မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ တိုက်ပွဲဖြစ်ပြီး အာဆာအကြမ်းဖက်အဖွဲ့ဝင် ၂ ဦး အသေဖမ်းမိ
DVB
·
June 5, 2020
မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ အာဆာ အကြမ်းဖက်အဖွဲ့တို့ ဇွန်လ ၄ ရက် ညနေက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး အာဆာအဖွဲ့ဝင် ၂ ဦးကို လက်နက် ၂ လက်နဲ့အတူ အသေဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
နယ်စပ်မှာလုံခြုံရေးဆောင်ရွက်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့ညနေ ၄ နာရီ ခွဲလောက်က နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၃၄ နဲ့ ဘီပီ-၃၅ အကြားအရောက်မှာ မီးဒိုက် ကျေးရွာဘက်မှ နယ်စပ်ခြံစည်းရိုးဘက် ထွက်ခွာလာတဲ့ အာဆာအကြမ်းဖက်သမား ၂၅ ဦးလောက်နဲ့ ညနေ ၅ နာရီအထိ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အာဆာအကြမ်းဖက်အဖွဲ့က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
တိုက်ပွဲအပြီးမှာ အာဆာအဖွဲ့ဝင် ပြောက်ကျားယူနီဖောင်းဝတ်အလောင်း ၂ လောင်းကို သေနတ် ၂ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ပြီး မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
ဒီတိုက်ပွဲမှာ မြန်မာနယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရသွားတယ်လို့ အမည်မဖော်လိုတဲ့ နယ်ခြားစောင့်အရာရှိတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"နယ်စပ်လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အာဆာ အကြမ်းဖက်အဖွဲ့နဲ့ ထိပ်တိုက်ထိတွေမှုဖြစ်ပြီး တိုက်ပွဲဖြစ်တာ အာဆာ ၂ ယောက် လက်နက် ၂ လက်နဲ့အသေရရှိခဲ့တယ်။ ဒီကတပ်ဖွဲ့ဝင် ၄ ဦးတော့ ဒဏ်ရာရရှိခဲ့တယ်။ မောင်တောဆေးရုံကို မနေ့ကည ပိုပြီး ဆေးကုသနေတယ်။"လို့ ပြောပါတယ်။
ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ အဆိုပါတိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက် ယာဘက်နဲ့ ယာခြေသလုံး လက်နက်ငယ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ ကျန်တစ်ဦးကတော့ ယာတင်ပါးလက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာတို့ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို မနေ့ည ၇ နာရီခွဲ လောက်မှာ တောင်ပြိုတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုပေးနေတယ်လို့လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သတင်းကို ကိုးကားပြီးသတင်းမှာ ဖော်ပြပါတယ်။
သတင်း - လင်းလက်၊ ဓာတ်ပုံ-CINCDS