DVB Logo
Home
မေးမြန်းခန်း
အရှိန်အ၀ါသုံးပြီး အခွန်မဆောင်သူတွေကို စိစစ်ဖော်ထုတ်သင့်တယ် – ဦးဟန်ထွန်း
DVB
·
May 9, 2013
အရှိန်အ၀ါသုံးပြီး အခွန်မဆောင်သူတွေကို စိစစ်ဖော်ထုတ်သင့်တယ် – ဦးဟန်ထွန်း
Donate to DVB

အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးအဖွဲ့အနေနဲ့ ပေးဆောင်ရမယ့် အခွန်ပမာဏထက် လျော့နည်း ပေးဆောင်နေသူတွေ၊ အခွန်ရှောင်နေသူတွေနဲ့ အရှိန်အ၀ါအမျိုးမျိုးသုံးပြီး အခွန်မဆောင်သူတွေကို စိစစ်ဖော်ထုတ်ပြီး ထိထိရောက်ရောက် လုပ်ဆောင်သွားဖို့ လိုတယ်လို့ စီးပွားရေးဆောင်းပါးရှင် ဦးဟန်ထွန်း (အခွန်)က ပြောပါ တယ်။

ဦးဟန်ထွန်း(အခွန်)ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လိုမြင်ပါလဲ။

“ကောင်းပါတယ်။ အခွန်စိစစ်ကြပ်မတ်ကောက်ခံမှုမှာ အားနည်းချက်တွေ ရှိနေတယ်။ ဒီလို အဖွဲ့ဖွဲ့ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်ဆိုရင် အခွန်ကောက်ခံမှုက ပိုမျှတမှန်ကန်လာမယ်လို့ မျှော်လင့်တယ်။”

ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အဖွဲ့အနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်မယ်လို့ မြင်ပါလဲ။

“အခွန်ပေးဆောင်လိုက်တဲ့ ပမာဏထိ မပေးဆောင်ဘဲနဲ့ လျော့နည်းပေးဆောင်နေတာတွေ၊ အခွန်ဆောင်သင့်ရဲ့သားနဲ့ မဆောင်ဘဲ ရှောင်နေတာတွေ၊ နောက် အရှိန်အ၀ါ အမျိုးမျိုးသုံးပြီး ဟန့်တားနေတာတွေ၊ နောက် တချို့လည်း တမင်သက်သက်ကို အခွန်ရှောင်နေတဲ့အလုပ် လုပ်နေတာ ရှိတယ်။ အဲဒါတွေကို ထိထိရောက်ရောက် စိစစ်ဖော်ထုတ် လုပ်ဆောင်သွားမယ်ဆိုရင် တိုးတက်ကောင်းမွန်ပြီး ပိုမျှတ မှန်ကန်လာမယ်လို့ မျှော်လင့်ရတယ်။”

အဖွဲ့ထဲပါသူတွေနဲ့ ပတ်သက်လို့ရော။

“မြင်တာ အတိုချုပ်ပြောရရင်တော့ အခွန်ကောက်ခံတဲ့ လုပ်ငန်းကို၊ အခွန်စည်းကြပ် ကောက်ခံမှု တာဝန်ကို လက်တွေ့တာဝန်ထမ်းဆောင်နိုင်ခဲ့သူ အရေအတွက် နည်းနေတယ်။ သီအိုရီပိုင်းလောက်ပဲ လေ့လာ နားလည် တတ်ကျွမ်းထားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ လက်တွေ့နဲ့ ကွာဟမှုတချက်ဖြစ်မှာ စိုးတယ်။ ပကတိအခြေအနေအရ အခွန်စီမံခန့်ခွဲရေး ဆိုတာ လက်တွေ့လုပ်ကိုင်ဖူးမှ အခွန်စီမံခန့်ခွဲရေးရဲ့ ဘယ်လိုနေရာမှာ အားနည်းချက်ရှိတယ်၊ အားသာချက်ရှိတယ်ဆိုတာတွေကို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ရှင်းလင်းစွာ သိနိုင်မယ်လို့တော့ ယူဆတယ်။”

အခွန်စိစစ်မယ့် လုပ်ရမယ့် တာဝန်ထဲပါတာက ၀န်ဆောင်မှုတို့၊ ကုန်သွယ်မှု၊ ထုတ်လုပ်မှုတို့ အခွန်ကောက်ခံမှု အဲအခွန်တွေမှာ. ဆရာတို့ သိသလောက် ကျနော်တို့ တိုင်းပြည်မှာ ဘယ်အခွန်တွေက တော်တော်လေးကို ရသင့်ရထိုက်ရဲ့သားနဲ့ မရတာတွေဖြစ်နေပါလဲ။

