DVB Logo
Home
မေးမြန်းခန်း
လယ်ယာကဏ္ဍ သွင်းအားစုများ အခွန်ကင်းလွတ်ခွင့်ပြုသည့်အပေါ် မေးမြန်းချက်
DVB
·
May 8, 2013
လယ်ယာကဏ္ဍ သွင်းအားစုများ အခွန်ကင်းလွတ်ခွင့်ပြုသည့်အပေါ် မေးမြန်းချက်
Donate to DVB

ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးစတဲ့ လယ်ယာစိုက်ပျိုးရေးသွင်းအားစုတွေ တင်သွင်း ထုတ်လုပ်ရောင်းချခြင်းအပေါ် သက်ဆိုင်ရာက အခွန်ကင်းလွတ်ခွင့် ပြုနေပေမယ့် အဲ့ဒီသွင်းအား စုတွေရဲ့ ဈေးနှုန်း သိသိသာသာ ကျဆင်းခြင်း မရှိတာဟာ လယ်သမားတွေ ဓာတ်မြေဩဇာ မသုံးစွဲနိုင်တာကြောင့် ဖြစ်တယ်လို့ သမ္မတရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦးက ပြောပါတယ်။ တောင်သူလယ်သမားတွေ သီးနှံဈေးကောင်းရဖို့ ဖန်တီးပေးနိုင်မှ ဓာတ်မြေဩဇာလို သွင်းအားစုတွေ သုံးလာနိုင်ကြမယ်လို့ ဆိုပါတယ်။ ဒီခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးတင်ထွဋ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဈေးကွက်ထဲမေးကြည့်တော့ အခွန်ကင်းလွတ်ခွင့်ပြုတဲ့ ပြီးခဲ့တဲ့ ၁ နှစ်တာ ကာလအတွင်းမှာတော့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး အစရှိသဖြင့်ပေါ့ ဒါတွေဟာ သိသိသာသာ ဈေးနှုန်းကျဆင်းသွားတာ မတွေ့ရပါဘူးတဲ့။ ဒါ ဘာကြောင့်၊ ဘယ်လိုဖြစ်နိုင်လဲ အဲကိစ္စတွေဟာ။ အန်ကယ်တို့ ဘယ်လိုမြင်ပါလဲ။

“ဓာတ်မြေဩဇာလုပ်ငန်းကတော့ တော်တော်ကျယ်ပြန့်တယ်။ ဈေးကွက်စီးပွားရေးနဲ့ သွားတဲ့အခါမှာ၊ အစိုးရကလည်း မရောင်းတော့ဘူး၊ ဘာမှ ထိန်းချုပ်တာမရှိဘဲ ရောင်းတဲ့ဝယ်တဲ့သူတွေ ပိုရောင်းဝယ်နိုင်အောင် အခွင့်အရေးတွေ ဖန်တီးပေးတယ်။ အရေးကြီးဆုံးက ဈေးကွက်သဘောအတိုင်း အပြိုင်အဆိုင်လေးတွေ ရှိလာဖို့လိုတယ်။ နောက် ဈေးကွက်ထဲမှာ ဓာတ်မြေဩဇာရောင်းတာက တောင်သူလယ်သမားတွေရဲ့ ၀ယ်လိုအားပေါ်လည်း မူတည်တယ်။ ၀ယ်လိုအားမရှိရင်လည်း တင်သွင်းသူတွေဘက်က အခက်အခဲရှိတယ်။ သွင်းလာလိုက်၊ ရောင်းလိုက်နဲ့ မြန်မြန်ရောင်းနိုင်ဖို့လိုတယ်။ ကျနော် ဟိုတလောက ဓာတ်မြေဩဇာဖြန့်တဲ့သူတွေနဲ့ ဆွေးနွေးကြည့်တော့ ဒီနှစ်တော့ မနှစ်ကထက်စာရင် ၀ယ်လိုအားတက်လာတယ်။ အဓိကက ဆန်စပါးစိုက်သူတွေများတာကို။ ဆန်စပါးစိုက်သူတွေက ပို့ကုန်တွေ မရှိတော့ အကြွေးတင်တယ်။ မြေဩဇာဝယ်လိုအားမရှိဘူးပေါ့။ အခုဆို ပို့ကုန်လည်း တက်လာတယ်၊ ဈေးနှုန်းလည်း တက်လာတော့ ၀ယ်လိုအားကောင်းတော့ ရောင်းရတာလည်း သွက်လာတော့ ဈေးကွက်ထဲ အပြိုင်အဆိုင်လေးတွေဖြစ်လာဖို့ လိုပါတယ်။”

