
ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ မောင်ရွှေလေးရေတပ်အနီးကို စစ်တပ်က ဩဂုတ် ၁၆ ရက် ဒီနေ့ ဗုံးကြဲတာကြောင့် ဒေသခံသားအဖ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့၊ ဒွါရာဝတီကွက်သစ် အမှတ် ၈ ရပ်ကွက်က ဦးမင်းနောင် (အသက် ၅၀ နှစ်)နဲ့ သမီးဖြစ်သူ မချွန်းလဲ့ရွှေရည် (အသက် ၁၄ နှစ်)တို့ သေဆုံးခဲ့ပြီး ဦးဇေယျာမင်းလွင် (အသက် ၄၅ နှစ်)၊ မရွှေမိုးယဲသော် (အသက် ၂ နှစ်)နဲ့ ဒေါ်ဌေးဌေးမော် (အသက် ၄၀ နှစ်)တို့ ဒဏ်ရာရခဲ့ပါတယ်။
သံတွဲမြို့နဲ့ မောင်ရွှေလေးရေတပ်အနီးဝန်းကျင်ကို ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချခဲ့တာပါ။
ဒေသခံတယောက်က “သံတွဲမြို့ပေါ်ကိုရော၊ မောင်ရွှေလေးရေတပ်အနီး ကွင်းဝိုင်းကိုရော ဂျက်နဲ့ ဗုံးကြဲတာ။ အံတော်နားက မြို့ပေါ် အမှတ် ၈ ရပ်ကွက်က လူတွေနေတဲ့နေရာကို ပေါင် ၅၀၀ ဗုံး တလုံးကျလို့ ၂ ယောက် ပွဲချင်းပြီးသေတယ်။ ၃ ယောက် ဒဏ်ရာပြင်းတယ်။ ဒါက လက်ရှိမနက်ပိုင်း သိရသလောက်ပါ။ လေယာဉ်က ဝဲတုန်း၊ ဆက်သွယ်မှုက သိပ်မကောင်းလို့ နောက်ထပ် ထိခိုက်သူတွေရှိလာနိုင်တယ်” လို့ ပြောပါတယ်။
မောင်ရွှေလေး ရေတပ်အနီး ကွင်းဝိုင်းဘက်မှာလည်း လူထိခိုက်သေဆုံးမှု ရှိနေတယ်လို့ သိရပေမဲ့ အတိအကျကိုတော့ စုံစမ်းနေတုန်း ဖြစ်ပါတယ်။
လက်ရှိမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာတွေကို အသေးစိတ်ရှင်းလင်းရေးတွေ ပြုလုပ်နေကြဆဲဖြစ်ပြီး နောက်ထပ် ထိခိုက်မှု ရှိ၊ မရှိကို စိစစ်နေကြဆဲဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သံတွဲနဲ့ ဂွကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်လို့ သံတွဲဒေသခံ လူမှုကူညီရေးလုပ်ပေးနေသူ အမျိုးသားတယောက်က ပြောပါတယ်။
ဩဂုတ် ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာတော့ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ အရပ်သားပြည်သူ ၁၆ ယောက် သေဆုံးခဲ့ပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ AA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ဩဂုတ် ၁၂ ရက်နေ့ ညမှာလည်း အာရက္ခဒေသနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ချင်းပြည်နယ်၊ ဆမီးမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၃ ရက် ညပိုင်းကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ကိုင်းခုံကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး ၂ ယောက် အပါအဝင် ၈ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်အာဏာရှင်တပ်က ဩဂုတ်လဝက်အတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၂၇ ယောက်အထိ ရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူဟာလည်း ၃၈ ယောက်အထိ ရှိပါတယ်။
စစ်အာဏာရှင်တပ်ဟာ AA နဲ့ တိုက်ပွဲတွေမှာ အထိနာနေလို့ အာရက္ခဒေသတွင်းက အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ကိုလည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။











