DVB Logo
Home
Lead Story
ကိုဗစ်ကြောင့် အကြွေးနွံနစ်နေကြရတဲ့ အိမ်ရှင်မများ
DVB
·
June 8, 2020
ကိုဗစ်ကြောင့် အကြွေးနွံနစ်နေကြရတဲ့ အိမ်ရှင်မများ
Donate to DVB

“ညဆို အိပ်မပျော်ဘူး။ အိပ်ရင်း ထထိုင်မိတယ်။ ဒီအကြွေးကို ဘယ်လိုပုံစံနဲ့ ပြန်ဆပ်ရမလဲ စဉ်းစားမိတိုင်း အိပ်မပျော်ဘူး”

အသက် ၅၀ အရွယ်ရှိတဲ့ ဒေါ်အေးသန်းက ပြောလိုက်တာပါ။ ဒေါ်အေးသန်းဟာ မကွေးတိုင်း ကြာကန်အုပ်စု လေးအိမ်ကျေးရွာက အိမ်ရှင်မတစ်ဦးဖြစ်ပါတယ်။

အသေးစားချေးငွေလုပ်ငန်းကနေ ယူထားတဲ့ ချေးငွေကို သတ်မှတ်ချိန်အတိုင်း ပြန်မဆပ်နိုင်ရင် ဥပဒေအရ တရားစွဲခံရမှာကြောက်တဲ့အတွက် ဒေါ်အေးသန်းတစ်ယောက် နေ့နေ့ညည ခြောက်ခြားနေရတာပါ။

သာမန် လက်လုပ်လက်စား ဒေါ်အေးသန်းတို့မိသားစုဟာ သားသမီး ၅ ယောက်ရဲ့ ပညာရေး အသုံးစရိတ် မီးဖိုချောင်စရိတ်နဲ့ ကျန်းမာရေးစရိတ်တွေအတွက် ချေးငွေကို လှည့်သုံးရင်း ပြန်ဆပ်လိုက် ပြန်ယူလိုက်နဲ့ မိသားစုဘဝကို ရပ်တည်ခဲ့ကြတာပါ။

ကိုဗစ်ရောဂါ မြန်မာနိုင်ငံမှာ မကူးစက်ခင်အထိ ကျဘမ်းအလုပ်ကနေ ရတဲ့ ဝင်ငွေရယ်၊ ဖားကန့်မှာ ကျောက်တူးလုပ်ငန်း သွားရောက်လုပ်ကိုင်နေတဲ့ ဒုတိယမြောက်သားကနေ ပို့ပေးတဲ့ ငွေလေးတွေနဲ့ ချေးငွေကို ပုံမှန်သွင်းရင်း ဒေါ်အေးသန်းတို့မိသားစု အိန္ဒြေမပျက်ခဲ့ပါဘူး။

ဒါပေမဲ့ လတ်တလော ရောဂါပြန့်ပွားမှုကြောင့် အသွားအလာတွေကန့်သတ်တာကြောင့် ပုံမှန်ကျဘမ်းအလုပ်လည်း မလုပ်ရတဲ့အပြင် ဖားကန့်မှာ လုပ်နေတဲ့ သားဖြစ်သူကလည်း အလုပ်ရပ်နားခံရတဲ့အတွက် ငွေမလွှဲနိုင်တော့တာ ခုဆို ၂ လကျော် ရှိလာပါပြီ။ ဒါကြောင့် ဒေါ်အေးသန်းတစ်ယောက် နေ့တဓူ၀ စားဝတ်နေရေးအပြင် အကြွေးဆပ်ဖို့အတွက်ပါ ခေါင်းမီးတောက်လာရပါတော့တယ်။

“အလုပ်မလုပ်ရတော့ ငွေမလွှဲနိုင်ဘူးလေ။ ဖားကန့်မှာဆိုတော့ သူ့ကျန်းမာရေးကိုလှမ်းပူရတာ တမျိုး၊ ဒီဘက်မှာ အကြွေးမဆပ်နိုင်လို့ ပူရတာ တမျိုးနဲ့ တခါတလေ ထမင်းတောင် မစားမိပါဘူး” လို့ ဒေါ်အေးသန်းက ဆိုပါတယ်။

