DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ပါတီလား၊ လူလား၊ မူလား (အယ်ဒီတာအာဘော်)
DVB
·
June 9, 2020
ပါတီလား၊ လူလား၊ မူလား (အယ်ဒီတာအာဘော်)
Donate to DVB

၂၀၂၀ နိုဝင်ဘာလအတွင်း  အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုပြောကြားချက် ထွက်လာပေပြီ။ ကိုဗစ်-၁၉ ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမလား ကျင်းပမလားဟူသော သို့လော သို့လော အခြေအနေမှ လွန်မြောက်သည်နှင့် ပါတီအသီးသီးတို့ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ မဲဆွယ်စည်းရုံးခွင့်ကား မရသေး။ ဩဂုတ်လမှ ဖြစ်နိုင်မည်ဟုဆို သည်။

မဲဆွယ်စည်းရုံးခွင့်မတိုင်မီ ရွေးကောက်ပွဲအတွက် ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်ကြရသည်။ ဦးစွာ အရွေးကောက်ခံမည့် ‘အမတ်လောင်းကို မည်သည့်ပုံစံဖြင့် ရွေးချယ်ကြမည်နည်း’ဟူသော ‘မူ’ကို အရင်ချမှတ်ကြရမည်သာ။ ဤသည်မှာ ပါတီတခုချင်း၏မူနှင့်သာ သက်ဆိုင်သည်။ အပြင်လူတို့ ဝင်ရောက်စွက်ဖက်ခွင့်မရှိ။ သူ့အရေး သူ့ကိစ္စပင်။

ပါတီကြီးအချို့ကတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရန်  ‘ရပ်မိရပ်ဖ” အဖွဲ့ ခန့်ထားရွေးချယ်မည်ဟု ဆိုကြသည်။ ရပ်မိရပ်ဖများကရော မည်သည့်စံ မည်သည့်အရည်အချင်းအပေါ် အခြေခံ၍ ရွေးချယ်ကြပါမည်နည်း။ 

အမှန်မှာ အခြေခံရမည့် မူတရပ်ရှိနေလျှင် ပြဿနာဖြစ်စရာ အကြောင်းမရှိ။ ဤအတွက် ပါတီဗဟိုမှ သတ်မှတ်ပေးထားဖို့သာ လိုပါသည်။ လက်တွေ့တွင် အခြေခံရမည့် မူချမှတ်ထားသည့်ကြားက  ရပ်မိရပ်ဖ ရွေးချယ်ရာတွင်ပင် ပြဿနာများစွာ တွေ့နေရပြန်သည်။ ပါတီတခုချင်း၏ ‘မူ’ဟု ဆိုသော်လည်း မဲဆန္ဒရှင်တို့၏ စိတ်အခြေအနေကို ယေဘုယျသိထားရန် လိုပေမည်။ ထို့ကြောင့် ‘အမတ်လောင်း’ ရွေးချယ်ရေးမူသည်ပင် ပါတီတစ်ခု ရွေးကောက်ပွဲဝင်ရေးအတွက် ဗျူဟာတစ်ရပ်ပင် ဖြစ်နေတော့သည်။ ဤသည်မှာ မူကိုအခြေခံ၍ လူကို ကြည့်ခြင်းမည်ပါ၏။