“အဲဒါက ပြောရတော်တော်ခက်တယ်။ အခွန်ဥပဒေမှာကိုက အားနည်းချက်တွေ ရှိနေတယ်။ ဟိုတုန်းက ကုန်ပစ္စည်းထုတ်လုပ်ရင် ထုတ်လုပ်တဲ့ စက်ရုံမှာတင် အခွန်ကောက်ပြီးသားဖြစ်နေတယ်။ အခုက ထွက်လာတဲ့ ကုန်စည် ဈေးကွက်ထဲရောက်မှ အခွန်တံဆိပ်ကပ်ရောင်းဆိုတော့၊ တချို့အခွန်တံဆိပ်တွေက အစစ်တွေမဟုတ်ဘူး။ သူတို့ဘာသာ ရိုက်နှိပ်ပြီးမှ ကပ်တာတွေ့နေရတယ်။ ဥပမာ- ဘီယာတမျိုးဆိုရင် မြန်မာပြည်ထဲမှာထုတ်လုပ်တယ်။ Export Only တံဆိပ်လုပ်လိုက်တယ်။ ဘီယာကို ပို့ကုန်လုပ်လိုက်ရင် အခွန်လွတ်တာကိုး။ သို့သော် export only လုပ်ထားတာတွေက ပြည်တွင်းမှာ ပျံ့နေတယ်လေ။ အဲဒါကလည်း တကယ့် စီးပွားရေးအဖွဲ့အစည်းကြီးတခုက လုပ်နေတာ။ အဲတော့ တာဝန်ရှိအဖွဲ့အစည်းကြီးတခုက အခွန်ရှောင်တာကို နမူနာပြ လုပ်နေတော့ အများပြည်သူအခွန်ဆောင်ကိစ္စကျတော့ လုပ်ကိုင်ရခက်တာပေါ့။”

ဒီအခွန်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပွဲတခုမှာ ပြောသွားတယ်။ မြန်မာပြည်မှာ အခွန်ယဉ်ကျေးမှု ထွန်းကားဖို့ လိုနေပြီ။ အဲဒီအပေါ် သုံးသပ်ပေးပါလား။

“အခွန်ယဉ်ကျေးမှုက အခွန်ကောက်ခံတဲ့အပိုင်းပေါ့။ အခွန်စည်းကြပ်ကောက်ခံတဲ့ ဌာနတွေ၊ အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေကပဲ အခွန်ယဉ်ကျေးမှုကို ထောင်ချင်လို့မရဘူး။ အခွန်ယဉ်ကျေးမှု ထူထောင်တယ်ဆိုတာက ကောက်ခံရရှိတဲ့ အခွန်တွေကို အများပြည်သူအကျိုးစီးပွားအတွက် ဘာတွေ ကျခံသုံးစွဲတယ်။ ရာခိုင်နှုန်းမြောက်မြားစွာဟာ ပြည်သူတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက် ကျခံသုံးစွဲနေတယ်ဆိုတာ ပေါ်လွင်ထင်ရှားအောင် ပြဖို့အတွက် တာဝန်ရှိတယ်။ ဒါက အစိုးရမှာ တာဝန်ရှိတယ်။ အခွန်ကလည်း တိုးကောက်တယ်၊ တဖက်ကလည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ သယ်ယူပို့ဆောင်ခတွေ၊ တယ်လီဖုန်းဆက်သွယ်ခတွေ၊ လျှပ်စစ်မီတာခတွေ အစရှိသဖြင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေကလည်း အခွန်တိုးကောက်တဲ့အတွက် သက်သာသွားသလားဆိုတော့ မသက်သာဘူး။ သူတို့ကလည်း တပြိုင်နက်တည်း လိုက်တိုးနေတယ်ဆိုတော့ ပြည်သူလူထုဟာ ငါတို့ရတဲ့ အခွန်တွေအတွက်ကို ငါတို့ အကျိုးခံစားခွင့် ရှိရပါလားဆိုတဲ့ အသိ မပေါ်လာနိုင်ဘူး။ အဲလို မပေါ်လာတဲ့အတွက် အခွန်ယဉ်ကျေးမှုဆိုတာကလည်း ဖြစ်မလာနိုင်တာပေါ့။

"အခွန်ယဉ်ကျေးမှု ပေါ်ပေါက်လာဖို့ဆိုတာကလည်း အခွန်ဘဏ္ဍာကောက်ခံတဲ့ အစိုးရကလည်း ပြည်သူတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ သက်သောင့်သက်သာနဲ့ လွယ်လွယ်ကူကူရရှိအောင် တိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ဒါမှသာ အခွန်ဆောင်ဖို့အတွက် လူတွေက စိတ်ဝင်စားလာမယ်။ အခွန်ဆောင်ခြင်းအားဖြင့် ငါတို့မှာ တနည်းနည်းတော့ လှည်ပြီး အကျိုးရှိတာပဲဆိုတဲ့ အတွေးမျိုး ၀င်လာမှာပေါ့။”

ပြည်ထောင်စုအစိုးရအဖွဲ့က မေ ၈ ရက်ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တဲ့ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့မှာ အဖွဲ့ဝင် ၉ ဦး ပါဝင်ပြီး သူရဦးသောင်းလွင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဘုတ်အဖွဲ့အနေနဲ့ ရသင့်ရထိုက်တဲ့ အခွန် ရ၊ မရ စိစစ်ဖို့၊ လက်ရှိအခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး လေ့လာ သုံးသပ် အကြံပြုဖို့ စတဲ့လုပ်ငန်းတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013