DVB Logo
Home
Lead Story
COVID-19 ရောဂါနှင့် စေတနာလုပ်အားရှင်များ
DVB
·
June 10, 2020
COVID-19 ရောဂါနှင့် စေတနာလုပ်အားရှင်များ
Donate to DVB

COVID-19 ရောဂါ မြန်မာနိုင်ငံမှာ စတင်ရောက်ရှိလာပြီ ဆိုတာနဲ့ မြန်မာနိုင်ငံမှာ မိမိရပ်ရွာအကျိုးအတွက် သယ်ပိုးလိုတဲ့ စေတနာလုပ်အားရှင်တွေ အများအပြား ပေါ်လာပါတော့တယ်။ ဒါပေမဲ့ စေတနာလုပ်အားရှင်ဆိုတာကလည်း COVID-19 ရောဂါကို immune ဖြစ်နေတဲ့ (ခံနိုင်ရည်ရှိနေတဲ့) စွမ်းအားရှင်တွေ မဟုတ်တဲ့အတွက် ကိုယ်တိုင် ရောဂါမကူးစက်အောင်၊ ကိုယ်ကတဆင့် ကိုယ့်မိသားစု၊ ကိုယ့်ရပ်ရွာ ရောဂါမကူးစက်အောင်ဆင်ခြင်ပြီး စေတနာဝန်ထမ်းအလုပ်တွေကို လုပ်ကြရမှာပါ။ COVID-19 ရောဂါကို ကယ်တင်ကုသနေတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါအကူးခံရရင် ကျန်းမာရေးစနစ်ကြီး ပြိုလဲသွားမှာဖြစ်သလို ကိုယ့်ရပ်ရွာဒေသတွေမှာ စေတနာလုပ်အားရှင်အဖြစ် ဆောင်ရွက်နေကြသူမှာ ရောဂါကူးစက်ခံရရင်လည်း ကိုယ့်ရပ်ရွာအတွက် အကျိုးရှိတဲ့ အားအင်တွေဆုံးရှုံးပါလိမ့်မယ်။

ဒါကြောင့် စေတနာလုပ်အားရှင်တွေအနေနဲ့ အောက်မှာပါတဲ့ အချက်ကလေးတွေကို သေချာလိုက်နာကြရမှာပါ။

၁။ သတင်းများကို အမြဲနားစွင့်နားထောင်နေပါ။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန website နဲ့ Facebook page တွေ၊ TV၊ Radio တွေကနေ ဒေသတွင်းနဲ့ နိုင်ငံတကာက COVID-19 သတင်းအချက်အလက်တွေ၊ ကျန်းမာရေးဝန်ထမ်းများအတွက် လမ်းညွှန်တွေ၊ ပြည်သူတွေလိုက်နာရမည့် သတင်းစကားတွေ၊ စေတနာ လုပ်အားရှင် လုပ်ငန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တဲ့လမ်းညွှန်တွေ စတာတွေကို နေ့စဉ်ထုတ်လွှင့်နေပါတယ်။ မျက်ခြည်မပြတ် စောင့်ကြည့်နေကြရမှာပါ။

၂။ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပါ။


သက်ဆိုင်ရာဒေသအာဏာပိုင်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဒေသဆရာဝန်ကြီးများ၊ ကြက်ခြေနီ၊ မီးသတ်စသဖြင့် COVID-19 အတွက် ဆောင်ရွက်နေကြသူတွေ၊ အဖွဲ့အစည်းတွေများစွာ ရှိပါတယ်။ သူတို့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြမှသာ မလိုအပ်တဲ့ နေရာတွေမှာ အလုပ်ပိုလုပ်ဖြစ်နေတာတွေ၊ တကယ်လိုအပ်တဲ့ နေရာတွေမှာ ကျန်နေတာမျိုးတွေ မရှိမှာပါ။ ကိုယ်ကိုယ်တိုင် မလုပ်နိုင်တဲ့ အလုပ်တွေမှာလည်း အခြားအဖွဲ့အစည်းတွေကဖြည့်ပြီး ဆောင်ရွက်ပေးနိုင်ပါတယ်။