ရှေးအခါကမူ ‘အမတ်အင်္ဂါရှစ်ပါး’ကို စံထား ရွေးချယ်ခဲ့ကြသည်။ ယင်းတို့မှာ “အကြားအမြင်များသည်လည်း တစ်ပါး။ သတင်းသီလရှိသည်လည်း တစ်ပါး(ကိုယ်ကျင့်သိက္ခာ)။ ရဲရင့်သည်လည်း တစ်ပါး။ ဝီရိယလုံ့လရှိသည်လည်း တစ်ပါး။ အမှုကိုပြီးစီးအောင် ပြုလုပ်တတ်သည်လည်း တစ်ပါး။ သူ့ဥစ္စာကို လိုချင်ခြင်း မရှိသည်လည်းတစ်ပါး(အဂတိနှင့် ဆိုင်)။ ချစ်ဖွယ်သောအရောင်အဆင်းရှိသည်လည်း တစ်ပါး (ကိုယ်ရည်ကိုယ်သွေးဥပဓိကို ဆိုလိုသည်) ဟူ၍ ဖြစ်သည်။ ယနေ့အထိ ခေတ်မီ အကျုံးဝင်နေသေးသည်ဟု ဆိုနိုင်သည်။ ခေတ်နှင့်အညီ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်း၍ အမတ်လောင်းကို စံထားမူချ၍ ရွေးချယ်နိုင်သေးသည်။

‘ခေတ်နှင့်အညီ ဖြည့်စွက်’ဟုဆိုရာ၌ ပါတီ၏မူဝါဒနှင့်ဆိုင်သည်။ ပါတီအတော်များများကမူ မိမိတို့၏မူဝါဒကို အတိအကျ ဖော်ပြခြင်းမပြုခဲ့ကြ။ အမတ်လောင်းရွေးချယ်ရာတွင် ‘လူကြီး၊ လူငယ်၊ အမျိုးသမီးတို့ကို ဘယ်လိုအချိုးအစား၊ ဘယ်လောက် ရာခိုင်နှုန်းထားပြီး သတ်မှတ်ပေးမလဲ ဆိုသည့် အချက်သည်လည်း ပါတီ၏မူဝါဒနှင့် သက်ဆိုင်နေသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင်  ပါတီအတော်တော်များများ၏ အမတ်လောင်းများတွင် အမျိုးသမီးပါဝင်မှု အလွန်နည်းနေသည်ကို တွေ့ခဲ့ရသည်။ 

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း နောင် ၅ နှစ်တာကာလ လုပ်ဆောင်ကြမည့် ပါတီမူဝါဒ ကို မဲဆန္ဒရှင်ပြည်သူတို့သို့ အသိပေးကြရပေတော့မည်။ အထူးသဖြင့် တည်ရှိနေဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်သဘောထား၊ တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးအပေါ် အမြင်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ မူဝါဒများက အမတ်လောင်းဖြစ်သော လူကိုသာမက ပါတီ၏မူသည်လည်း လူထုထည့်သွင်းစဉ်းစား ဆုံးဖြတ်ရမည့်အချက် ဖြစ်နေသည်။                                     

ပြည်သူလူထုအနေဖြင့်မူ လူလား။ ပါတီလား။ ဘာကို ကြည့်၍ရွေးသည်က တိုင်းပြည်အတွက် အကျိုးရှိမည်ဆိုသည်ကို  ပြီးခဲ့သည့်ရွေးကောက်ပွဲများ အတွေ့အကြုံအရ  ကောင်းကောင်း သိရှိပြီး ဖြစ်ပေမည်။

လူကြည့်၍ ရွေးသည်ဖြစ်စေ၊ ပါတီကိုကြည့်၍ရွေးသည်ဖြစ်စေ၊ မူကို အခြေခံကြည့်၍ ရွေးသည်ဖြစ်စေ ဒီမိုကရေစီစနစ်၏ အခွင့်အရေးတစ်ရပ်ဖြစ်သည့် ရွေးကောက်ပွဲ လွတ်လပ်၊ သန့်ရှင်း၊ မျှတမှုရှိရန်နှင့် မဲဆန္ဒရှင်များအနေဖြင့်လည်း  မိမိတို့၏  မဲပေးပိုင်ခွင့် အခွင့်အရေးကို အပြည့်အဝ အသုံးချ၍ လွတ်လပ်စွာ စဉ်းစားဆုံးဖြတ် မဲပေးရွေးချယ်ကြရန်သာ  လိုရင်းဖြစ်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013