
ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်ထဲမှာ ဩဂုတ် ၃၁ ရက်က အီလက်ထရောနစ်အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်မှုကို သွားရောက်စစ်ဆေးရာက အထောက်အထားမဲ့ မြန်မာလုပ်သား ၂၈ ယောက် နဲ့ တရုတ်အလုပ်ရှင် ၅ ယောက်တို့ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ချွန်းပူးရီးခရိုင်၊ ဘန့်ဘင်မြို့နယ် နောင်ရီရပ်ကွက်ထဲမှာ အီလက်ထရောနစ်အမှိုက်တွေကို စည်းကမ်းမဲ့စွာ စွန့်ပစ်ထားကြောင်း ရွာသားတွေက တိုင်ကြားထားတာကြောင့် နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးရုံး၊ စက်မှုဇုန်နဲ့ ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတွေဟာ ဩဂုတ် ၃၁ ရက်က သံသယအရှိဆုံးဖြစ်တဲ့ ဘန့်ဘင်မြို့နယ် နောင်အိရုန်းရပ်ကွက်ရှိ စက်ရုံတရုံကို သွားရောက် စစ်ဆေး ခဲ့တယ်။
အဆိုပါစက်ရုံမှာ အသုံးပြုပြီးသား အီလက်ထရောနစ်နဲ့ အလျူမီနီယံ အပျက်အစီး အမြောက်အမြား စက်ရုံထဲမှာ ပုံထားတာ တွေ့ရှိတဲ့အပြင် သံရည်ကျို ဘွိုင်လာအိုးတွေကော အိတ်ကြီးတွေထဲ ထည့်ထားတဲ့ စွန့်ပစ်ပစ္စည်းတွေပါ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်ရုံအလုပ်သမားတွေပါ စစ်ဆေးရာမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၈ ယောက် ကို တွေ့ရှိပြီး တရုတ်နိုင်ငံသား ၅ ယောက်က သူတို့ဟာ စက်ရုံတာဝန်ရှိသူတွေလို့ ပြောတာကြောင့် ကနဦးမှာ တရားမဝင်အလုပ်သမား ငှားရမ်းခန့်ထားမှုနဲ့ အရေးယူခံရမှာဖြစ်တယ်။
ဆက်လက်ပြီး စွန့်ပစ်အီလက်ထရောနစ်ပစ္စည်းတွေကို တင်သွင်းလာရာလမ်းကြောင်း၊ တင်သွင်းခွင့်၊ ဝယ်ယူခွင့်၊ ပိုင်ဆိုင်မှု၊ လုပ်ငန်းလိုင်စင်နဲ့ စွန့်ပစ်ပစ္စည်း ဖျက်ဆီးမှုတွေနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း တွေ ဆက်လက်စစ်ဆေးနေတယ်။ ဥပဒေနဲ့ မညီညွတ်တာတွေကို ဆက်လက်အရေးယူသွားမယ်လို့ တာဝန်ရှိသူက ပြောကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source : JoeCho News