အမျိုးသမီးတွေ အိမ်မှာနေရင်း တပိုင်တနိုင် စီးပွားရေးလုပ်ကိုင်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေက အသေးစား ငွေထုတ်ချေးမှုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ စု ကျော်ကတည်းက ဒေါ်အေးသန်းတို့နေထိုင်ရာ မကွေးတိုင်း ကြာကန်အုပ်စုကို ဝင်ရောက်လာခဲ့တာပါ။

ထုတ်ချေးကြတဲ့ ကုမ္ပဏီတွေမှာ ထုတ်ချေးတဲ့ ပုံစံကွဲပြားခြားနားသလို၊ ငွေပမာဏ ထုတ်ချေးရာမှာလည်း ၃ ယောက်တစု၊ ၅ ယောက် တစု၊ ၁၀ ယောက် တစု အစရှိသဖြင့် တစ်ဦးက ခေါင်းခံပြီး ဝိုင်းကြီးချုပ်စနစ်နဲ့ ထုတ်ချေးကြတာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသမှာ ကျေးရွာပေါင်း ၂၀၀ ကျော်ရှိပြီး အခုဆိုရင် ရွာတစ်ရွာကို ပုဂ္ဂလိက အသေးစား ချေးငွေလုပ်ငန်း ကုမ္ပဏီ ၆ ခုနဲ့အထက် ဝင်ရောက်နေတာရှိပါတယ်။ ကုမ္ပဏီ အများစုရဲ့ ချေးငွေအတိုးနှုန်းဟာ ငွေကျပ်တစ်သိန်းကို ၂ ကျပ်ခွဲအတိုးနှုန်းရှိပါတယ်။ ချေးငွေတွေကို ၁၄ ရက် တကြိမ် (သို့မဟုတ်) တစ်ပတ် တစ်ကြိမ်နှုန်းနဲ့ ချေးယူသူ အိမ်ရှင်မတွေဆီကနေ ပြန်လည်ကောက်ခံကြပါတယ်။

ဒေါ်အေးသန်းဟာ ချေးငွေကုမ္ပဏီတွေဆီကနေ လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက ငွေကျပ် ၁၅၀၀၀ ( တသောင်းခွဲ) နဲ့ စတင်ချေးယူခဲ့ရာကနေ ပြန်ဆပ်လိုက်ပြန်ယူလိုက်နဲ့ ခုဆို ချေးငွေ ၆ သိန်းအထိရှိနေပါပြီ။ ဒီလိုချေးငွေလုပ်ငန်းဟာ ခင်ပွန်းဖြစ်သူရဲ့ ထန်းတက်တဲ့အလုပ်နဲ့ပဲ စားဝတ်နေရေး မှီခိုနေကြရတဲ့ သူမတို့အတွက် စစချင်းတော့ အသက်ရှူပေါက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ခုတော့ ပေးစရာ ဝင်ငွေမရှိတော့တဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ ချေးငွေပေးရမယ့်အချိန်ရောက်တိုင်း အသက်ရှူရပ်မတတ် ခြောက်ခြားနေရတဲ့ ငရဲတစ်ခုလို ဖြစ်နေပါတော့တယ်။

အခုလို ချေးငွေ ယူထားပြီး ပြန်ဆပ်ဖို့ အခက်ခဲဖြစ်နေတာ ဒေါ်အေးသန်း တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

အတိုးနှုန်းနည်းတဲ့အတွက်ကြောင့် အိမ်ခြေပေါင်း ၁၅၀ နီးပါးရှိတဲ့ ဒေါ်အေးသန်းတို့ကျေးရွာက အိမ်ထောင်ရှင်မ အများစုဟာလည်း ငွေချေးကုမ္ပဏီကနေ ငွေချေးယူထားကြတာပါ။

အများစုကတော့ ချေးငွေလေးနဲ့ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အကြော်ဆိုင်၊ အသုပ်ဆိုင်၊ ကုန်စုံဆိုင်၊ ဝက် မွေး၊ ကြက်မွေး အစရှိတဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ကြတာပါ။ ဒီလိုလုပ်ငန်းတွေကနေ
ငွေပြန်ဆပ်တဲ့အိမ်ရှင်မတွေရှိသလို ရန်ကုန်၊ မန္တလေးက စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ သားသမီးတွေရဲ့ ဝင်ငွေနဲ့ ပုံမှန်ပြန်ဆပ်နေတဲ့ အိမ်ရှင်မတွေလည်းရှိပါတယ်။

