DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေ ရောင်းချ၊ ပေါင်နှံ၊ လွှဲပြောင်းမှုအတွက် အခွန်ခနှုန်း လျှော့ချပေးရေး ညှိနှိုင်းပေးမည်
DVB
·
June 16, 2020
လယ်ယာမြေ ရောင်းချ၊ ပေါင်နှံ၊ လွှဲပြောင်းမှုအတွက် အခွန်ခနှုန်း လျှော့ချပေးရေး ညှိနှိုင်းပေးမည်
Donate to DVB

မကွေးတိုင်းမှာ လယ်ယာမြေတွေကို ရောင်းချ၊ ပေါင်နှံ၊ လွှဲပြောင်းရာမှာ အခွန်ခနှုန်းထားတွေ များပြားနေတဲ့ကိစ္စ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ တိုင်းအစိုးရ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောပါတယ်။ 

ဇွန်လ ၁၅ ရက်နေ့ မကွေးတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းဝေးမှာ စေတုတ္တရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ဒီကိစ္စ မေးခွန်းမေးမြန်းခဲ့ရာမှာ ဝန်ကြီးက ပြောသွားတာ ဖြစ်ပါတယ်။

မကွေးတိုင်းအတွင်းမှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ကို ရောင်းချ ပေါင်နှံ လွှဲပြောင်းတဲ့အခါ တန်ဖိုးအပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်းနဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ခ ၀ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ဖို့ သတ်မှတ်ထားတဲ့အပြင် ပြည်တွင်းအခွန်ဦးစီးဌာနကလည်း အခွန်ငွေ ကောက်ခံနေတာဖြစ်ပါတယ်။

မကွေးတိုင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး  ဦးဝင်းမော်ဌေးက "ပြည်တွင်း အခွန်ဦးစီးဌာနက ကောက်ခံတဲ့ အခွန်နှုန်းထား များပြားတဲ့အတွက် တောင်သူတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဇွန်လ ၁ ရက်နေ့ကစလို့ လယ်ယာလုပ်ပိုင်ခွင့် ပုံစံ(၇) တွေကို လာရောက်ပြောင်းလဲ လို့ ရပြီလို့ ကြေညာခဲ့ပေမဲ့ လာရောက်ပြောင်းလဲသူ နည်းပါတယ်။ အရင်က လယ်ယာမြေ ပုံစံ(၇) တွေကို အမည်ပြောင်းလျှောက်ချင်သူ များပြားပေမဲ့ အခွန်နှုန်းများပြားလို့ လျှောက်ထားသူ နည်းပါး တာပါ။ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စု အစိုးရအဖွဲ့တို့ကို အခွန်နှုန်းလျှော့ချဖို့ ညှိနှိုင်း တင်ပြသွားမှာပါ။ အကောင်းဆုံးကတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ တာဝန်ရှိသူကို တိုက်ရိုက်မေးမြန်းရင် ချက်ချင်းအဆင်ပြေနိုင်တယ်”လို့ ပြောပါတယ်။

လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)အမည်ပြောင်းလျှောက် အခါမှာ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီးဌာနကို အခွန် ၂ ရာခိုင်နှုန်း၊ ပြည်တွင်းအခွန်ဦးစီးဌာနကို ၇ ရာခိုင်နှုန်း စုစုပေါင်း ၉ ရာခိုင်နှုန်း ထမ်းဆောင်ရမှာဖြစ်လို့ ကျပ်သိန်း ၁၀၀ ကို ၉ သိန်းကျပ်လောက် ပေးဆောင်နေရတာ ဖြစ်ပါတယ်။ 

ခုလို အခွန်အခတွေများနေလို့ အခွန်ရှောင်သူတွေ များလာနေတယ်လို့ စေတ္တရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုစားလှယ် ဒေါ်ညိုညိုဦး ကပြောပါတယ်။ 

 "အခွန်ခ များပြားတာကြောင့် မြေပြင်အနေအထားမှာ အခွန်ရှောင်ပြီး အရောင်းအဝယ်တွေ ပြုလုပ်ကြလို့ ပြဿနာတွေ ရှုပ်ထွေးနေပါတယ်။ အခွန်နှုန်းထားကို တောင်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြေစေတဲ့ နှုန်းထားတစ်ခုကို လျှောချပေးမယ်ဆိုရင်တော့ နိုင်ငံတော်အတွက် အခွန်ငွေတွေရရှိမှာ ဖြစ်သလို တောင်သူတွေအတွက်လည်း အဆင်ပြေမှာဖြစ်တယ်။ လယ်ယာမြေတွေကို ရောင်းချတဲ့ နေရမှာ ပုံစံ(၇)လွှဲ ပြောင်းတာတွေမပြုလုပ်ကြလို့ ပြဿနာတွေဖြစ်ပေါ်နေသလို ဌာနဆိုင်ရာ လုပ်ငန်းတွေ ကြန့်ကြာပြီး လွှတ်တော်ကိုယ်စားလှယ်တွေအတွက်လည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်တယ်"

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး  ပြီးခဲ့တဲ ၁၅ ကြိမ်မြောက် ပုံမှန်အစည်းဝေးမှာ မေးမြန်းဖို့ စီစဉ်ခဲ့ပေမဲ့ မေးခွင့်မရခဲ့ဘဲ မကွေးတိုင်းဒေသကြီးလွှတ်တော် ၁၆ ကြိမ်မြောက်ပုံမှန်အစည်းဝေးမှာ မေးမြန်းခွင့်ရရှိ ခဲ့တာလို့  စေတုတ္တရာမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013