ရေးမြို့က လယ်နှင့်ဥယျာဉ်ခြံဧက ၈၀၀ ကျော် အကျိုးရှိမည့် နှစ်ရာချီရှိတံတား ပြန်ဆောက်
DVB
·
June 7, 2020
မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်အရှေ့ပိုင်းရှိ နှစ်ပေါင်းရာချီရှိပြီဖြစ်တဲ့ ညောင်ချောင်း ချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ တံတားကို ပြန်လည်ပြင်ဆင် တည်ဆောက်နေပါတယ်။
လယ်ဧကနဲ့ ဥယျာဉ်ခြံမြေဧက ၈၀၀ ကျော်ခန့်ကို အကျိုးဖြစ်ထွန်းစေတဲ့ အဲဒီတံတားကို လွှတ်တော်ဘတ်ဂျက် ကျပ်သိန်း ၅၀၊ ဒေသခံနဲ့ တောင်သူတွေရဲ့ ထည့်ဝင်ငွေတွေနဲ့ ဆောင်ရွက်နေတာပါ။
ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်အောင်မိုးက “ဒီတံတားက လက်လှမ်းမီသလောက် လူကြီးတွေ ပြောကြားချက်အရ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ ကျော်လောက်ကတည်းက ရှိနေတဲ့တံတားပါ။ အရင်က ရေးမြို့အရှေ့ပိုင်း ကျေးရွာတွေကို သွားဖို့အတွက် အဓိကပေါ့။ ခုတော့ လယ်ဧက ၃၀၀ ဧကနဲ့ ခြံဧက ၅၀၀ ကျော်လောက်ကို အကျိုးပြုနေတဲ့ တံတားတခုလည်းဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စာအုပ်စာပေ အထောက်အထားတွေအရ ရှေးဘုရင်မင်းများလက်ထက်ကပင် တည်ရှိခဲ့တဲ့ တံတားတစင်းဖြစ်ပြီး အခုအကြိမ်အပါအဝင် လက်ရှိနှစ်ပေါင်း ၉၀ အတွင်း ၄ ကြိမ်မြောက် ပြင်ဆင်ခြင်းဖြစ်တယ်လို့ ရေးမြို့သမိုင်းလေ့လာသူ ဦးလွင်က ဒီဗွီဘီကို ပြောပါတယ်။
“၁၉၃၂ က တစ်ကြိမ်၊ ၁၉၅၅ ပြည်တော်သာစီမံကိန်းတုန်းကနဲ့ ၁၉၇၂ နောက်ပိုင်းက တစ်ကြိမ် ခုကြိမ်ပါဆို ၄ ကြိမ်မြောက် အကြီးစားပြင်ဆင်ခြင်းပါ။ ၁၉၃၂ က ပြင်ဆင်ခဲ့တဲ့သူရဲ့ မြေးတွေ ခုထိ ရှိနေပါသေးတယ်။ ရေးမြို့ရဲ့အရှေ့ဘက်ကိုထွက်ဖို့အတွက် အစဉ်အဆက် တံတားတစင်း ဖြစ်ခဲ့ဖူးပါတယ်၊ ဖြစ်မြောက်အောင် ကူညီပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ချောင်းကိုဖြတ်ကျော်ထားတဲ့ တံတားတစ်စင်းအပါအဝင် လယ်ယာမြေထဲဖြတ်သွားမယ့် ကွန်ကရစ်တံတား အရှည်စုစုပေါင်း ပေ ၈၀၀ ကျော်လောက်ရှိပြီ။ အခုနှစ် မိုးမကျခင် အပြီးတည်ဆောက်သွားမယ်လို့ သိရပါတယ်။
ဝင်းနိုင်သက်