ဒါပေမယ့် ကိုဗစ် ၁၉ ရောဂါကြောင့် ဆိုင်တွေပိတ်ထားလိုက်ရချိန်၊ စက်ရုံအလုပ်ရုံတွေ နားလိုက်ရချိန်မှာတော့ အိမ်ရှင်မတွေအများစု ငွေပြန်သွင်းဖို့ အခက်ကြုံနေကြရပါတယ်။

“အလုပ်ကလည်း ဘာမှ မလုပ်ရဘူးလေ။ အကုန်ရပ်နေရတာ။ အစ်မသားဆို ရန်ကုန် ကားဝက်ရှော့ဆိုင်မှာ လုပ်တာ။ အခုထိလည်း အလုပ် ပြန်မခေါ်သေးဘူးဆိုတော့ စားဖို့တောင် မလွယ်ဘူး” လို့ ချေးငွေယူထားသူ ကြာကန်ကျေးရွာမှ ဒေါ်မို့မို့ က ဆိုပါတယ်။

ကြာကန်ကျေးရွာအုပ်စုတစ်စုတည်းမှာပဲ KEB Hana Microfinance Lmited၊ Pact Myanmar Microfinance၊ Alliance ၊ Fullerton Finance Myanmar (ဖူလ်)လတန်၊ Sathapana Limited Myanmar၊ Microfinance DeHa International Company Limited နဲ့ PC Myanmar စတဲ့ အသေးစားချေးငွေကုမ္ပဏီတွေ ဝင်ရောက်နေတာပါ။

ထုတ်ချေးလိုက်တဲ့ ပိုက်ဆံတွေ ပြန်ဆပ်မယ့်ရက်နီးကပ်လာတာနဲ့အမျှ ကုမ္ပဏီဝန်ထမ်းတွေက အိမ်ရှင်မတွေဆီကို ကြိုတင်ဖုန်းဆက်ပြီး သူတို့ ပိုက်ဆံလာကောက်မယ့်ရက်ကို သတိပေးတာမျိုးတွေ ဆက်တိုက်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအနေနဲ့ အသေးစားချေးငွေအဖွဲ့အစည်းတွေအနေနဲ့ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ထားတာရှိသလို အသင်းဝင်တွေထံမှာ ငွေကြေးအတင်းအကြပ် ပြန်ကောက်ခံတာကို တားမြစ်ထားတယ်လို့ စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်နိုင်က ပြောပါတယ်။

တစ်နိုင်ငံလုံး ကိုဗစ်- ၁၉ ရိုက်ခတ်မှုကြောင့် ကုမ္ပဏီတွေဘက်ကလည်း ပြီးခဲ့တဲ့ ဧပြီ လအတွင်းမှာ ငွေကောက်ခံမှုတွေ ဖြေလျော့မှုရှိခဲ့ပေမယ့် မေလကနေ စတင်ပြီး ငွေကောက်ခံတဲ့ လုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“စာရင်းတွေအရဆိုရင် တချို့ပေးချင်စိတ်ရှိပေမယ့် သူတို့မှာ ပေးဖို့ တကယ်မရှိတာ။ တချို့ကျတော့ ပေးစရာရှိရက်နဲ့ ကိုဗစ်ကို အကြောင်းပြတာ။ တချို့ကျတော့ ပိုက်ဆံထုတ်ကတည်းက ပေးချင်စိတ်မရှိဘူး။ အခု ကိုဗစ်အကြောင်းပြပြီး ထွက်ပြေးတာတွေလည်း ရှိတယ်” လို့ အမည်မဖော်လိုသူ Microfinance ကုမ္ပဏီတစ်ခုက လက်ထောက်မန်နေဂျာ တစ်ဦးကပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ Microfinance (အသေးစား) ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လိုင်စင်ထုတ်ပေးထားတာ ၁၉၃ ခု ရှိပြီး လိုင်စင်အသစ်လျှောက်ထားတာ ၇ ခု ရှိတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာနမှ သိရပါတယ်။ အသေးစားနဲ့အလတ်စား ငွေချေးလုပ်ငန်း (Microfinance) ကုမ္ပဏီတွေဆီကနေ ချေးငွေယူကြသူတွေထဲမှာ မကွေးတိုင်း ကြာကန်ကျေးရွာက အမျိုးသမီးများတွေသာမကပါဘူး၊ နိုင်ငံအနှံ့အပြားမှာရှိတဲ့ အမျိုးသမီးအတော်များများလည်း ချေးယူမှုတွေ ပြုလုပ်ကြပါတယ်။

