ပြည်ပရောက် မြန်မာ ၁၄၉ ဦးကို စင်ကာပူလေဆိပ်မှ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခေါ်
DVB
·
June 12, 2020

စင်ကာပူ၊ နယူးဇီလန်၊ အင်ဒိုနီးရှား၊ ပါပူးဝါနယူးဂီနီနဲ့ ဟောင်ကောင်မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၄၉ ဦးကို ဇွန်လ ၁၁ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပ နိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ စင်ကာပူရောက် မြန်မာ ၁၃၂ ဦးနဲ့ နယူးဇီလန်၊ အင်ဒိုနီးရှား၊ ပါပူးဝါနယူးဂီနီနဲ့ ဟောင်ကောင်ရှိ မြန်မာ ၁၇ ဦး စုစုပေါင်း ၁၄၉ ဦးကို စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှ မြန်မာအမျိုးသား လေကြောင်း လိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညနေက ရန်ကုန်ကို ပြန်ရောက်ရှိပါတယ်။
ပြည်ပမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို စင်ကာပူနိုင်ငံ၊ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ခေါ်ယူနေတာ ၇ ကြိမ်ရှိသွားပြီဖြစ်ပြီး ၈ ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးဆက်လက် စီစဉ် ဆောင်ရွက် နေတယ်လို့လည်း သိရပါတယ်။
ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ပြီး သတ်မှတ်နေရာတွေမှာ (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ဖို့ quarantine ထားရှိမှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ခေါ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေရှိ မြန်မာသံရုံးတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်ပေးနေရာမှာ ဇွန်လ ၁၁ ရက်အထိ မြန်မာနိုင်ငံသားစုစုပေါင်း ၃၅၃၄ ဦး အား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-MOFA