ဥပမာ ဗီယက်နမ်မှာဆို ၁ ဧက ကို မြေဩဇာ ၄ အိတ်လောက်သုံးနိုင်ချိန်မှာ ကျနော်တို့ လယ်သမားက ၁ အိတ်လောက်ပဲ သုံးနိုင်တော့ အဲအပိုင်းမှာရော ဘာတွေ လိုအပ်ချက် ရှိနေပါလဲ။

“အဓိကလိုအပ်ချက်က ချေးငွေလေးတွေ လုံလုံလောက်လောက်ရဖို့ လိုတာပေါ့။ နောက် မြေဩဇာကို များများသုံးလာနိုင်လောက်အောင် ကောင်းကောင်းရှိတဲ့ သီးနှံဈေးနှုန်းရဖို့ လိုတာပေါ့။ အခု မြေဩဇာ ၁ အိတ်လောက်ပဲ ခုနကပြောတာက ယေဘုယျအားဖြင့် စပါးစိုက်သူတွေပါ။ ဂေါ်ဖီ၊ ငရုတ်၊ နှမ်းတို့လို ငွေကောင်းကောင်းရနိုင်တာ စိုက်သူတွေကတော့ သုံးနိုင်တာပေါ့။ သဘောကတော့ အဲဒါပါ။ ရောင်းတဲ့သီးနှံ ဈေးနှုန်းမြင့်လာရင် သူတို့ ပိုသုံးလာနိုင်မယ်။ နောက် ရာသီဥတုမကောင်းဘဲ ဖောက်ပြန်တာတွေရှိခဲ့တော့ အဲတုန်းက အကြွေးတင်ခဲ့တာတွေလည်းရှိတော့ သွင်းအားစုကို ချွေတာသုံးရတာပေါ့၊ သူတို့အင်အားနဲ့။ နောက်တခုက တခါတလေ မြေဩဇာကုမ္ပဏီကပဲ ဖြစ်ဖြစ်၊ စာချုပ်နဲ့ လယ်လုပ်သူတွေကပဲဖြစ်ဖြစ် မြေဩဇာပိုသုံးချင်လား၊ ယူမလားဆိုလည်း သူတို့က မယူရဲဘူး။ သူတို့မှာ risk ရှိသွားတယ်။ မြေဩဇာ ၁ အိတ်သုံးပျက်သွားရင် ၁ အိတ် ဆုံးရှူံးမယ်။ ၃ အိတ်သုံးပျက်သွားရင် ၃ အိတ်ဆုံးမယ်လေ။ ဒါဆို ပိုအကြွေးတင်မယ်။ အဲတော့ ချေးငွေရအောင်လုပ်ပေးနိုင်ဖို့ လိုတယ်။”

မြန်မာပြည်ဈေးကွက်မှာ ဈေးချိုချိုရတဲ့ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ၊ သွင်းအားစုတွေ ၀ယ်သုံးနေကြတော့ အဲဒါတွေကလည်း အတုတွေဖြစ်နေတဲ့ ပြဿနာတွေလည်း ကြားရတယ်။ အဲအပိုင်းကိုလည်း နည်းနည်းပြောပြပေးပါ။

