DVB Logo
Home
Lead Story
ကိုယ်ချင်းစာ နာခဲ့ရပြီလေ
DVB
·
June 12, 2020
ကိုယ်ချင်းစာ နာခဲ့ရပြီလေ
Donate to DVB

“မလွတ်လပ်တဲ့…ဘဝတွေအလှမ်းကွာ…ကိုယ်ချင်းစာ…ကြာခဲ့ရပြီလေ..ကိုယ်ချင်းစာ..နာခဲ့ရပြီလေ”တဲ့။ စိုးလွင်လွင်သီဆိုခဲ့တဲ့သီချင်း။ ကိုလတ် (မြန်မာစာ)ရဲ့စာသား။ အရင်ကတည်းက စွဲခဲ့တာ။ ဒါလေးကို တိုးတိုးလေးညည်းရင်း လူမှုကွန်ရက်စာမျက်နှာတွေကို ဖွင့်ကြည့်လိုက်တယ်။

“ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်သုံးဦးကို ဖျာပုံမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်စီချမှတ်လိုက်သည်”တဲ့။

နိုင်ငံတော်အားအကြည်ညိုပျက်စေမှု ပုဒ်မ ( ၅၀၅) နဲ့စွဲဆိုထားတဲ့အမှုပါ။ သူတို့ သံချပ်အဖွဲ့ကို မကြည့်ဘူးပါ။ နားမထောင်ဘူးပါ။ ဒါပေမယ့် သူတို့ဟာ ကျောင်းသားလေးတွေဖြစ်တယ်။ လူငယ်လေးတွေ ဖြစ်တယ်ဆိုတာကိုတော့ သတိထားမိတယ်။ ကိုယ့်သားထက်တောင် ငယ်ပါလိမ့်မယ်။ ဒီအတွက်တော့ သားသမီးချင်းကိုယ် ချင်းစာစိတ် ပွားမိခဲ့ပါတယ်။

အခုမှမဟုတ်။ ၃၀.၁၀.၂၀၁၉ မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်စီချစဉ်ကလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ၁၈.၁၁.၂၀၁၉ ဗိုလ်တထောင်မြို့နယ် တရုံးကလည်း အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်ချလိုက်ပြန်တယ်။

မရှေးမနှောင်းမှာဘဲ ၁.၁၂.၂၀၁၉မှာ အရင်ကချဖူးတဲ့ မရမ်းကုန်းမြို့နယ်တရားရုံးကပဲ အလုပ်နဲ့ထောင်ဒဏ် ၆ လ စီချလိုက်ပြန်ပါတယ်။ ၁၇.၂.၂၀၂၀မှာလည်း ဗိုလ်တထောင်တရားရုံးက ၆ လစီထပ်လို့ ချလိုက်ပြန်တယ်။ စာနာစိတ်တို့ ရင်နှင့်အမျှပါ။

ဒီတော့မှပြန်လေ့လာကြည့်လိုက်တော့  ပြစ်မှုတခုတည်းကို  မတူတဲ့ တရားရုံး ၆ ရုံးမှာ အမှု ၈ မှုခွဲပြီး တပ်မတော်က တရားပြုလုပ် တရားစွဲဆိုထားတယ်လို့သိရပါတယ်။ ဒီနေ့တော့ မအူပင်တရားရုံးကလည်း ထောင်ဒဏ် တစ်နှစ်စီ ထပ်ချလိုက်ပြန်ပြီဆိုပဲ။ အခုတော့ အမှု ၆ မှုကို ပြစ်ဒဏ် ချပြီးပြီမို့ နောက်ထပ် ၂ မှုကျန်ရှိနေပါသေးတယ်။ သံချပ်ထိုးတာ အပြစ်တဲ့လားကွယ်။

သံချပ်ထိုးတယ်ဆိုတာက နိုင်ငံတော်ကောင်းစေလိုတဲ့ စိတ်ဆန္ဒနဲ့ လိုအပ်ချက်တွေ၊ ပြုပြင်စရာရှိတာတွေကို ထောက်ပြကြတဲ့ သဘောပါတယ်။  ပဒေသရာဇ်ဘုရင်တွေဆို လူထုကို ဖိနှိပ်လိုစိတ်၊ ရန်လိုစိတ်ကြီးခဲ့ကြတယ်။ ဒီလို ဘုရင်တွေတောင် သဘင်သည်ကို ခွင့်လွှတ်ကြရိုး ထုံးစံရှိခဲ့တယ်။

