Homeမြန်မာသတင်း
သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ်များ ၂၀၂၀ ရွေးကောက်ပွဲဝင်မည်
သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ်များ ၂၀၂၀ ရွေးကောက်ပွဲဝင်မည်
DVB
·
June 15, 2020

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေမှာပဲ ဝင်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားပါတယ်။
နိုင်ငံတော် သမ္မတဦးဝင်းမြင့်ဟာ လာမယ့်ရွေးကောက်ပွဲမှာလည်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်မယ်လို့ တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။
“ပြည်သူ (ပြည်သူ့လွှတ်တော်)အတွက် သမ္မတကြီး တယောက်ပဲ ရှိတယ်။ အမျိုးသားမှာ ၂ ယောက်။ တိုင်းအတွက်က ၁၀ ယောက်ပါ” လို့ ပြောပါတယ်။
သမ္မတဦးဝင်းမြင့်ရဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီကိုတင်ပြတဲ့ လျှောက်လွှာဟာ ဒီနေ့မှ ရောက်လာတာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေကို လျှောက်လွှာ ဒီကနေ့ နောက်ဆုံးထားလက်ခံနေတာဖြစ်ပြီ ဒီနေ့မှာ အပြီးစိစစ်မယ်လို့ ပြောပါတယ်။
ဒီနေ့ တာမွေမြို့နယ် အန်အယ်လ်ဒီရုံးမှာ ကိုယ်စားလှယ်လောင်းစိစစ်နေပြီး သမ္မတ ဦးဝင်းမြင့်က လွဲရင် ကျန်တဲ့သူတွေကို လူတွေ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။
လက်ရှိသမ္မတ ဦးဝင်းမြင့်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတာပါ။
အလားတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကပဲ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းထားတယ်လို့ ပါတီနဲ့နီးစပ်တဲ့သူတွေဆီက စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း ၂၀၁၅အထွေထွေရွေးကောက်ပွဲက အနိုင်ရရှိထားတဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ လှည်းကူးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ပြိုင်ဖို့ မြို့နယ်ပါတီနဲ့ မြို့မိမြို့ဖတွေက ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲဝင်ဖို့ကိစ္စ ဦးဖြိုးမင်းသိန်းရဲ့ သဘောဆန္ဒဘယ်လိုရှိတယ်ဆိုတာကိုတော့ မသိသေးဘူးလို့ လှည်းကူးမြို့နယ် အန်အယ်လ်ဒီ ပါတီ အလုပ်မှုဆောင်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ကပြောပါတယ်။
အလားတူ တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ဝန်ကြီးချုပ်တွေအားလုံးလိုလို ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အန်အယ်လ်ဒီဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်း ၂၀၁၅ တုန်းကအနိုင်ရရှိခဲ့တဲ့ သာကေတမြို့နယ်ကပဲ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားပါတယ်။
သတင်း- ပိုင်စိုး၊ ထက်ဝေအောင်