“အဲဒါမှန်ပါတယ်။ ၂ ပိုင်းပေါ့။ တရားမ၀င် နယ်စပ်ကသွင်းလာတဲ့ မြေဩဇာတွေမှာ အရည်အသွေး မပြည့်မီတာတွေ ရှိတယ်လို့ စစ်ဆေးတွေ့ရတယ် ပြောတယ်။ ပြည်တွင်းမှာလည်း ဒါနဲ့ ပတ်သက်လို့ မသမာသူတွေ တွေ့တယ်။ အိတ်အရောင်လှလှလေးတွေနဲ့ A to Z အကုန်ရေးထားပြီးတော့ ဘာမှ အာဟာရမပါတဲ့ အတုတွေလုပ်ရောင်းတာလည်း အများကြီး ရှိတယ်လေ။ ဓာတ်မြေဩဇာဥပဒေကို ပိုပြီး ခိုင်မာအောင် လုပ်ပေးဖို့လိုတယ်။ အခု အားတက်ဖို့ကောင်းတာက စုံစမ်းရေးကတယောက်က သွင်းအားစုတွေ ဖြန့်ချိတဲ့အသင်း၊ စိုက်ပျိုးရေးဌာနနဲ့ ပေါင်းပြီး နမူနာယူစစ်ဆေးတာ၊ အတုတွေ လိုက်ဖမ်းတာလုပ်နေတာ ဒါတွေကို ကျနော်တို့က ဒီထက်ပိုခိုင်မာအောင် လုပ်ပေးရမယ်။ ဥပဒေက ရှိပြီးသားလေ။ နမူနာတွေလိုက်ယူပြီဆိုရင် ဘယ်ဓာတ်ခွဲခန်းမှာ စစ်ဆေးမလဲ။ ဓာတ်ခွဲခန်း အထောက်အပံ့ပစ္စည်းတွေလည်း ကျနော်တို့ဆီမှာ ချို့တဲ့နေသေးတယ်။”

အခု ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ လယ်ယာသုံးစက်ကိရိယာတွေ အခွန်ကင်းလွတ်ခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး ဖြည့်စွက်ဆွေးနွေးလိုတာရှိရင် ဆွေးနွေးပေးပါ။

“ကျနော်တို့ဆီမှာ သွင်းအားစုပိုင်းမှာက ၂ မျိုးပေါ့။ တစ်က မျိုးစေ့နဲ့ နှစ်က ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးပေါ့။ နောက် စက်မှုလယ်ယာပေါ့။ သီးသီးသန့်သန့် မျိုးစေ့ကုမ္ပဏီတွေ ပေါ်လာဖို့လိုတယ်။ ပုဂ္ဂလိကကုမ္ပဏီတွေ မျိုးစေ့ကိုဖြန့်ချိတဲ့ ကုမ္ပဏီဆိုတာ မရှိသေးဘူး။ တကယ့်ကို ဦးဆုံးအနေနဲ့ မျိုးစေ့ထုတ်တဲ့ကုမ္ပဏီတွေ လာထောင်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအောက်မှာ နိုင်ငံခြားကုမ္ပဏီတွေကို အခွန်လျှော့ပေါ့ခွင့်ပေးသလို၊ သီးနှံဈေးနှုန်းမက်လုံး ပေးတာမျိုးနဲ့ များများ အားပေးဖို့ လိုတယ်။ မြေဩဇာကတော့ အခုစပြီး အခွန်တွေလျှော့ပေးပြီပေါ့။ ရေရှည်မှာ အပြိုင်အဆိုင်တွေများလာတာနဲ့ ဈေးတွေကျသွားဖို့လည်း ရှိတယ်။ ထွန်စက်တွေ လည်း အလားတူပဲ တောင်သူအငယ်စားတွေကတော့ ထွန်စက်များများပိုင်ဆိုင်ဖို့ အခွင့်အရေး နည်းသေးတယ်။ တဖြည်းဖြည်း တတ်နိုင်လာအောင် ၀ိုင်းအားပေးဖို့ လိုတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013