DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်သည့်အပေါ်မူတည်ဟု ကော်မရှင် ဥက္ကဋ္ဌ ပြော 
DVB
·
June 3, 2020
၂၀၂၀ ရွေးကောက်ပွဲ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်သည့်အပေါ်မူတည်ဟု ကော်မရှင် ဥက္ကဋ္ဌ ပြော 
Donate to DVB

လာမယ့် အထွေထွေရွေးကောက်ပွဲကျင်းပမယ့်နေ့ရက်ကို  ကိုဗစ်-၁၉  ကပ်ရောဂါ ထိန်းချုပ်နိုင်တဲ့ အခြေအနေအပေါ်မူတည်ပြီး သတ်မှတ်ကြေညာမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ 

ဒီနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာလုပ်တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်နဲ့ မဲရုံတွေ သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာပါ။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ရွေးကောက်ပွဲမကျင်းပမီ ၂ လနဲ့ ၂၄ ရက်အလိုမှာ ကြိုတင်ကြေညာပေးခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း ၄ လ ကြိုတင်ကြေညာပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လက်ရှိအချိန်မှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပမယ့်ရက်ကို လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်တဲ့အပေါ်မူတည်ပြီး သတ်မှတ်ကြေညာသွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ တတိယအကြိမ် လွှတ်တော်သက်တမ်း အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာ ကျင်းပပေးရမယ်လို့လည်း ပြောပါတယ်။

ပြည်ပနိုင်ငံတွေကနေ ပြန်လာနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ဒေသအသီးသီးကို ပြန်ရောက်လာနေပြီး သူတို့ကိုလည်း အခြေခံမဲဆန္ဒရှင်စာရင်းမှာ စိစစ်ထည့်သွားဖို့လိုသလို တပ်မတော်သားတွေနဲ့ အတူနေအိမ်ထောင်စုဝင်တွေရဲ့ အခြေခံမဲဆန္ဒရှင် စာရင်းရရှိရေး အတွက်ကို လည်း ညှိနှိုင်းဆောင်ရွက်ထားပြီလို့ ဦးလှသိန်းက ပြောပါတယ်။

ကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေနဲ့အညီ မဲဆန္ဒနယ်တွေ လျာထားသတ်မှတ်နိုင်ဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကနေရတဲ့ လူဦးရေစာရင်းတွေကို ကော်မရှင်က ပေးပို့ထားပြီး ကြိုတင်ပြင်ဆင်ထားဖို့ မှာကြားထားပြီလို့ ဆိုပါတယ်။

ကော်မရှင်အဖွဲ့ခွဲတွေက တင်ပြထားတဲ့မဲဆန္ဒနယ်တွေကို ကော်မရှင်က စိစစ်ပြီး သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်တွေ အတည်ပြုပေးမှာ ဖြစ်သလို တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွေ သတ်မှတ်နိုင်ဖို့အတွက်လည်း ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ဒီအစည်းအဝေးကို မနက်ဖြန် ဇွန် ၄ ရက်မှာလည်း ဆက်လက် ပြုလုပ်ဦးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013