယ်ရဲ့ လူထုအကြိုက်ကို လုပ်တာထက် ပြည်သူလူထုနဲ့အများအတွက် ကောင်းကျိုးရှိရာကို လွတ်လပ်စွာ စဉ်းစားဆုံးဖြတ် မဲပေးလေ့ရှိကြတယ်။

အခုတင်ပြခဲ့တာတွေက ‘ကိုယ်စားလှယ်’ဆိုတဲ့ မြန်မာ့ဝေါဟာရအသုံးရဲ့ ရှုပ်ထွေးမှုတွေ ရှိနေတာကြောင့် စိတ်ဖြာကြည့်တဲ့သဘောပါ။ ကိုယ်စားလှယ် ဆိုတဲ့ဝေါဟာရကို သုံးရင် ရှေ့က ‘ဝိသေသပုဒ်’ ထည့်ပြောမှ အဆင်ပြေပြေ နားရှင်း၊ အာရုံရှင်း၊ အသိရှင်းစေနိုင်တယ်။ အလိုလိုမှ မူလဝေါဟာရကိုယ်က ရှုပ်ထွေးရတဲ့အထဲ လွှတ်တော်ထဲမှာ ရွေးကောက်ခံ မဟုတ်သူပါ ရောက်လာတော့ ပိုရှုပ်လာပြန်တယ်။

ဒီတော့ ပြည်သူလူထုဆန္ဒမဲနဲ့ လွှတ်တော်ထဲ ရောက်လာတဲ့ Mandate တွေကို ‘အမတ်’ ဆိုတဲ့ဝေါဟာရကိုပဲ အသုံးပြုကြ၊ ရေးကြ၊ ပြောကြမယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ ယူဆမိတယ်။ ကျန်တာကတော့ ‘အမတ်’ ဆိုတဲ့ ဝေါဟာရ အစား ကိုယ်စားလှယ်ရှေ့က ‘ဝိသေသပုဒ်’ တပ်ပြီး ခေါ်မယ်ဆိုရင် ကွဲကွဲပြားပြား ဖြစ်သွားစေတာပေါ့။

ဥပမာ- ‘လွှတ်တော်ကိုယ်စားလှယ်’၊ ‘….အသင်းအဖွဲ့ ကိုယ်စားလှယ်’၊ ‘လူထုကိုယ်စားလှယ်’၊ ‘ညီလာခံကိုယ်စားလှယ်’ စသဖြင့် ဝိသေသပုဒ်ထည့်ပြောလို့ရတယ်။ ကိုယ့်အကြိုက်အတိုင်း အသုံးပြုနိုင်ခွင့်တော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်ဟူသော ဝေါဟာရကို အသုံးပြုမယ် ဆိုရင်တော့ ဝိသေသပုဒ် ထည့်ပြောမှ အဆင်ပြေတာကြောင့် ဝေါဟာရက ‘ကျစ်လျစ်မှု’ အားနည်းနေတာကို တွေ့ရတယ်။

တခါခါတော့  ဝေါဟာရကို သေသေချာချာ ခွဲခြားအသုံးပြုလိုက်ခြင်းဟာလည်း အာဏာရှင် ဆန့်ကျင်ရေးကို အထောက်အကူ ဖြစ်နေတတ်တာကိုလည်း ဖြစ်စေတတ်ကြောင်းပါ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013