
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်မှာ ဇူလိုင် ၃ ရက်က ခရီးသည်တင် ဘတ်စ်ကားတစင်းဟာ လမ်းဘေးက ချောက်အနက်တခုထဲကို ပြုတ်ကျသွားခဲ့လို့ လူ အယောက် ၄၀ သေဆုံးပြီး တခြားသူ ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့နဲ့ အစိုးရအရာ တယောက်က ပြောပါတယ်။
အဲဒီဘတ်စ်ကားဟာ ပုဂ္ဂလိက မြို့ပြအခြေစိုက် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကဖြစ်ပြီး ပြည်နယ် မြို့တော် ကူအက်တာကနေ နိုင်ငံတော်မြို့တော် အစ္စလာမ်မာဘတ်ကို မောင်းနှင်လာတာလို့ ကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။
မတော်တဆမှုဖြစ်ပွားချိန်မှာ ကားပေါ်မှာ ခရီးသည် စုစုပေါင်း ၄၈ ယောက် လိုက်ပါလာတာပါ။ ဒဏ်ရာရရှိသူ ၈ ယောက်ကိုတော့ ရှေးဦးသူနာပြုစုနည်းနဲ့ ကုသပေးပြီးနောက် မတော်တဆမှု ဖြစ်ပွားရာ ရှီရာနီခရိုင်ကနေ ၇၅ ကီလိုမီတာ အကွာမှာရှိတဲ့ ယော့ဘ်မြို့က အစိုးရဆေးရုံကို ပို့ဆောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း အဲဒီဆေးရုံကိုပဲ ပို့ဆောင်ထားတယ်လို့ ကယ်ဆယ်ရေး အဖွဲ့နဲ့ ရှီရာနီခရိုင် ဒုတိယမင်းကြီး ဟာဇရတ် ဝါလီက ပြောပါတယ်။
Source:Reuters