ပုဂံမင်းလက်ထက် ဦးပုညက ဝေသန္တရာဇတ်တော်ကြီးကိုရေးပြီး ‘အဇ္ဇုတရသေ့ကြီး’နဲ့ သူ့တပည့်ကျော် ‘အဂ္ဂ’ တို့ ဆွေးနွေးခန်းမှာ ပုဂံမင်းရဲ့လူတွေဖြစ်တဲ့ ‘မြို့ဝန်မင်းဘိုင်ဆတ်’နဲ့‘ငပိန်’တို့ ပြည်သူလူထုအပေါ် အနိုင်ကျင့်ရမ်းကား၊  ဥစ္စာပစ္စည်းလုယူ၊ မဒိမ်းကျင့်တာတွေကို ဘုရင်သိ‌အောင် ကပြခဲ့တယ်။

ပုဂံမင်းလည်း အဲ့ဒီတော့မှ သဘင်ဝန်နဲ့ ဦးပုညကို ‘ငရဲမင်းဆိုတာအသူနည်း’လို့ မေးတော့ သဘင်ဝန်က ‘မြှောက်စားထားသူဖြစ်သဖြင့် ထုတ်ဖေါ်ပြရန်ပင် မဝံ့ကြောင်းပါ။ အလိုလိုက်ရင် အမိုက်စော်ကားတတ်ကြောင်းပါဘုရား’လို့လျှောက်သတဲ့။

နောက်တော့ ပုဂံမင်းဟာ ဘိုင်ဆတ်နဲ့ ငပိန်တို့ကို အရေးယူလိုက်နိုင်တယ်။ ကပြခဲ့တဲ့ ဦးပုညနဲ့ သဘင်ဝန်ကိုတော့ မြှောက်စားမြဲမြှောက်စားခဲ့သတဲ့။ ပုဂံမင်းကို ခပ်ညံ့ညံ့မင်းလို့ ဆိုကြပေမဲ့ နိုင်ငံအရေးကိုထောက်ပြတဲ့ သဘင်သည်၊ စာဆိုရှင်တွေကိုတော့ အရေးမယူခဲ့ပါဘူး။ ဒီနေ့ခေတ်မှာတော့ ဘိုင်ဆတ်နဲ့ ငပိန်ထက်တော့ ဆိုးသွမ်းချင်မှလည်း ဆိုးကြမှာပါ။ တကယ်တမ်း အရေးယူမယ်ဆိုရင်လည်း “ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်စိမ်ကိုကာ ကွယ်စောင့်ရှောက်ရမယ်” ဆိုတဲ့အမြင်နဲ့ အပြစ်လုပ်ခဲ့တဲ့ ကိုယ့်လူတွေထဲက ‘ဘိုင်ဆတ်နဲ့ ငပိန်’လိုလူတွေကိုပဲ  အရေးယူကြရမှာပါ။

တကယ်တော့ ဗမာစကားမှာ “ကြည်ညို”တယ်ဆိုတာ တစ်ဦးချင်းသဘောထားပိုင်းပါ။ ‘ဒေဝဒတ္ထကို’ ကြည်ညိုရမယ်လို့ ဇွတ်ခိုင်းလို့မရနိုင်ဘူး။ ဒီလိုဘဲ ‘ဂေါတမဗုဒ္ဓ’ကို မကြည်ညိုရဘူးလို့ ဇွတ်ပိတ်ပင်လို့လည်း မရနိုင်ပါဘူး။ ‘ကြည်ညို’တယ်ဆိုတာ ‘အလေးအမြတ်ပြုတာ’။ ‘ရိုသေလေးစား’တာလို့ မြန်မာအဘိဓာန်ကဖွင့်ဆိုပါတယ်။

အဲ့ဒါကြောင့် တစ်ဦးချင်းသဘော တစ်ဦးချင်းဆန္ဒနဲ့ဆုံးဖြတ်ခွင့်ရှိပါတယ်။ သေချာတာက‌တော့ နိုင်ငံတော်အတွင်း နေထိုင်တဲ့ ပြည်သူတယောက်အနေနဲ့  ကိုယ့်ဘဝ၊ ကိုယ့််မိသားစု၊ ကိုယ့်အဝန်းအဝိုင်း၊ ကိုယ့်ဒေသ၊  ကိုယ့်နိုင်ငံတိုးတက်ဖို့ဆိုရင် လိုအပ်ချက်၊ အားနည်းချက်  ရှိတာတွေကို ထောက်ပြခွင့်လည်းရှိတယ်။ ပြစ်တင်ရှုံ့ချပိုင်ခွင့်လည်း ရှိနေပါတယ်။ တိုင်းပြည်ကို ‘သစ္စာမဖေါက်’ဖို့ပဲ လိုတာပါ။

