DVB Logo
Home
မြန်မာသတင်း
တောင်ကြီးကွန်ပြူတာတက္ကသိုလ်တွင် Quarantine ဝင်နေသူများ စားသောက်ရေးအဆင်မပြေ ဖြစ်နေ  
DVB
·
June 4, 2020
တောင်ကြီးကွန်ပြူတာတက္ကသိုလ်တွင် Quarantine ဝင်နေသူများ စားသောက်ရေးအဆင်မပြေ ဖြစ်နေ  
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊  တောင်ကြီးမြို့နယ်ထဲမှာ ပြည်ပနဲ့ တခြားဒေသကနေ ပြန်လည်ဝင်ရောက်လာသူတွေကို ကိုဗစ်-၁၉ အခြေအနေစောင့်ကြည့်ဖို့ Quarantine  စခန်းတွေ ဖွင့်လှစ် ထားရှိရာမှာ နေရာတချို့မှာ  စားသောက်ရေး အဆင်မပြေဖြစ်နေပါတယ်။ 

အထူးသဖြင့် တောင်ကြီးမြို့အရှေ့ဘက် ကွန်ပြူတာတက္ကသိုလ်မှာလာပြီး  Quarantine ဝင်နေသူတွေဟာ စားသောက်စရိတ်အတွက် တစ်ဦးကို ကျပ်ငွေ ၄၀၀၀၀ စီ ပေးသွင်းထားရပေမဲ့ အစားအစာ လွန်စွာနောက်ကျပြီး ဒီကနေ့မှာဆိုရင် နေ့လယ်စာကို ညနေ ၄ နာရီကျော်ထိ မစားရသေးဘူးလို့  Quarantine ဝင်သူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“စားသောက်စရိတ်အတွက်  ဆယ်ရက်စာကို ကျပ် လေးသောင်း ချက်ချင်းသွင်းရတယ်။ တစ်နေ့ သုံးနပ်ကျွေးမယ်ပြောပြီး အခု ညနေ ၄ နာရီကျော်ပြီ နေ့လည်စာမစားရသေးပါဘူးရှင့်။ မနက်စာကို    မနက် ၉ နာရီတုန်းကစားထားတော့ ဆာနေကြပြီ။ လူကြီးတွေက အောင့်ထားလို့ရတယ်။ ကလေးတွေကဆာလို့ငိုနေပြီ၊ အပြင်ထွက်ဝယ်လို့လည်း မရဘူး။ တာဝန်ရှိသူတွေလည်း လာမကြည့်ဘူး။ သူတို့ကိုလည်း ထွက်ပြီးမေးလို့မရဘူး။ ကြိုးနီတွေနဲ့ တားထားတယ်။ မနေ့တုန်းကလည်း နေ့လယ်စာ ကို ညနေ ၃ နာရီ ညစာကို ည ၈ နာရီမှ စားရပါတယ်ရှင့်။”

