DVB Logo
Home
မြန်မာသတင်း
အိန္ဒိယတွင် လူ ၃ ဦးအား သတ်ခဲ့သည့် ကျားတကောင်ကို တသက်တကျွန်းချ
DVB
·
June 8, 2020
အိန္ဒိယတွင် လူ ၃ ဦးအား သတ်ခဲ့သည့် ကျားတကောင်ကို တသက်တကျွန်းချ
Donate to DVB

အိန္ဒိယနိုင်ငံမှာ လူ ၃ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ကျားတကောင်ကို ကျန်ရှိနေသေးတဲ့ သက်တမ်းအတွင်း တသက်တကျွန်း ဖမ်းဆီးချုပ်နှောင်ထားမယ်လို့ သိရပါတယ်။

အဲဒီကျားဟာ အသက် ၅ နှစ်အရွယ်ရှိနေပြီဖြစ်ကာ တကယ်လို့ သူ့ကို လွှတ်ထားမယ်ဆိုရင် အန္တရာယ်ကြီးလွန်းတဲ့အတွက် ခုလို ချုပ်နှောင်ထားဖို့ ဆုံးဖြတ်လိုက်ရတာလို့ အာဏာပိုင်တွေက ဇွန်လ ၇ ရက်နေ့က ပြောပါတယ်။

ကျားဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက သားကောင်ငယ်တွေကို တိုက်ခိုက်မှုနဲ့ လူသားတွေ နေထိုင်ရာ နယ်နိမိတ်ထဲ ဝင်ရောက်တိုက်ခိုက်မှုပြုတာတွေကြောင့် ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရတာဖြစ်ပြီး မဟာရက်ရှ်ထရာပြည်နယ်အနောက်ပိုင်းကနေ အိန္ဒိယနိုင်ငံအလယ်ပိုင်းထိ ကီလိုမီတာ ၅၀၀ ထက်မနည်း ခရီးဆန့်လာခဲ့တာပါ။

မတ်ဒ်ရာပရာဒေ့ရှ်ပြည်နယ် သားရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေး အရာရှိ အက်စ်ကေ မန်ဒဲလ်က      “ကျနော်တို့ သူ့ကို သားရိုင်းတိရစ္ဆာန်သဘာဝအတိုင်း နေထိုင်နိုင်ဖို့ အခွင့်အရေး အ ကြိမ်ကြိမ်ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် သူကကို လူတွေနေထိုင်တဲ့ နေရာတွေဆီ လာနေတာမို့ ခုလိုဆုံးဖြတ်ရတာပါ။ နောက်ဆုံးအခွင့်အရေးအနေနဲ့ လူတွေလည်း ဘေးကင်းအောင် သူ့ကို ဖမ်းဆီးချုပ်နှောင်လိုက်ဖို့ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။

ဒီကျားရဲ့ အကြောင်းကိုတော့ ဒေသတွင်း သတင်းမီဒီယာတွေမှာ တနေရာမှ တနေရာ ရွှေ့ပြောင်းသွားလာနေထိုင်သူ "vagabond" ဒါမှမဟုတ် "nomad" လို့ ဖော်ပြခဲ့ကြပြီး ခရီးရှည် လှည့်လည်သွားလာနေမှုအပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ပထမအကြိမ် ၂ လ လောက် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါသေးတယ်။

အဲဒီနောက်တော့ ကျားထိန်းသိမ်းရေးနယ်မြေနဲ့ အမျိုးသားဉယျာဉ်ဆီ ပြန်လည်ပို့ ဆောင်လိုက်၊ လူတွေကို တိုက်ခိုက်လိုက်နဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့ကို မတ်ဒ်ရာပရာဒေ့ရှ်ပြည်နယ်မြို့တော် ဘိုပါးမြို့က တိရစ္ဆာန် ဉယျာဉ်ထဲမှာ ထားရှိတော့မှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေက ဒီကျားကို လွန်ခဲ့တဲ့ လအနည်းငယ်‌လောက်က ခုလိုထားရှိဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကိုဗစ်-၁၉ လော့ခ်ဒေါင်းကာလကြောင့် ကြန့်ကြာခဲ့ရတာလို့ ဆိုပါတယ်။

  “ပတ်ဝန်းကျင်အသစ်မှာဆိုတော့ သူ့ကို နေသားတကျဖြစ်ဖို့ အချိန်တော့ ယူရမှာပါ။ သူ့ရဲ့ နေထိုင်ပြုမူတဲ့ ဓလေ့တွေကို စောင့်ကြည့်သွားမှာပါ” လို့ ဘိုပါးမြို့၊ ဗန်ဗီဟာ အ မျိုးသားဉယျာဉ် ဒါရိုက်တာ ကမ်လီကာမိုဟန်တာက ပြောပါတယ်။

 အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလတွေအတွင်း လူသားတွေက ပိုင်နက် ကျူးကျော်နေထိုင်မှုတွေကြောင့် သားရိုင်းတိရစ္ဆာန်တွေနဲ့ လူသားတွေကြား ပဋိပက္ခတွေ ပိုမိုဆိုးရွားပြင်းထန်လာနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကြားကာလအတွင်း ကျားတိုက်ခိုက်မှုကြောင့် သေဆုံးရ သူဦးရေဟာ ၂၂၅ ယောက်နီးပါး ရှိခဲ့တယ်လို့ အိန္ဒိယအစိုးရ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။

  ၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကာလအတွင်း ကျားကောင်ရေ ၂၀၀ ကျော်ကတော့ လျှပ်စစ်ဓာတ်လိုက်မှု၊ ဒါမှမဟုတ် အမဲလိုက်မုဆိုးတွေကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ကျားတွေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး နေထိုင်ကျက်စားရာနိုင်ငံ တနိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ အစိုးရထုတ်ပြန်ချက်မှာ ၂၀၁၈ ခုနှစ်မှာ ကျားကောင်ရေ ၂,၉၆၇ ကောင်ရှိနေပြီး ၂၀၁၆ ခုနှစ် ကျားကောင်ရေ ၁,၄၁၁ ကောင်ထက် ပိုမို တိုးပွားလာနေခဲ့တယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013