စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးပြန်စ
Aung Ko Latt
·
June 4, 2020

ရပ်နားထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အစည်းအဝေးကို ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ ပြန်လည်စတင်ကျင်းပပါတယ်။
ဒီအစည်းအဝေးက ကိုဗစ်ကာလအတွင်း ဒုတိယအကြိမ်အဖြစ် ကျင်းပတာဖြစ်ပြီး ပထမနေ့မှာတော့ ကိုယ်စားလှယ်တွေကို အဝင်မှာ အပူချိန်တိုင်းတာ၊ ပါးစပ်၊ နှာခေါင်းစည်းတပ်ဖို့ ဆော်သြတာ၊ လက်မှတ်ထိုးဖို့ တန်းစီတဲ့နေရာမှာ Social Distancing နဲ့အညီ ဆောင်ရွက်ကြဖို့ စတာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဒီကနေကျင်းပတဲ့ အစည်းအဝေးမှာတော့ အစည်းအဝေးတက်ခွင့်ရှိသူ ၉၉ ဦးရှိတဲ့အထဲက ၈၉ ဦးတက်ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာမေးခွန်းတွေကို ကိုယ်စားလှယ် ၈ ဦးက မေးမြန်းခဲ့ကာ အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မတီကနေ ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။
ဒါ့အပြင် ရေဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မော်တော်ယာဉ်နဲ့ အခြားယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့် စနစ်တကျပြေးဆွဲရေးဥပဒေ(မူကြမ်း)ကိုလည်းတင်သွင်းခဲ့ပါတယ်။
လွှတ်တော်အစည်းအဝေးမစခင်မှာ မုံရွာမြို့ရှိ အမှတ် ၁၇ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (စစ်ကိုင်း)က တပ်ဖွဲ့ဝင်နေတွေကနေ မေလ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ(၂၀၂၀) လက်ကမ်းစာစောင်၊ စာအုပ်တွေကို လာရောက်ဝေငှခဲ့ပါတယ်။
ဒါ့အပြင် ဒေသတွင်း ချည်ထည်လုပ်ငန်းရှင်တွေကလည်း သူတို့စက်ရုံတွေမှာ ချုပ်လုပ်နေတဲ့ Mask တွေကို လွှတ်တော်ဥက္ကဋ္ဌထံ လာရောက်ပေးအပ် လှူဒါန်းခဲ့ပါသေးတယ်။ ယခုတကြိမ် ကျင်းပနေတဲ့ ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကတော့ ၁၀ ရက်ခန့်ကြာမယ်လို့ သိရပါတယ်။