ဒီဥပဒေကလည်း ကိုလိုနီခေတ်ကတည်းက နယ်ချဲ့အလိုကျ ဖိနှိပ်စီမံအုပ်ချုပ်နိုင်ဖို့ ပြဋ္ဌာန်းခဲ့တာကလား။ ကိုယ့်နိုင်ငံလာပြီး ကိုယ့်ကို ဖိနှိပ်ချုပ်ချယ်ကျွန်ပြုတာကို ဘယ်သူက ကြိုက်နိုင်ပါ့မလဲ။ ဘယ်သူက ကြည်ညိုလေးစားချင်ပါမလဲ။ ဒီလိုအခြေနေမှာ ‘အိုးမလုံ၊အုံပွင့်’နေတဲ့ နယ်ချဲ့သမားရဲ့ ဖိနှိပ်ရေးဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့တာ။

ဒီနေ့လို ကိုယ့်မင်းကိုယ့်ချင်းနဲ့အုပ်ချုပ်နေတဲ့ကာလမျိုးမှာ ကိုယ့်လူမျိုးအချင်းချင်းအပေါ်မှာ မပြုမူသင့်၊ မထားရှိသင့်တော့တဲ့ ပုဒ်မတစ်ခုလို့ တောင်ပြောချင်ပါတယ်။ အကြည်ညိုခံချင်ပါသလား။ လွယ်ပါတယ်။ ချင်းပြည်နယ်အမတ်ရဲ့စကား ငှားပြောရရင် ‘မွှေးသာမွှေးပါစေ၊ ပန်ကြပါလိမ့်မယ်’ ဆိုစကားအတိုင်းပဲပေါ့။

အခုတော့ ‘ပန်းညွန့်ညှာခြွေ’လိုက်သလိုပါပဲလား။ ကျောင်းသားလေးတွေဘဝ မစဉ်းစားရဲစရာပါ။ သားသမီးချင်း ကိုယ်ချင်းစာစိတ်က ရင်ဝဆောင့် အကန်ခံလိုက်ရသလို နင့်ကနဲပါပဲ။ မကြာမီ ကျောင်းတွေ ပြန်ဖွင့်ကြတော့မယ်။  တက်ကြွလန်းဆန်းမှုအပြည့်နဲ့ လူငယ်ကျောင်းသားတွေကိုကြည့်ရင်း အသံတိတ်ငိုကြွေးနေမယ့် မိဘတို့ရင်ထဲ အဘယ်သို့ ရှိနေလေမလဲ။ အတန်းဖေါ်တွေကရော ကျောင်းပရဝုဏ်အနှံ့ လူပျောက်ရှာနေလေမလား။ ဆရာ ဆရာမတွေကရော ကျောင်းခေါ်ချိန်အမည်စာရင်း ကျော်ဖတ်သွားလေမလား။ မသိချင်တော့။ မစဉ်းစားချင်တော့…။

ဒါပေမယ့်“မလွတ်လပ်တဲ့…ဘဝတွေ..အလှမ်းကွာ…ကိုယ်ချင်းစာ…ကြာခဲ့ရပြီလေ…ကိုယ်ချင်စာ…နာခဲ့ရ ပြီလေ…”လို့ပဲ  နုတ်က ဖွဖွလေး သီဆိုနေမိတယ်။ 

အော် ..ကိုယ်ချင်းစာခဲ့ရတာလည်း  ကြာခဲ့ရပြီပဲ။ ကိုယ်ချင်းစာ နာခဲ့ရတာလည်း နှစ်တွေ ဘယ်နည်းတော့မလဲကွယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသားလူငယ်တိုင်း “ မယုံကြည်ထိုက်သူကို မကြည်ညိုတတ်ခဲ့ကြသော အိပ်မက်ဆိုးကြီး” ဘေးအန္တရာယ်က  အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေသောဝ်…။  

ထွန်းဇော်ဌေး  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013