DVB Logo
Home
နိုင်ငံရေး
ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံတဲ့အခါ…
DVB
·
June 7, 2020
ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံတဲ့အခါ…
Donate to DVB

အိပ်မက်တွေမကောင်းလို့ လန့်နိုးသွားချိန်မှာ ဘေးနားမှာရှိနေတဲ့  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို အလန့်ပြေအောင် လှန်ဖတ်လိုက်မိတယ်။ လှန်လိုက်လျှင်လှန်လိုက်ချင်းပဲ ပုဒ်မ ၂၀(ခ) ကို မြင်လိုက်မိတယ်။ 

‘တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ခွင့် ရှိသည်’တဲ့။ အဲဒီအချိန်မှာ ဟိုဟိုဒီဒီ သိထားတာတွေ ခေါင်းထဲကို ရောက်လာမိတယ်။ NLDပါတီကို ပြည်သူတွေ တခဲနက် ထောက်ခံလို့ အစိုးရဖွဲ့ပြီးချိန်မှာ ကာကွယ်ရေးဦးစီးချုပ် သက်တမ်းပြည့်တော့မယ့် အချိန်နဲ့လည်း သိပ်မကွာလှဘူး။ အစိုးရအသစ်ကလည်း ဖွဲ့ကာစအချိန် ပြည်သူတွေရဲ့ အစိုးရအသစ်အပေါ် မျှော်လင့်ချက်တွေကလည်း မြင့်နေတဲ့အချိန်နဲ့  တိုက်ဆိုင်နေပြန်တယ်။

ကျနော်တို့နိုင်ငံရဲ့ ထုံးတမ်းအစဉ်အလာတွေအရ အစိုးရအဖွဲ့အသစ်အပေါ် သုံးသပ်နည်းပေါင်းမျိုးစုံနဲ့ နောင်တက်လာမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်သူဖြစ်မလဲ ဆိုတာတွေကလည်း နေရာမျိုးစုံကနေ  အသံတွေမျိုးစုံ ကြားလာရတယ်။ 

တချို့ကလည်း  ဗေဒင်တွေ ဟောပြောမေးပေါ့ စုံလို့ပါပဲ။ တချို့ကလည်း ပြောကြပြန်တယ်။ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ လက်ရှိနိုင်ငံတော်ကို တည်ဆောက်ထားတဲ့ ငါတို့ပိုင်ဆိုင်တဲ့ အခြေခံဥပဒေကြီးက ခန့်အပ်ရတာ။ တချို့တွေကလည်း  ငါတို့တွေမကြိုက်ရင် ကြိုက်တဲ့သူတွေ ခန့်အပ်လို့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေကလည်း ရှိပြန်။ တချို့ကျတော့ အဲဒီစာချုပ်ကြီးရဲ့ အခန်း(၁) စာမျက်နှာ တစ်ရွက်မဆုံးခင်မှာ ပါနေတဲ့ အချက်တွေကို သေချာဖတ်ကြဖို့က တစ်မျိုး။ အမျိုးမျိုးအဖုံဖုံနဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ် ရွေးချယ်ရေးက အဲဒီအချိန်တုန်းက ဒီနေ့ကမ္ဘာမှာ ကပ်ရောဂါအဖြစ်ကြေညာထားတဲ့ ကူးစက်မြန် ကိုဗစ်-၁၉ ထက် ပိုမိုပျံ့နှံ့သွားခဲ့မယ်ထင်တယ်။ 

သိပ်မကြာခင်အချိန်မှာပဲ အားလုံ းသိချင်နေတဲ့ ဖြေဆေးရလာပါပြီ။ ကာကွယ်ရေးဦးစီးချုပ်ရော ဒုချုပ်ကိုပါ  နောက်ထပ် သက်တမ်း ၅ နှစ်တိုးလိုက်ပြီဆိုတဲ့ ဆုံးဖြတ်ချက်ကို လေးလပတ် စစ်တိုင်းမှူးတွေ အစည်းအဝေး ဆုံးဖြတ်ချက်ကနေ အတည်ပြုလိုက်ကြတယ်ဆိုတဲ့ သတင်းပါ။ 

ဒီအကြောင်းအရာကို နောက်ပိုင်းပြန်ကြားလာတာကတော့ ၁၉၇၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာကနေ ခန့်အပ်ခဲ့တာလို့ ဆိုတယ်။ အဲဒါကို တချို့က ကကန ညွှန်ကြားလွှာလို့ခေါ်ကြတယ်။

တပ်မတော်ရဲ့ တာဝန်ရှိသူတွေရဲ့ပြောဆိုမှုအရတော့ ပြန်ထမ်းဝင်အရာရှိ ခန့်အပ်ခံရပြီဆိုရင် တပ်မတော်က လိုအပ်တဲ့ ကာလပတ်လုံးမှာ အမှုထမ်းဆောင်ခွင့်ရှိတယ်ဆိုတဲ့ အချက်က လက်ရှိခေတ်ကာလနဲ့  မညီတာကြောင့် ကန့်သတ်ချက်တချို့ လုပ်လိုက်တာလို့ဆိုတယ်။

အဲဒီကန့်သတ်ချက်ကြောင့် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ်တွေရဲ့ သက်တမ်းကာလကို ၆၅ နှစ် ထက် မပိုစေရဘူးဆိုပြီး ၂၀၁၄ ခုနှစ်မှာကတည်းက ပြင်ဆင်ခဲ့တာလို့ သိရတယ်။

