DVB Logo
Home
မြန်မာသတင်း
ပုဂံဒေသတွင် ဌာပနာဖောက်ခံရသည့် ဘုရား ၈ ဆူအထိရှိလာ
DVB
·
June 10, 2020
ပုဂံဒေသတွင် ဌာပနာဖောက်ခံရသည့် ဘုရား ၈ ဆူအထိရှိလာ
Donate to DVB

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ ခုရက်ပိုင်းအတွင်း ဘုရားစေတီတော် ဌာပနာ ဖောက်ခံရမှုတွေ ၈ ဆူ အထိရှိလာပြီး နောက်ထပ်လည်း ထပ်တိုးလာနိုင်ဖွယ်ရှိတယ်လို့  လိုက်လံစစ်ဆေးနေတဲ့ ပုဂံဒေသ ဧည့်လမ်းညွှန်များအသင်းထံက သိရပါတယ်။

ပုဂံဒေသ ဧည့်လမ်းညွှန်အသင်း အလုပ်အမှုဆောင် ကိုမြင့်နိုင်က “စစ်ဆေးချက်တွေအရတော့ လတ်တလော ဖောက်ထားတယ်လို့ ယူဆရတယ်။ ဒီကနေ့ နောပ်ထပ်သုံးဆူ ထပ်တွေ့တယ်။ ဘုရားပေါင်းကလည်း ၃၀၀၀ ကျော်လောက်ရှိတယ်၊ ကျယ်လည်း ကျယ်ပြန့်တော့ လိုက်ပြီးလည်း စစ်ဆေးနေပါတယ်။ ဒါမျိုးဖောက်ထွင်းပြီးတော့ ခိုးယူထားတဲ့ အဖြစ်ပျက်မျိုးတွေ ထပ်တွေ့လိမ့်အုံးမယ်လို့ထင်တယ်” ပြောပါတယ်။

ပုဂံရှေးဟောင်းဇုန်အတွင်း အခုရက်ပိုင်းမှာ စေတီဌာပနာ  ဖောက်ထားမှု ၈ ဆူရှိပြီး ဘုရားတစ်ဆူမှာ နံရံဆေးရေးပန်းချီတွေကို ကာယံထားတဲ့ ဝါးယင်းလိပ်ကိုလည်း မီးရှို့ခံရတာ ရှိခဲ့ပါတယ်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က “ကိုဗစ်ကာလမှာ တစ်ခု အကျိုးရှိတာက ဦးသန်းဌေး ဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့ ဧည့်လမ်းညွှန်အသင်းက အင်အား ၁၀၀ ကျော်လောက်နဲ့ ပေါင်းလာပြီး ပုဂံဒေသရဲ့ လုံခြုံရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်လာတယ်။ သူတို့ကလည်း ကျနော်တို့လို အဖွဲ့ဖွဲ့ပြီး လုံခြုံရေးတွေလုပ်တာ ပိုက်စိပ်တိုက်လုပ်လာနိုင်တော့ အခုလို မသမာမှုတွေ အရင်ထက်စာရင် ပိုပြီးဆောင်ရွက်လာနိုင်တယ်”လို့ ပြောပါတယ်။

ပုဂံဒေသ နယ်မြေလုံခြုံရေးနဲ့ ပါတ်သက်ပြီး ခရိုင်အဆင့် ဌာနဆိုင်ရာတွေနဲ့ လည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

အခုလို ပုဂံဒေသရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး  ပုဂံဒေသဧည့်လမ်းညွှန်အသင်း အလုပ် အမှုဆောင် ကိုထွန်းထွန်းလင်းက “လုံခြုံရေးအနေနဲ့ ပြောရမယ်ဆိုရင် အကြံပေးရရင် ဌာနဆိုင်ရာ တွေ တကယ်လုပ်သင့်တာက ကျနော်တို့ပတ်တဲ့ အချိန်မှာ ဒီကောင်တွေမလုပ်ပါဘူး။ ညအချိန် ဘယ်လို လုံခြုံရေးအနေအထားနဲ့ ပတ်သက်တယ်ဆိုတာ ဌာနဆိုင်ရာတွေ အတွေးအခေါ်ဝင်ပြီး ပူးပေါင်းရင်တော့ အဆင်ပြေမယ်”လို့ ပြောပါတယ်။

ပုဂံဒေသမှာ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလ ဧည့်သည်ဝင်ရောက်တာတွေကို မတ်လ လလယ်ပိုင်းကစတင်ပြီး ပိတ်ထားခဲ့ပြီးနောက် အခုအချိန်ထိ ဘုရားဖူးနဲ့ နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု မရှိတာကြောင့် ဘုရားစေတီတွေရဲ့ လုံခြုံရေးက စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း- ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013