DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူးကို ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆို
DVB
·
June 5, 2020
ဒီးမော့ဆို စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူးကို ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆို
1 / 5
Donate to DVB

တောင်သူတွေထံက မြေငှားရမ်းခကောက်ခံပြီး နိုင်ငံတော်ကို ပြန်မသွင်းဘဲ အလွဲသုံးစားလုပ်ခဲ့တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းညွန့်ကို ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ တရားစွဲဆိုထားပါတယ်။ 

ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မှူး ဦးကျော်ကျော်က တရားလိုလုပ် တရားစွဲဆိုထားတာဖြစ်ပြီး ဇွန်လ ၄ ရက်က ဒီးမော့ဆိုမြို့နယ်တရားရုံးမှာ တတိယအကြိမ်မြောက်ရုံးထုတ်မှာ တရားလိုပြသက်သေ တစ်ဦးကို စစ်ဆေးခဲ့ပါတယ်။ 

ဦးဝင်းညွန့်ဟာ ဒီးမော့ဆိုမြို့နယ်ရှိ ပလဖ (ပြည်သူ့လုပ်အား နေရာချထားရေး) စိုက်ကွင်းမှာ တာဝန်ခံဖြစ်ပြီး အဲဒီ ပလဖ စိုက်ကွင်းကို နန်းမယ်ခုံ၊ ဘုရားဖြူ၊ အိုကေ၊ ဆီလီးဒုန်း ကျေးရွာက တောင်သူ ၁၉၀ ကျော်က  ၂၀၀၈ ခုနှစ်လောက်ကတည်းက အခကြေးငွေနဲ့ ငှားရမ်း လုပ်ကိုင်စားသောက်လာခဲ့တာလို့ ဘုရားဖြူကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလင်းမိုးက ပြောပါတယ်။ 

“ကျနော်တို့က ၂၀၀၈ ခုနှစ်မှာစပြီးတော့ တောင်သူ ၃ ဦးနဲ့စပြီးတော့ ငှားတာပေါ့၊ ဒီပလဖ စိုက်ကွင်းထဲမှာ။ ၂၀၁၀ မှာကျတော့ တောင်သူတွေအများကြီး သွားငှားကြတယ်။ စိုက်ကွင်းမှူး ဆီမှာ တိုက်ရိုက်ပေါ့နော်။ အခကြေးငွေနဲ့ ငှားကြတာပေါ့နော်။ ကျနော်တို့ ငှားတဲ့အချိန်မှာ အဲဒီမြေတွေက စားကျက်မြေတွေပဲ။ အဲဒီလယ်တွေ စားကျက်မြေဖြစ်တဲ့အတွက် ကျနော်တို့ဆီမှာ အရင်းနှီးတွေ အများကြီးကုန်တယ်။ ကျနော်တို့က ၁ ဧကကို ၄ သောင်း၊ ရေကြီးတဲ့နှစ်မှာကျတော့ ရေကြီးလို့ဆိုပြီး ၂ သောင်းခွဲ၊ ပြီးတော့ ၅ သောင်း၊ ၆ သောင်း၊ ၁ သိန်း အဲလို တဖြည်းဖြည်းတက်လာတယ်။ ၂၀၁၅-၁၆ မှာကျတော့ သူက အဲလို ပိုက်ဆံနဲ့မရတော့ဘူး။ မင်းတို့ စပါးနဲ့သွင်းမှရမယ်။ စပါးဆိုတော့ သူက အစိတ်ချိုးခေါ်တယ်။ ၂၅ တင်းချိုးပေါ့။ ၂၅ တင်းချိုးကျတော့ စပါးဈေးပေါ်မှာ မူတည်တယ်။ တစ်ဧက ဆိုရင် ၁၈၀၀၀၀၊ ၂၀၀၀၀၀ အဲလောက်ထိတက်တယ်။ ၅ ဧကဆိုရင် ၁၀ သိန်း အဲလို သွင်းရတယ်။ ”

ဒီလိုသွင်းလာရာကနေ ၂၀၁၈ ခုနှစ်မှာ တောင်သူတွေ လုပ်ကိုင်စားသောက်တဲ့လယ်မြေကို စိုက်ကွင်းမှူးက ပြန်လည်သိမ်းယူရာကနေ ရွာသားတွေက မကျေမနပ်ဖြစ်ပြီး အစိုးရဆီ တိုင်ကြားရာကနေ တောင်သူတွေဟာ ဒီမြေတွေပေါ်မှာ အခကြေးငွေပေးဆောင် လုပ်ကိုင်ရကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ 

လယ်မြေငှားရမ်းခ ပေးဆောင်တာနဲ့ပတ်သက်ပြီး  စိုက်ကွင်းမှူးကို နှစ်စဉ် လယ်ဧကအလိုက် အခပေးဆောင်ပေမယ့် စိုက်ကွင်းမှူးက အဲ့ဒီအခကြေးငွေကို နိုင်ငံတော်ကိုအခွန်မဆောင်ဘဲ အလွဲသုံးစားလုပ်ခဲ့တာကို လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်အဖွဲ့၊ တိုင်စာပစ်စာအဖွဲ့ လာရောက်စစ်ဆေးတဲ့အခါမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

“ဒီတိုင်စာပစ်စာအဖွဲ့ ဆင်းလာတယ်။ ကျနော်တို့ တောင်သူတွေကိုခေါ်ပြီး ဒီမှာပဲ မေးတာပဲ။ ခင်ဗျားတို့ ပလဖ စိုက်ကွင်းမှာ ငှားတဲ့တောင်သူတွေက အမှန်တကယ်ပိုက်ဆံပေးရလား။ ပေးရတယ်။ သက်သေရှိတယ်။ အဲဒီအချိန်မှာ သူ့လက်မှတ်နဲ့ပေးတဲ့ ဘောင်ချာတွေကို ကျနော်တို့ ထုတ်ပြတယ်။ အဆောင် ၃၀ ကျော်တယ်။ တချို့ဆိုရင် သူ ရုံးက စာရွက်နဲ့တရားဝင်၊ တချို့ကျတော့ ဒီလိုပဲ စလစ်ထုတ်ပြီး ရေးတဲ့စာလည်းပါတယ်။ ဒါပေမယ့် သူ့လက်မှတ် သူ့လက်ရေးပဲ။”

ဒီတွေ့ရှိချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တင်ပြခဲ့ရာ ကော်မရှင်အဖွဲ့ဝင်တွေကလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ လာရောက်စစ်ဆေးခဲ့ပါတယ်။ 

ပြည်ထောင်စု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးချက်အရ အဂတိမှု မမြောက်လို့  ပြည်နယ်စိုက်ပျိုးရေးဌာနကသာ အရေးယူဖို့ လွှဲပြောင်းပေးခဲ့ပါတယ်။ 

ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒီးမော့ဆိုမြို့နယ် ဒုတိယ ဦးစီးမှူး ဦးဝင်းညွန့်ကို ရာထူးချခဲ့သလို အလွဲသုံးစားလုပ်ထားတဲ့ငွေ ကျပ်သိန်း ၉၄၀ ကျော်ကို ပြန်သွင်းဖို့ ညွှန်ကြားခဲ့ပါတယ်။ 

ဦးဝင်းညွန့်ကတော့ ပြန်သွင်းရမယ့်ငွေ မသွင်းတဲ့အတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက သူကို ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ 

ရာဇသတ်ကြီးပုဒ်မ ၄၀၉ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ တသက်တကျွန်း ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013