သူတို့တတွေဟာ အများအားဖြင့် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး ကိုဗစ်-၁၉ ကာလ အလုပ်လက်မဲ့ဖြစ်လို့ ပြန်လာတာဖြစ်ပါတယ်။ မြဝတီဘက်ကနေပြန်ဝင်လာပြီး ရှမ်းပြည်မြောက်ပိုင်း ကို ဆက်သွားရမှာဖြစ်ကာ တာဝန်ရှိသူတွေက တောင်ကြီးမှာ Quarantine  ထားရှိတာပါ။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကြီးမြို့နယ်ရှိ Quarantine  စင်တာတွေမှာ  ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း ကိုဝင်းနိုင်စိုးကတော့ ကွန်ပြူတာ တက္ကသိုလ်စင်တာအတွက်နေ့လယ်စာကို နေ့ခင်း ၁၂ နာရီကတည်းက သွားပို့ခဲ့ပြီဖြစ်ကြောင်း၊ Quarantine ဝင်သူ တွေဟာ တချိန်တည်းရောက်လာတာမဟုတ်တဲ့အပြင် မြို့နဲ့ဝေးတော့ အစားအသောက်မှာရတာ  အခက်အခဲရှိနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“စားသောက်စားရိတ်က ကျနော်တို့ တရက်ကို  သုံးနပ်စာ ကျပ် လေးထောင်နှုန်းနဲ့ ကောက်ခံ ထားပါတယ်။ ဒီနေ့မှာ ပြည်နယ်အစိုးရက ပြန်ပြီးတော့ညှိနှိုင်းတာတွေရှိတယ်။ ပြည်နယ်အစိုးရက ရန်ပုံငွေချပေးရင် ကောက်ထားတဲ့ပိုက်ဆံတွေ ပြန်အမ်းပေးမှာပါခင်ဗျ။ ကွန်ပြူတာတက္ကသိုလ် Quarantine ဝင်တဲ့သူတွေအတွက် နေ့လယ်စာကို ဒီနေ့ ၁၂ နာရီ ပို့ပေးခဲ့ပါပြီဗျ။ ဘာကြောင့် မစားရသေးလဲဆိုတာ ပြန်မေးလိုက်ပါမယ်။ နောက်တခုက ကွန်ပြူတာတက္ကသိုလ်က မြို့ပြင်မှာ ဆိုတော့ ဝေးတယ်။ ထမင်းပို့တဲ့အခါ အခက်အခဲရှိတယ်ဗျ။ သူတို့က တသုတ်နဲ့တသုတ် ရောက်လာ ချိန်လည်းမတူဘူး။ ဘယ်ချိန်ရောက်မယ်မှန်းလည်း မသိဘူး။ ရောက်မှပဲ ထမင်းဆိုင်ကိုမှာပေးရတော့ ချက်ချင်းတော့မစားရဘူးပေါ့။ မနေ့ကဆိုရင် သူတို့မှာတဲ့ပစ္စည်းတွေ ထွက်ဝယ်ပေးရတာ အမျိုးအစားပေါင်း ၅၀၀ ကျော်၊ ၅ နာရီလောက်ကြာတယ်။ ည ၉ နာရီမှပြီးတယ်။  ကျနော်တို့ကလည်း စေတနာ့ဝန်ထမ်းတွေလေ၊ ဟိုတယ်အလုပ်သမားမှမဟုတ်ဘဲ။ အခုလို အခုရဆိုတာမျိုးတော့ အဆင်မပြေဘူးဆိုတာကို နားလည်ပေးစေချင်ပါတယ်။”

တောင်ကြီးမြို့နယ်ထဲမှာ လောလောဆယ် Quarantine စင်တာ ၂ ခုရှိဖွင့်ထားပြီး  မိုးကုတ်ဝိပဿနာကျောင်းတိုက်မှာ ၁၁၁ ဦး ၊ တောင်ကြီးကွန်ပြူတာတက္ကသိုလ်မှာ ၁၅၅ ဦး ရောက်ရှိပြီဖြစ်ကာ အများစုက  ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တဲ့သူတွေဖြစ်ပါတယ်။ 

ဇွန်လ ၅ ရက် နေ့မှာတော့ နောက်ထပ် ၂ နေရာ ကမ္ဘောဇဓမ္မာရုံ နဲ့ ဓမ္မဥယာဉ် ဘုန်းကြီးကျောင်းမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး Quarantine ဝင်လို့ ၅ ရက်ကြာရင် ကိုဗစ် -၁၉ ပိုး စစ်ဆေးပေးဖို့ရှိပါတယ်။ 

တောင်ကြီးမှာ Quarantine ဝင်သူတွေကို ဝန်ဆောင်မှုပေးဖို့ စေတနာ့ဝန်ထမ်း ၃ဝ ကျော်သာ ရှိကြောင်း ဒီကြားထဲ ပိုးသတ်ဆေးလိုက်ဖျန်းတာ ၊ ဝင်လာသူတွေကို စိစစ်နေရာချထားပေးတာ၊ နေရာထိုင်ခင်းစီစဉ်တာ၊ လိုအပ်တဲ့ပစ္စည်းအစားအသောက်တွေ ထွက်ဝယ်ပေးရတာ၊ နေရာတစ်နေရာနဲ့တစ်နေရာဝေးကွာတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ စေတနာဝန်ထမ်း ကိုဝင်းနိုင်စိုးက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013