ဒီချေးငွေလုပ်ငန်းတွေကြောင့် အိမ်ရှင်မတွေဟာ သူတို့ သား/ သမီးတွေ လုပ်အားခရတဲ့ ဝင်ငွေကို မစားရဘဲ၊ ယူထားတဲ့ ချေးငွေအတိုးပြန်ဆပ်နေရတာနဲ့တင် ရာသက်ပန် အတိုးပေးနေရသလို ဖြစ်နေတာကြောင့် အကြွေးနွံ နစ်သထက် နစ်ဖို့သာရှိတယ်လို့ ကြာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိုးက ဆိုပါတယ်။

“တဖြေးဖြေး ဒုက္ခရောက်ဖို့ပဲရှိတယ်။ ကိုယ့်လုပ်စာကို မစားရတော့ဘူး။ အခုကိစ္စကို ဖြေရှင်းမယ့် နည်းလမ်းကတော့ ချေးငွေကို ရပ်တန့်လိုက်တာ အကောင်းဆုံးပါပဲ” လို့ ဦတင်စိုးက ပြောပါတယ်။

ဒီလိုချေးငွေဆပ်ဖို့ အဆင်မပြေမှုတွေကြောင့် ကြာကန်ကျေးရွာကို လာရောက်ချေးပေးထားတဲ့ ကုမ္ပဏီတွေ အကုန်လုံး တစ်လတန်စေ၊ နှစ်လတန်စေ အချိန်စောင့်ပေးဖို့အတွက် အိမ်ရှင်မတွေစုပြီး ကုမ္ပဏီတွေထံမှာ မေတ္တာရပ်ခံနေကြပါတယ်။

“ချေးငွေယူတာ အနှစ် ၂၀ ရှိပြီ။ အခုလိုမျိုးပြန်မဆပ်နိုင်တာ တခါမှ မဖြစ်ဖူးဘူး။ မပေးချင်တာ မဟုတ်ဘဲ ပေးဖို့ မရှိတာပါ။ ကိုယ်ပဲ မဆပ်နိုင်တာ မဟုတ်ဘူးနော်။ ယူထားတဲ့ သူတွေ အကုန်လုံးနီးပါး မဆပ်နိုင်တာ။ အခုအခြေနေမှာ စားဖို့တောင် အနိုင်နိုင်ဖြစ်နေကြတာ” လို့ ကြာကန်ကျေးရွာမှာ နေထိုင်သူ ဒေါ်ဥမ္မာခင်က ပြောပါတယ်။

လာမယ့် ဇွန်လအထိ ချေးငွေပြန်ဆပ်မယ့်အချိန်ကို ဆိုင်းငံ့ထားဖို့ တောင်းဆိုထားပေမယ့် ကုမ္ပဏီတွေဘက်က အဖြေတစုံတရာပေးတာ မရှိသေးတဲ့အပြင် ရောဂါကြောင့် အလုပ်အကိုင်တွေ ရှားပါးနေသရွေ့ ဘယ်လိုပြန်ဆပ်ရမလဲဆိုတာကို ဒေါ်အေးသန်း အပါအဝင် ချေးငွေယူထားသူ အမျိုးသမီးတွေကတော့ ခုချိန်ထိ စိုးရိမ်နေရဆဲဖြစ်ပါတယ်။

“တောင်းဆိုထားတဲ့ ၆ လပိုင်းပြည့်လို့ ပြန်ဆပ်ရမယ့် အချိန်ရောက်ရင် ဒီရောဂါကြီး မပြီးသေးရင် ဘယ်လိုဆပ်ရမလဲ တွေးလေ အိပ်လို့ မပျော်လေပါဘဲ” လို့ ဒေါ်အေးသန်းက ပြောပါတယ်။

မိုးမိုး

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013