DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းကို ရင်ဆိုင်ဖို့ ပြင်ထားပါတယ် – ဦးဝင်းမြိုင်
DVB
·
May 13, 2013
မုန်တိုင်းကို ရင်ဆိုင်ဖို့ ပြင်ထားပါတယ် – ဦးဝင်းမြိုင်
Donate to DVB

[caption id="attachment_39362" align="alignleft" width="300" caption="JTWC သတိပေးချက်ပါ မုန်တိုင်း လေပြင်းတိုက်ခတ်ခံရနိုင်ဖွယ် ရှိနေတဲ့ ဧရိယာများ"][/caption]

ဘင်္ဂလားပင်လယ်အော်ကနေ မြောက်ဘက်ကို ရှေးရှုလာတဲ့ မဟာစင် အမည်ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက် တိုက်ခိုက်နိုင်ဖွယ်ရှိတာကြောင့် ပြည်နယ်အတွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြိုင်ကို ကိုအေးနိုင်က နေ့ခင်း ၃ နာရီမှာ ဆက်သွယ်မေးမြန်းထားပါတယ်။

မုန်တိုင်းအကြိုကာလ ပြင်ဆင်မှုအခြေအနေ ပြောပြပေးပါ။

“ကျေးရွာကမ်းစပ်အတော်များများကို ကျနော်တို့ ကြေညာထားပြီးဖြစ်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း အကုန်လုံး သတင်းပို့ပြီး အသင့်ဖြစ်နေပါပြီ။”

ဖိဖိစီးစီး မုန်တိုင်းအန္တရာယ် သတိပေးချက်ထုတ်ထားတာက ဘယ်မြို့နယ်တွေလဲ။

“အဓိက စစ်တွေနဲ့ မောင်တောပါ။ ဘူးသီးတောင်ကတော့ နည်းနည်းအလှမ်းဝေးတယ်။ ကျန်တဲ့မြို့နယ်တွေမှာပါ သတိပေးချက် ထုတ်ထားပါတယ်။ ကျောက်ဖြူတို့၊ မြေပုံတို့၊ ပေါက်တောတို့။”

စားရေရိက္ခာပြင်ဆင်မှုအခြေအနေ ပြောပြပေးပါ။

“အဲဒါက အရင်ကတည်းက ရှိပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့၊ ကြက်ခြေနီအဖွဲ့တွေက ကြိုတင်စုဆောင်းထးတာတွေ ရှိပါတယ်။ ခေါက်ဆွဲခြောက်တို့၊ ရေသန့်တို့ ကြိုတင်စုဆောင်းထားတာ ရှိပါတယ်။”

အကယ်လို့ မုန်တိုင်းဝင်လာမယ်ဆိုရင် ရေပါပါပြီး တချို့နေရာတွေမှာ ၁၀ ပေလောက် ရေတက်မယ်ဆိုတော့ အဲဒီလူတွေကို အမြင့်ပိုင်းတွေရောက်အောင် ဘယ်လို စီစဉ်ထားပါသလဲ။

“တချို့ရွာတွေမှာ နှစ်တိုင်း လေ့ကျင့်မှုတွေ လုပ်ထားတော့ သိပ်ပြီးတော့ အခက်အခဲ မရှိပါဘူး။ အခု စစ်တွေမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းကိုပဲ ရေနဲ့မလွတ်တဲ့ နေရာတွေကို လွတ်တဲ့နေရာတွေကို ပြောင်းရွှေ့ပေးပါတယ်။”

အခု အုပ်စု ၂ စုကြား အစ္စလာမ်ဘာသာဝင်တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေ ကယ်ဆယ်ရေးနေရာချထားတယ်လို့ သိရတယ်။ သူတို့ကိုရော ဘယ်လိုမျိုးနေရာစီစဉ်ထားလဲ။ ဘယ်နေရာတွေ ပို့ထားလဲ။

“မွတ်စလင်ဒုက္ခသည်တွေကိုတော့ စလုပ်ပေးကတည်းက ကားလမ်းဘေး လုပ်ပေးတာများတယ်။ အခုရွှေ့တာက ဒီပြင် မြို့နယ်တွေကနေ စစ်တွေမြို့နယ်ကို ပြောင်းလာတဲ့အဖွဲ့တွေအတွက် စီစဉ်ပေးတာပါ။”

ဦးဝင်းမြိုင်တို့စီစဉ်ထားပုံအတိုင်းဆိုရင် တကယ်လို့ မမျှော်လင့်ဘဲ မုန်တိုင်းက စစ်တွေဘက်ရိုက်ခတ်မယ်ဆိုရင် ဒီမှာရှိနေသူတွေရဲ့ အသက်အန္တရာယ် အတော်လေး လုံခြုံစိတ်ချရအောင် ပြင်ဆင်ထားပြီးပါပြီလား။

“အဲလောက်ဖြစ်အောင် အားလုံးက ကြိုးစားပြင်ဆင်နေပါတယ်။ ဒါပေမယ့် တခုရှိတာက မုန်တိုင်းကို ဒီဘက်ဝင်လာမယ်ဆိုရင်လည်း ဆောက်ထားတဲ့ အိမ်အခြေအနေပေါ်မူတည်ပြီး လုပ်ထားပါတယ်။ စဆောက်ကတည်းကလည်း ခိုင်ခံ့မှုရှိအောင် ဆောက်ထားပါတယ်။ ရေတက်နိုင်မယ့်နေရာတွေကိုလည်း ကုန်းမြင့်မှာရှိတဲ့စခန်းတွေကို အကုန်လုံး ရွှေ့ထားပြီးပါပြီ။”

အလွန်အမင်းမဟုတ်ဘဲ သာမန်ရေတက်တာဆိုရင် သိပ်စိုးရိမ်စရာမရှိဘူးဆိုတဲ့ သဘောပေါ့။ နောက် ကုန်ဈေးနှုန်းနဲ့ လမ်းပန်းဆက်သွယ်ရေးတွေနဲ့ ပတ်သက်လို့ရော ရခိုင်ပြည်နယ်မှာ ဘယ်လိုရှိပါလဲ။

“ဟုတ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးက အခုထိတော့ မိုးသိပ်ရွာတာ၊ လေတိုက်တာမရှိတော့ ကားတွေကတော့ သွားလာတုန်းပါပဲ။”

ကမ္ဘာ့သတင်းတွေမှာဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မောင်တောမှာဆိုရင်၊ စစ်တွေကတောင် နည်းနည်းလှမ်းသေးတယ်၊ ဆိုတော့ မောင်တောဘက်ပြင်ဆင်မှုအခြေအနေ နည်းနည်းပြောပြပေးပါ။

“မောင်တောဘက်ကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကျနော်တို့ ပြောထားတာရှိတယ်။ အဲဘက်တွေက နှစ်တိုင်းကြုံနေတော့ ဘယ်လိုကာကွယ်ရမယ် ဘယ်လိုလုပ်ရမယ် ဆိုတာ သူတို့လည်းသိနေကြပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013