၃။ ဦးဆောင်လမ်းပြပြုလုပ်ပါ။


လူထုအတွင်း ပြုမူနေထိုင်ပုံ ပြောင်းလဲခြင်းရဲ့ ပထမအဆင့်မှာ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်မိသားစု စတင်ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ကိုယ်တိုင်စတင် ဦးဆောင်လမ်းပြပြုလုပ်ပြီး ပြောင်းလဲပြမှသာ ကိုယ့်မိသားစု၊ နောက် ကိုယ့်ဆွေမျိုး၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့နယ် စသဖြင့် အဆင်ဆင့်ပြောင်းလဲလာမှာပါ။ ဦးဆောင်လမ်းပြပြုလုပ်နေတဲ့ စေတနာလုပ်အားရှင်ကိုယ်တိုင်ကိုက ထုတ်ပြန်ထားတဲ့ လမ်းညွန်ချက်တွေ၊ အမိန့်တွေကို မနာခံဘဲနေရင် ကိုယ့်ရပ်ရွာက ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။

၄။ ကိုယ်ကိုယ်တိုင်အတွက် တစ်ကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းတွေကို မမေ့ပါနဲ့။


စေတနာလုပ်အားရှင်ဆိုတာ စွမ်းအားရှင်တွေမဟုတ်ပါ။ လူထုအတွင်း နှိုးဆော်စည်းရုံးတာတွေ၊ လူထူထပ်တဲ့နေရာတွေမှာ နှာခေါင်းစည်း၊ အစားအသောက်စတာတွေ ဖြန့်ဝေတာတွေ၊ အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ နေရာတွေမှာ ကူညီတာတွေ၊ ရပ်ရွာသက်ဆိုင်ရာ ဆေးရုံတွေ၊ Community Fever Clinic တွေမှာ ဝင်ကူတဲ့အခါမျိုးတွေမှာ အနည်းဆုံး နှာခေါင်းစည်းတော့ ပါရပါမယ်။ တချို့အခြေအနေတွေမှာ ဦးထုပ်၊ လည်ရှည်ဖိနပ်၊ လက်အိတ်၊ Face Shield စတဲ့ full PPE အပြည့်အစုံကို ဝတ်ရနိုင်ပါတယ်။ အလုပ်ခွင်မှာလည်း လက်ကို မကြာမကြာဆေးနေပါ။ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၆ ပေ ခွာနေရမယ် ဆိုတာလည်း မမေ့ပါနဲ့။ တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းတွေကို သေချာအသုံးမပြုခဲ့ရင် စေတနာလုပ်အားရှင်ကိုယ်တိုင်က COVID-19 ကပ်ရောဂါကို ကိုယ်တိုင်သယ်ဆောင်သူ၊ ဖြန့်ဝေသူ ဖြစ်လာနိုင်တယ်ဆိုတာ လုံးဝမမေ့ပါနဲ့။

၅။ ကျန်းမာအောင်နေထိုင်ပါ


ဒါကတော့ အရေးအကြီးဆုံးပါ။ စေတနာလုပ်အားရှင်ဆိုတာ အများအကျိုးအတွက် ဆောင်ရွက်နေပြီး ကိုယ့်အတွက်ကိုယ်ကိုယ်တိုင် မေ့နေတတ်ပါတယ်။ အများပြည်သူအကျိုး၊ ရပ်ရွာအကျိုးတွေကို ဆောင်ရွက်နေရင်း ပင်ပန်းပြီး စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကျဆင်းလာနိုင်ပါတယ်။ စေတနာဝန်ထမ်းအလုပ်လုပ်ရင်း စိတ်ဖိစီးမှုတွေကြုံလာတဲ့အခါ အချင်းချင်းဖြစ်စေ၊ မိသားစုကိုဖြစ်စေ ပြောပြခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ဖြေလျှော့နိုင်ပါတယ်။ အများပြည်သူအတွက်စေတနာအကျိုး မရပ်မနားဆောင်ပေးရင်း လူဆိုတာ နားချိန်လိုတယ်ဆိုတာ မမေ့ပါနဲ့။ အာဟာရပြည့်ဝအောင် စားသောက်ရမယ်ဆိုတာ မမေ့ပါနဲ့။ အိပ်ရေးဝဝအိပ်ရမယ်ဆိုတာ မမေ့ပါနဲ့။ စေတနာလုပ်အားရှင်တစ်ယောက် ကျန်းမာရေးမကောင်းဖြစ်ပြီး အိပ်ယာထဲလဲသွားတာဟာ မိမိရပ်ရွာအတွက် အများကြီးဆုံးရှုံးတယ်ဆိုတာ သိထားပါ။

COVID-19 ကာလအတွင်း စေတနာလုပ်အားရှင်များ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

ရေးသားသူ – ဒေါက်တာခိုင်ဝင်း


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013