DVB Logo
Home
မြန်မာသတင်း
အင်းလေးကန်ဟိုတယ်ဇုန်နှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရ ရှင်းလင်း
DVB
·
May 8, 2013
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ဟိုတယ်စီမံကိန်းတွေ ဆောက်လုပ်မှုကြောင့် တိုးတက်ဖြစ်ထွန်းလာမယ့် အခြေအနေတွေကို ရှမ်းပြည်နယ်အစိုးရက ဌာနဆိုင်ရာတာဝန်ရှိသူနဲ့ ဒေသခံပြည်သူတွေကို  ဒီကနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်အစိုးရနဲ့ လုပ်ငန်းရှင်တွေက အင်းလေးကန်အရှေ့ဘက် သလဲဦးကျေးရွာ အုပ်စုထဲက မြေဧရိယာပေါင်း ၆၀၀ ကျော်မှာ ဟိုတယ်တည်ဆောက်ဖို့ စီမံနေတာဖြစ်ပြီး စီမံကိန်းကြောင့် တိုးတက်ဖွံ့ဖြိုးလာမယ့် အခြေအနေတွေ ရှင်းပြခဲ့တာပါ။

အဲဒီရှင်းလင်းပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကမကထပြုပြီး  ညောင်ရွှေမြို့ သလဲဦးကျေးရွာ အော်ရီယမ်  ပဲလေ့စ် ဟိုတယ်မှာ ဒီကနေ့ မွန်းလွဲ ၁  နာရီကနေ ညနေ ၄ နာရီထိ ကျင်းပသွားတယ်လို့ တက်ရောက်ခဲ့သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“သစ်တောရေးရာဝန်ကြီးဌာနက အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်ဇုန်တွေကို စနစ်တကျ အကောင်အထည်ဖော်ပေးစေချင်လို့ ဆောင်ရွက်တာ ဖြစ်ကြောင်း၊ စည်းနဲ့ကမ်းနဲ့ လုပ်ဆောင်ပါ့မယ်ပေါ့။”

အင်းလေးဒေသဖွံ့ဖြိုးရေးအတွက် ဟိုတယ်ဇုန်ကို စနစ်တကျအကောင်အထည်ဖော်ပေးပြီး စည်းနဲ့ ကမ်းနဲ့ ဆောင်ရွက်မှာဖြစ်သလို အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသွားကြောင်း ဦးဝင်းမြင့်က ပြောပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ကလည်း ခရီးသွားလာရေး လုပ်ငန်း ရည်ရွယ်ချက် ၁၁ ချက်နဲ့ အင်းလေးကန်ကို ရောက်ရှိလာတဲ့ ခရီးသွားဧည့်သည် တိုးတက်လာမှုအခြေအနေ၊ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ ဒေသခံတို့ရဲ့ လူမှုရေးကိစ္စတွေကိုလည်း အလေးထားဆောင်ရွက်ပေးဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်ကတော့ ဟိုတယ်ဇုန်တည်ဆောက်ရေး စီမံကိန်းနဲ့ လုပ်ငန်းစဉ်တွေအကြောင်းကို ရှင်းပြခဲ့တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

တက်ရောက်လာတဲ့ ဒေသခံတွေဘက်က ဘာမှ ပြောကြားတာမရှိပေမယ့် သတင်းထောက်တွေက လက်ရှိ ဒေသခံတချို့ ကန့်ကွက်ဆန္ဒပြနေတာနဲ့ ပတ်သက်ပြီး မေးမြန်းကြရာမှာ ဟိုတယ်ဇုန်မြေဧရိယာအတွက် ရွာသားတွေကို နစ်နာကြေးတွေ ထုတ်ပြီးခဲ့ကြောင်း၊ သွားမထုတ်သေးသူ ရွာသား ၁၈ ဦးအတွက် ဘဏ်မှာလွှဲပေးပြီးကြောင်း၊ လိုအပ်တာရှိရင် လွှတ်တော်အမတ်တွေကနေတဆင့် တင်ပြနိုင်ကြောင်း  တာဝန်ရှိသူတွေက ဖြေကြားခဲ့ပါတယ်။

ဟိုတယ်ဇုန်အတွက် မြေဧရိယာပေါင်း ၆၂၂ ဧက အသုံးပြုမယ်လို့ လျာထားပေမယ့် လမ်းအ၀င်အထွက်၊  လုံခြုံရေးနဲ့ ဘုန်းကြီးကျောင်းမြေတွေ ဖယ်လိုက်တော့ ဧက ၅၀၀ ကျော် ကျန်ရှိကြောင်း၊ မြေတွေကို ဇုန်အလိုက် အကွက်ရိုက်ပြီး ဧပြီ ၁၁ ရက်နေ့က မဲစနစ်နဲ့ ရောင်းချခဲ့တာ လုပ်ငန်းရှင် ၉၀ ဦးလောက် ၀ယ်ယူသွားပြီဖြစ်ကြောင်း၊ လက်ရှိကာလ ပေါက်ဈေး ၁ ဧကကို သိန်း ၇၅၀ ကနေ ၉၅၀ ထိရှိကြောင်း ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောသွားပါတယ်။

အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု ပင်မစီမံချက် လုပ်ငန်းစဉ်တွေမှာ ဒေသခံ အင်းတိုင်းရင်းသားတွေကို ယုံယုံကြည်ကြည် လုပ်ကိုင်ခွင့်ပေးစေချင်တယ်လို့ အင်းတိုင်းရင်းသားဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ နော်ဝေနိုင်ငံနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (ယူအန်ဒီပီ) က အင်းလေးကန်ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်ဒေါ်လာ ၂.၆ သန်း မြန်မာနိုင်ငံကို လှူဒါန်းထားပါတယ်။

အင်းလေးဒေသကို ၂၀၁၁ ခုနှစ်မှာ နိုင်ငံခြားသား ခရီးသည် ၂၉၈၇၂ ဦး၊ ၂၀၁၂ ခုနှစ်မှာ ၆၀၀၁၇ ဦး၊ ၂၀၁၃ ခုနှစ်မှာ ဧပြီလအထိ ၄၀၂၂၂ ဦးရေ လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွား ၀န်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013