တနည်းအားဖြင့်ပြောရမယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်သည် ၆၅ နှစ်ထိပဲ တာဝန်ယူရမယ်လို့ ဆိုလိုလိုက်တာပါ။  အဲဒီပြင်ဆင်ချက်ထဲမှာ ထပ်ပါနေတာက တခြားအဆင့်တွေရဲ့ စစ်မှုထမ်းခြင်းကို အသက် ၆၀ နှစ်ထက် မပိုစေရဆိုပြီးလည်း ပါရှိပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာပါသလဲဆိုတော့ အခန်း (၇) ပုဒ်မ ၃၄၂ မှာ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်လို့ အတိအကျ ရေးသားထားတာရှိပါတယ်။

အဲဒီတော့ NLD အစိုးရ လက်ထက်မှာ သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ထပ်မံအတည်ပြုပေးခဲ့သလားဆိုတာကို ပါတီအကြီးအကဲတွေကို တွေ့တိုင်း မေးကြည့်တဲ့အခါမှာလည်း  တိကျရေရာတဲ့ အဖြေမထွက်ခဲ့သလို  လက်ရှိအချိန်ထိ NLD အစိုးရကလည်း  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံစစ်စစ်ကို ခေါ်ယူခဲ့ခြင်းမရှိပါဘူး။ 

အတည်ပြုခဲ့သည်ဖြစ်စေ၊ အတည်မပြုလည်းရသည် ဖြစ်စေ ၁၉၇၃ ခုနှစ် (ကကန) ညွှန်ကြားလွှာကြောင့် ၂၀၂၁ ခုနှစ်သည် ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်ထမ်းဆောင်မှုသက်တမ်း အမှန်တကယ် ကုန်ဆုံးသွားတော့မှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် အစိုးရသည် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးကို အမှန်စင်စစ် ကာလုံအစည်းအဝေးခေါ်ယူပြီး ရွေးချယ်ခန့်အပ် ရတော့မှာပါ။

ဒီလိုဆိုရင် အနားယူသွားမယ့် ကာကွယ်ရေးဦးချုပ်သည် မြန်မာ့နိုင်ငံရေးထဲက ထွက်သွားမှာလား။ ဒါမှမဟုတ် တပ်မတော်က ခန့်အပ်ပိုင်ခွင့်ရှိတဲ့ ဒုသမ္မတ နေရာကို ဝင်ထိုင် မလားဆိုတာကလည်း  ကာကွယ်ရေးဉီးစီးချုပ်နဲ့ မတွေ့ရတော့ မေးလို့မရသေးပါဘူး။  

ပြီးခဲ့တဲ့ မေလအတွင်းမှာတော့ တပ်မတော်အတွင်း ရာထူးအပြောင်းအလဲတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာသလို လူငယ်မြို့ဆက်အသစ်တွေနဲ့ အနာဂတ် တပ်မတော်ကြီးကို ခေတ်မီတဲ့ တပ်မတော်ကြီးအဖြစ် လုပ်ဆောင်မယ်ဆိုတဲ့ သတင်းစကားတွေလည်း ထွက်လာပါတယ်။ အိမ်မပျော်ဘဲ ဟိုရောက် ဒီရောက် ရောက်တတ်ရာရာ တွေးနေတဲ့ ကျနော့်အတွေးတွေကလည်း အိပ်ချင်စိတ်ကြောင့် ထုံထိုင်းလာပြီ။ အချိန်ကလည်း လင့်လာပြီ။ တဝါးဝါးနဲ့လည်း သမ်းလာပြီ။

အိပ်ချင်စိတ်ကို အလိုလိုက်ဖို့ အိပ်ရာပေါ် ပစ်လှဲလိုက်ချိန်မှာ အရှိန်မထိန်းနိုင်ဘဲ ဘေးနားက စာအုပ်စင်ကို လက်နဲ့ ရိုက်ချလိုက်မိလို့ ဟောင်းနွမ်းနေတဲ့ သတင်းဂျာနယ်တစ်စောင် ပြုတ်ကျလာခဲ့တယ်။

ပြန်ကောက်တင်ဖို့ လုပ်လိုက်တဲ့အချိန်မှာ ၂၀၁၆ ခုနှစ် မေလ ၁၃ ရက်နေ့က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ သတင်းမီဒီယာကောင်စီတွေ  တွေ့ဆုံခဲ့တဲ့ သတင်းတစ်ပုဒ်ကို အမှတ်မထင်ဘဲ သတင်းစာမျက်နှာဖုံးမှာ ရေးသားထားတာကို တွေ့လိုက်မိတယ်။ 

တိုက်ဆိုင်လိုက်တာကွာဆိုပြီး ဖတ်ကြည့်လိုက်တဲ့အခါမှာ ကာကွယ်ရေးဦးစီးချုပ်က သူ့အနေနဲ့ ဇူလိုင်လမှာ အသက်ပြည့်မှာ ဖြစ်ပေမယ့် အငြိမ်းစားမယူသေးဘူးလို့ ပြောဆိုလိုက်တဲ့ အကြောင်းအရာပါ။

အဲဒီတော့ ဒီတစ်ကြိမ်မှာလည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ မီဒီယာကောင်စီက သူတွေ တွေ့ဆုံမိတဲ့အခါ ဒါမှမဟုတ် သတင်းထောက်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံတဲ့အခါမှာ ကာချုပ်သက်တမ်း ထပ်တိုး၊ မတိုးနဲ့ အငြိမ်းစားယူပြီး နိုင်ငံရေးလောကထဲမှာ ရှိနေမလားဆိုတာကို မေးကြည့်ဦးမယ်။

အောင်သူ(ဒေးဒရဲ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013